Tin Min Latt
မြန်မာပြည်မှာ ပညာရေးစနစ်တွေ နိမ့်ကျလို့ ပညာရေးကို ပြုပြင်ရမယ်ဆိုပြီး အားလုံးက ၀ိုင်းပြော ၀ိုင်းတောင်းဆို နေကြတာတွေ့ ရပါတယ်။ ဒါပေမယ့် ပညာရေး စနစ်က ဘယ်လို နိမ့်ကျနေတယ်၊ ဘယ်လိုပြုပြင် သင့်ပါတယ်လို့ ၀ိုင်းပြီး အကြံပြုကြတာတော့ အလွန်နည်းနေပါသေးတယ်။
ပညာရေးစနစ်နိမ့်ကျတယ် ဆိုတာ ဘာကိုပြောတာပါလဲ။ ကျောင်းတွေ၊ တက္ကသိုလ်တွေကနေ အိုင်းစတိုင်းလိုလူမျိုးတွေ
လက်ရှိအနေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အရည်အချင်းပြည့်စုံတဲ့ ဆရာ အရေအတွက် နည်းနေတာတွေ၊ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်နေတာတွေ နည်းနေတာတော့မှန်ပါတယ်။ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ သိပ္ပံပညာရှင်တွေ တီထွင်သူတွေကို ဘယ်တက္ကသိုလ်ကမှ မွေးဖွားပေးခဲ့တာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ကိုယ်တိုင် မွေးဖွားခဲ့တာပါ။ တစ်ချို့ဆို ကျောင်းတောင် ကောင်းကောင်း မတက်ခဲ့ရသလို တစ်ချို့ဆိုရင်လည်း တက္ကသိုလ်တောင် ပြီးအောင် မတက်ခဲ့ ကြပါဘူး။
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ပညာရေးအတွက် မိဘ၊ ဆရာနှင့် ကျောင်းသားမှာ တာဝန်အပြည့်ရှိတယ်ဆိုတာ အမြဲသတိရဖို့အတွက် ကျောင်းတံခါးတွေမှာ အခုလိုပုံတွေ တပ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ပညာရေးစနစ်ကို ဖျက်ဆီးနေတာ ဒီလူသုံးမျိုးပဲ ဖြစ်ပါတယ်။ အစိုးရလည်း ပါခဲ့တာပါပဲ။
ဆရာဖြစ်တိုင်းလည်း ကျောင်းသားထက် တော်မယ်လို့ အာမခံလို့ မရပါဘူး။ ဆရာထက် တော်တဲ့ ကျောင်းသားတွေရှိမှ ပညာရေးနဲ့ တိုင်းပြည်လည်း ပိုတိုးတက်လာမှာပေါ့။ ဆရာတွေမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဒေါက်တာ သန်းထွန်းစကား ငှားပြောရမယ်ဆိုရင် တက္ကသိုလ်က ဆရာလုပ်နေပြီး သုတေသန မလုပ်ချင်ရင် ဘာဆရာလည်းလို့ ပြောချင်ပါတယ်။
အခုဆို စာမေးပွဲကျလို့ ကျောင်းထုတ်ခံရတာတွေ၊ ၇၅% မပြည့်လို့ ကျောင်းထုတ်ခံရတာတွေကို ကျယ်ကျယ်လောင်လောင် အော်လာကြတာတွေ့တော့ ပညာရေးအတွက် ပိုပြီးတော့တောင် စိတ်ပူသွားသေးတယ်။
မိဘတွေကလည်း ကိုယ့်သားသမီးရဲ့ အမှားကို မမြင်ပဲ တက္ကသိုလ်တွေကို ပြဿနာရှာနေတာတွေလည်း တော်တော်များလာတယ်။ ဒီကြားထဲမှာ သတင်းဖြစ်ရင် ပြီးရောဆိုတဲ့ မီဒီယာသမားတွေ၊ လွှတ်တော်ထဲ အရှက်မရှိ အဆိုတင်သွင်းရဲတဲ့သူတွေက ပညာရေးစနစ်ကို ပြုပြင်ကြပါဆိုတော့ ငါတို့ ပညာရေးလည်း နောက်ပိုင်းမှာ game ဆော့တဲ့နေရာ၊ အပျင်းကြီးပြီး အိပ်နေတဲ့နေရာတွေကို ဘွဲ့လက်မှတ် လိုက်ပေးရတော့မယ် ထင်ပါတယ်။
အသုံးမကျတဲ့ လူတွေ ၀န်ကြီးလုပ်သွားတုန်း ပြင်သွားတဲ့ ပညာရေးစနစ်ကို ပြန်ပြင်တော့လည်း မှားတယ်ပြောတယ်။ မပြင်ပြန်တော့လည်း မပြင်လို့ဆိုပြီး ပြောကြပြန်တယ်။ ဒါမေး ဒါဖြေဆိုတာ ကျောင်းသားတွေအတွက် အကျိုးမရှိပဲ ပညာရေးစနစ်ကို နိမ့်ကျသထက် နိမ့်ကျစေပြီး ဆရာတွေရဲ့ ကိုယ့်ကျင့် သိက္ခာကို ပျက်ပြားစေတာ အမှန်ပါပဲ။ အခု unseen မေးဖို့ ကြိုးစားတော့ စာမေးပွဲ အကျများတယ်ဆိုပြီး အော်ကြပြန်တယ်။ အရူးထပြီး ထွင်ခဲ့တဲ့ ဆပ်ပလီဆိုတာ ကျောင်းသားတွေအတွက် မလိုအပ်လို့ ပြန်ဖြုတ်တော့လည်း အော်ကြတာပဲ။ ဆေးကျောင်းလို ကျက်စာကို အဓိကထားတဲ့ ကျောင်းသားတွေ အတွက်ကတော့ အမှန်တကယ် လိုအပ်လို့ ထားပေးထားတော့ ၀န်ကြီးဌာန မတူလို့ အဆင့်အတန်း ခွဲခြားပါတယ်ဆိုပြီး ဥာဏ်ကြီးရှင်တွေက အော်ကြပြန်ရော။
ကျောင်းသားတစ်ယောက်ရဲ့ ပန်းတိုင်ဟာ အနည်းဆုံးတော့ စာမေးပွဲ အောင်ဖို့ပဲ မဟုတ်ပါလား။ အခုတော့ တစ်ချို့ ကျောင်းသားတွေက ကျောင်းတောင် မှန်မှန် မတက်ကြလို့ စာမေးပွဲတောင် ဖြေခွင့် မရတော့လည်း မိဘတွေကို သနားပါတယ်ဆိုတဲ့ အသံတွေ အော်လာတယ်။ တစ်နှစ် တစ်နှစ် တက္ကသိုလ် စားရိတ်တွေများတဲ့အတွက် မိဘတွေနစ်နာပါတယ်ဆိုပြီး အော်ကြပြန်ရော။ ကျောင်းသားကိုယ်တိုင်က ကိုယ့်မိဘအတွက်တောင် ကိုယ်မကြည့်ခဲ့ပဲ ကိုယ့်ဘာသာဒုက္ခရောက်မှ မိဘကို ဆွဲသွင်းလာတာ တရားပါ့မလားဗျာ။
မိဘကလည်းမိဘ၊ ဆရာကလည်းဆရာ၊ ကျောင်းသားကလည်း ကျောင်းသား၊ အစိုးရကလည်း အစိုးရ အားလုံးမှာ တာဝန်ရှိနေကြတဲ့ အချိန်မှာ ကိုယ့်တာဝန် ကိုယ်ကြေမှ ကျန်သူကို အပြစ်တင်ကြပါလို့ ပြောချင်ပါတယ်။
ကိုယ့်ကို ကိုယ်တန်ဖိုးထားတက်သူတွေ၊ တိုးတက်ချင်တဲ့လူတွေအတွက် သက်ရှိဖြစ်တဲ့ ဆရာတွေ၊ သက်မဲ့ဖြစ်တဲ့ တက္ကသိုလ်တွေကို အားကိုးနေရုံနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်ရမှာ မဟုတ်ပါဘူး။ ကိုယ်ကိုတိုင် ကြိုးစား အားထုတ်မှ ရမှာပါ။
တန်ဖိုးဆိုတာ စာရွက်ပေါ်မှာရှိတာ မဟုတ်ပါဘူး၊ ပင်ကို အရည်အချင်းကို ထုတ်ဖော် အသုံးချတက်တဲ့ သူရဲ့ စိတ်နှင့်ခန္ဒာကိုယ်ထဲမှာ ရှိနေတာပါ။
တန်ဖိုးမရှိတဲ့ စာရွက်ကလေး တစ်ခုကို မက်မောတွယ်တာစိတ်တွေ စွန့်နိုင်ပြီး အမှန်တကယ် ရှိနေသော တန်ဖိုးများကို ဖော်ထုတ်နိုင်ကြပါစေ။
(AERO)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။