ဂျပန်ပညာရေးအကြောင်း တစေ့တစောင်း
ဂျပန်နိုင်ငံဟာ သင်္ချာနဲ့ စာပေစွမ်းရည်မှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ပညာရေး အဆင့်မှာ တောင်ကိုရီးယားပြီးရင် ဒုတိယနေရာမှာ ရှိနေတယ်။ ကမ္ဘာ့နံပါတ် (၂) အဆင့်မှာ ရှိနေတဲ့ နိုင်ငံတစ်နိုင် ဖြစ်တာကြောင့် သူတို့ ဘယ်လို သင်ကြားနေကြတယ်ဆိုတာ လေ့လာသင့်ပါတယ်။
သူတို့ သင်္ချာ ဘယ်လိုသင်
မူလတန်းသင်တဲ့ ဆရာမတစ်ဦးက “ကျွန်မတို့ကလေးတွေက ၂၁ နဲ့ ၁၃ မြှောက်ရင် ဘယ်လောက်လဲဆိုတာ တစ်မိနစ်လောက်အတွင်း စိတ်တွက်နဲ့ ပြောကောင်းပြောနိုင်ပါတယ်။ ၁၂၃ နဲ့ ၃၂၁ ကို မြှောက်ခိုင်း ရင်တော့ သူတို့ ရတော့မှာမဟုတ်ဘူး။
သူတို့ ချတွက်ကောင်း တွက်မယ်။ ဒါမှမဟုတ် ဂဏန်းပေါင်းစက် ကိုင်ကောင်းကိုင်မယ်။ ကလေးတွေကို ခက်တာတွေ စိတ်တွက်နဲ့ တွက်တတ်အောင် မသင်ပေးတော့ဘူး။ အဖြေ ရှာတဲ့နည်းတွေ သိနေမှ လွယ်တာကို ခက်အောင် မလုပ်ခိုင်းတော့ဘူး။ အသက် ၅ နှစ်အရွယ် ကလေးတွေကို အလီလည်း မကျက်ခိုင်းဘူး။ ဘယ်လို တွက်ရတယ်ဆိုတာ ကစားရင်းသင်တယ်။ ပုံဆွဲရင်းသင်တယ်။ သင်္ချာအခြေခံကြောင့် ကလေးတွေ စိတ်အနှောင့်အယှက် မဖြစ်စေရဘူး”
မှတ်သားစရာကောင်းတဲ့ စကားပါပဲ။ ကလေးတွေကို သင်္ချာသင်ရင် ပျော်ရွှင်စရာ ကစားစရာတစ်ခုလို သင်ပေးနေတဲ့ ဂျပန်နိုင်ငံက ပညာရေးစနစ်ကို သဘောကျမိတယ်။ သူတို့ပညာရေး ဦးတည်ချက်က ‘အရေအတွက်ကို မလိုချင်၊ အရည်အသွေး မြင့်တာကို လိုချင်တယ်’ လို့ ဆိုထားတယ်။ ကျောင်းသင်ခန်းစာတွေ ပြဋ္ဌာန်းကတည်းက ကမ္ဘာ့အဆင့် နဲ့အညီ ပြဋ္ဌာန်းပြီး ကမ္ဘာ့သင်နည်း စနစ်တွေအတိုင်း လိုက်သင်နိုင်ခဲ့တဲ့ အတွက် အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဂျပန်နိုင်ငံ ငါးတန်းအဆင့် သင်္ချာသင်နေတဲ့ အတန်းတစ်တန်းကို ကြည့်ရအောင်။ ကျောင်းတက်တော့ ကျောင်းသားတွေနဲ့ ဆရာမဟာ မင်္ဂလာပါ ဆိုတာနဲ့ပဲ နှုတ်ခွန်းဆက်ပြီး စကြတာပါပဲ။ အစဉ်အလာမပျက် နေ့တစ်နေ့ကို စတင်တဲ့ ပုံမှန်အတိုင်းပဲ။ ဆရာမက ကျောက်သင်ပုန်းကြီး ပေါ်မှာ သင်္ချာပုစ္ဆာလေး တစ်ပုဒ်ကို ရေးလိုက်တယ်။ ညီမျှခြင်းတွေကို ဘယ်လို ဖြေရှင်းရတယ်ဆိုတာ ပုစ္ဆာကို ဆရာက ရှင်းပြတယ်။ သူတို့နိုင်ငံမှာ ဆရာရဲ့ သင်ကြားလမ်းညွှန်မှု ပုံစံကိုတော့ မဖျောက်သေးဘူး။ ပြီးတော့ ဆရာက နောက်ထပ်ပုစ္ဆာ တစ်ပုဒ်ကို ရေးလိုက်ပြီး ကျောင်းသားတွေကို တွက်စေတယ်။
ပထမဆုံးပြီးတဲ့ ကျောင်းသားတစ်ယောက်က လက်ထောင်တယ်။ ဆရာမက အဲဒီကျောင်းသား အနားကို သွားတယ်။ သူတွက်ထားတာကို ငုံ့ကြည့်ပြီး မှန်နေတဲ့အတွက် အမှန်လေး ခြစ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ အခြားကလေးတစ်ယောက်ကလည်း လက်ထောင်တယ်။ အဲဒီ ကလေးဆီကို သွားပြီးတော့ စစ်ဆေးပြီး အမှတ်ပေးတဲ့သူက ဆရာမ မဟုတ်တော့ဘူး။ ပထမလက်ထောင်တဲ့၊ ဆရာမကလည်း အမှန်ခြစ်ပြီး အသိအမှတ်ပြုခြင်းခံရတဲ့ ကျောင်းသားက စစ်ဆေးပေးသူ ဆရာ ဖြစ်သွားတယ်။ အဲဒါ အားလုံးက အတော်ဆုံးကျောင်းသားကို အသိအမှတ်ပြု ထားကြတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ဆရာတွေကို လက်ခံထားခိုင်းတဲ့ အယူအဆတစ်ခု ကတော့ ကျောင်းသားတွေ အလိုလို လေ့လာသင်ယူနိုင်အောင် အခွင့်အလမ်း ဖွင့်ပေးလိုက်တာဟာ ၉၀ ရာခိုင်နှုန်းလောက် တတ်မြောက်စေတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဆရာက အတန်းရှေ့မှာ မတ်တတ်ရပ်ပြီး သင်ကြားပို့ချပြီး ကျောင်းသားတွေကို နားထောင်စေခြင်းဟာ ရယူနိုင်စွမ်း ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဆရာက သင်တယ်ဆိုတာထက် ဆွေးနွေးတယ် ဆိုတဲ့စကားကို ပိုသုံးတယ်။ မသိတာ မတတ်တာကို ဆရာက ရှင်းပြတာထက် ကျောင်းသားအချင်းချင်း ရှင်းပြတာကိုလည်း ပိုပြီးတော့ အလေးထားတယ်။ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးကူပြီး အသိတွေ ဖလှယ်ကာ ဝေမျှနိုင်တာကို ကောင်းမြတ်တဲ့ အလေ့အထတစ်ခုလို ပြုစုပျိုးထောင် ပေးထားတယ်။
ဘာသာစကား အငြင်းမပွား
ကမ္ဘာပေါ်မှာ ဘာသာစကားကို လေ့လာသင်ကြားရာမှာ အက္ခရာ ၂၆ လုံးကနေ ၃၃ လုံးလောက်အထိ ကလေးတွေကို စတင်သင်ကြားပေး နေကြတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာ မူလတန်းအရွယ် ကလေးတွေဟာ ဂျပန်စာ ၂၆ လုံးကို လေ့လာ သင်ယူကြရပါတယ်။ အဲဒါ အရေးရော၊ အဖတ်ပါ နှစ်မျိုးစလုံးတတ်အောင် မူလတန်းကတည်းက အခြေခံပေးလိုက်တာ ဖြစ်ပါတယ်။
ဂျပန်စာဆိုတာက ကလေးတွေအတွက်တော့ အတော်လေးခက်ပါတယ်။ ဒါပေမဲ့ လက်ဦးဆရာတွေ ဖြစ်တဲ့ မိဘတွေထံကလည်း ကလေးတွေ အတော်များများ တတ်လာခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့ ကျောင်းရောက်လာကြရင် စာလုံး အတော်များများကို ပြောနိုင်ရေးနိုင်နေကြတာလည်း တွေ့ရတယ်။ မူလတန်းအဆင့် ပြီးမြောက်ရင် ဂျပန်ကလေးတွေဟာ ကန်ဂျီလို့ခေါ်တဲ့ ဂျပန်စာလုံးပေါင်း ၁၀၀၆ လုံးလောက်ကို သိသွားပါပြီ။ သူတို့ နိုင်ငံမှာ အသက် ၁၅ နှစ်အရွယ်လောက် ဆိုရင် စာလုံးပေါင်း ၁၁၃၀ လောက်သိအောင် လုပ်ပေးနိုင်ကြပြီလို့ ဆိုပါတယ်။
အောင်မြင်ချင်လျှင် နိုင်ငံတကာကိုမြင်
ဂျပန်နိုင်ငံပညာရေး ဘာကြောင့်အောင်မြင်ရသလဲ ဆိုတဲ့အချက်ကို သုံးသပ်ကြည့်ရင် နိုင်ငံတော်ကလည်း ပညာရေးကို အားပေးတယ်။ အစဉ်အလာကလည်း ပညာတတ်ဆိုရင် အထင်ကြီး လေးစားတတ်တဲ့ လူမျိုးတွေ ဖြစ်နေတဲ့အပြင် ပညာဖြင့်သာ ဘဝမြင့်မားနိုင်တယ် ဆိုတာကို ကောင်းကောင်း လက်ခံကြတဲ့ လူမျိုးတွေ ဖြစ်နေတာတွေ့ရတယ်။ နောက်တစ်ချက်က အမြင့်ဆုံး ပညာရည်ကို တိုင်းတာစစ်ဆေးရာမှာ ကမ္ဘာ့အဆင့်ဖြစ်တဲ့ PISA စာမေးပွဲစနစ်နဲ့ အကဲဖြတ်တဲ့ ရလဒ်ကို လက်ခံထား တဲ့အတွက် သူတို့ ကမ္ဘာကို တိုးနိုင်တဲ့လူမျိုးလို့ ဆိုရမှာပါ။
သူတို့ပညာရေးစနစ်ကို လေ့လာကြည့်လိုက်ရင် အသက် ၆ နှစ်မှာ မူလတန်းကို စပြီးလက်ခံတယ်။ အလယ်တန်း ၃ နှစ် တက်ရတယ်။ အထက်တန်း ၃ နှစ်တက်ရတယ်။ တက္ကသိုလ် ၄ နှစ်တက်ရတယ်။ ကလေးတိုင်းအတွက် မသင်မနေရ ပညာရေးစနစ်က အလယ်တန်း အဆင့်ထိ သတ်မှတ်ထားတယ်။ မူလတန်းကို အသက် ၆ နှစ်မှ စပြီးတက်ရတယ်။ မူလတန်းမှာပဲ Grade 6 အထိ ထားတာဆိုတော့ ၆ နှစ် တက်ရတယ်။ မူလတန်းပြီးရင် အသက်က ၁၂ နှစ်လောက်ဖြစ်သွားပြီ။ နောက်ထပ် အလယ်တန်းအဆင့်က ၃ နှစ်ဆက်တက်ရတော့ အသက် ၁၅ နှစ်လောက် ရောက်မှ အလယ်တန်းအဆင့် ပြီးတယ်။ အသက် ၁၅ နှစ်အထိ မသင်မနေရပညာရေးစနစ် လို့လည်း သတ်မှတ်ထားတယ်။ အထက်တန်းအဆင့် ကတော့ မသင်မနေရ မဟုတ်တော့ဘူး။ အလယ်တန်း ရောက်တဲ့အထိ ၁၀၀ ရာခိုင်နှုန်း ကျောင်းတက်ကြတယ်။ စာမတတ်သူမရှိဘူး။ အထက်တန်း ဆက်ပြီးတက်တဲ့ ကျောင်းသားတွေကလည်း အလယ်တန်းထွက်သွားတဲ့ ကျောင်းသားရဲ့ ၉၆ ရာခိုင်နှုန်းရှိတယ်။
ကျောင်းစဖွင့်ချိန်က နှစ်စဉ် ဧပြီလမှာ ဖြစ်ပါတယ်။ မူလတန်း အောက်ဆင့်ကလေးတွေ ကလွဲရင် ကျောင်းတက်ချိန် တစ်နေ့ ၆ နာရီ လောက်ရှိတယ်။ ကျောင်းပြန်ရင်လည်း အိမ်ရောက်လို့ အနားမနေရ ပါဘူး။ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေနဲ့ အလုပ်ရှုပ်နေတာ များတယ်။ နွေရာသီ ကျောင်းပိတ်ရက်က ၆ ပတ်ရှိတယ်။ ဆောင်းရာသီနဲ့ နွေဦးရာသီမှာ ကျောင်းပိတ်ရက် ၂ ပတ်ပေးထားတယ်။ ကျောင်းပိတ်ထားတယ် ဆိုပေမယ့် အဲဒီပိတ်ထားတဲ့ ကာလတွေမှာလည်း ပေးထားတဲ့ အိမ်စာတွေကို လုပ်နေကြရတာ များတယ်။
ပြဋ္ဌာန်းချက်အားလုံး သင်ရတယ်။ လက်တွေ့နဲ့ ဓာတ်ခွဲခန်းဝင်ရတဲ့ အချိန်တွေ နည်းတယ်။ မူလတန်းအဆင့်မှာ ဆရာတစ်ဦးတည်းက ဘာသာစုံ သင်ကြားကြရတဲ့စနစ်ကို ကျင့်သုံးတယ်။ တစ်တန်းကို ကျောင်းသား ၄၀ လောက် သင်နေကြသေးတယ်။ အချို့တစ်ခန်းကို ကျောင်းသား ၅၀ ထည့်ပြီး သင်နေတဲ့ ကျောင်းတွေလည်းရှိတယ်။
သူတို့ဘာတွေ လေ့လာကြသလဲ
သူတို့ကျောင်းသားတွေ လေ့လာရတဲ့ ဘာသာတွေက ဂျပန်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာ၊ ဂီတ၊ လက်မှုပညာ၊ ကာယ၊ အိမ်တွင်းမှု (အချက်အပြုတ်နဲ့ အချုပ်အလုပ်) တွေ သင်ယူကြရတယ်။ မူလတန်းတွေမှာ အင်္ဂလိပ်စာ ကိုလည်း သင်ကြားပေးကြတယ်။ ကွန်ပျူတာ အင်တာနက် သုံးကြတယ်။ ကျောင်းတိုင်းလိုလိုမှာ အင်တာနက် ရအောင် စီစဉ်ပေးထားတယ်။
ကျောင်းသားတိုင်း ရှိုဒိုလို့ခေါ်တဲ့ ဂျပန်စာအရေးနဲ့ ဟိုက္ကုလို့ခေါ်တဲ့ ကဗျာတွေကို သင်ကြရတယ်။ ရှိုဒိုဆိုတာက ကန်ဂျီ ဂျပန်စာကို စုတ်တံနဲ့ ရေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။ လက်ရေးလှအောင် လေ့ကျင့်ပေးတဲ့ ရှေးရိုးအစဉ်အလာ သင်ကြားနည်းစနစ်ကို ခေတ်သစ်အထိ ထိန်းသိမ်းထားခဲ့ကြတာ ဖြစ်ပါတယ်။
ဟိုက္ကုဆိုတာက ကဗျာစပ်နည်းတစ်မျိုး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်ကတည်းက ထွန်းကားခဲ့တဲ့ ကဗျာဖြစ်ပြီးတော့ ကဗျာတစ်ပုဒ်ကို ဝဏ္ဏလို့ခေါ်တဲ့ စာလုံး ၁၇ လုံးနဲ့ အပြီးရေးဖွဲ့ရတဲ့ ကဗျာတိုရေးနည်း ဖြစ်ပါတယ်။ ကဗျာက သုံးကြောင်းလောက်ပဲ ရှိပြီး ၅ လုံးတစ်ကြောင်း၊ ၇ လုံးတစ်ကြောင်း၊ ၅ လုံးတစ်ကြောင်းနှုန်းနဲ့ ဖွဲ့ဆိုရတယ်။ ဖတ်လိုက်ရင် အဓိပ္ပာယ် အလွန်လေးနက်ပြီး ပညာသားပါတဲ့ အတွေးအခေါ် တွေလည်းထည့်ရတယ်။
ဂျပန်ကျောင်းတွေရဲ့ စိတ်ဝင်စားစရာ အချက်တွေ
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားအားလုံး ကျောင်းယူနီဖောင်း ဝတ်စုံတွေ သတ်မှတ်ထားတဲ့အတိုင်း တူညီဝတ်ဆင် ကြရတယ်။ အစိုးရကျောင်းတွေမှာ နေ့လယ်စာကျွေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ကောင်းကောင်းနဲ့ အဆင့်အတန်းမြင့်မြင့် ကျွေးတယ်။ စာသင်ခန်း ထဲမှာပဲ စားချိန်ကို ထမင်းစားခန်းအသွင် ပြောင်းပြီး သန့်သန့်ရှင်းရှင်း စည်းကမ်းရှိရှိ စားသောက်ကြရတယ်။ ဆရာရော ကျောင်းသားတွေပါ ကိုယ့်အစားအစာ ကိုယ်သွားယူ၊ အတူတကွ ထိုင်စားကြတာကြောင့် ချစ်ကြည်ရင်းနှီးမှု ဖြစ်စေတယ်။
သူတို့ကျောင်းပြေးတာတွေ၊ ကျောင်းနောက်ကျတာတွေ သိပ်မရှိဘူး။ စည်းကမ်းရှိအောင် စည်းကမ်းလိုက်နာနိုင်အောင် ငယ်စဉ်ကတည်းက လေ့ကျင့် ပျိုးထောင်ပေးထားတဲ့ အကျိုးတွေပေါ့။ ကျောင်းဆိုတာ ကြောက်စရာတစ်ခုလို မခံစားရအောင် ဖန်တီးထားတာကြောင့် ကျောင်းတက်ဖို့ စိတ်အားထက်သန်ကြတာ များတယ်။ ကျောင်းလာတက်တဲ့ ကလေး ၈၅ ရာခိုင်နှုန်းလောက်ဟာ ပျော်ရွှင်တယ်လို့ စစ်တမ်းအရ သိရတယ်။
ကျောင်းသား ၉၁ ရာခိုင်နှုန်းလောက်ဟာ ဆရာရဲ့ ဟောပြော ပို့ချမှုတွေနဲ့ ကျောင်းစာသင်ခန်းအတွင်း လုပ်ဆောင်ရမှုတွေကို နှစ်သက်တယ်လို့ ဆိုကြတယ်။ တစ်ခန်းလုံး သင်လိုက်တဲ့စာတွေကို နားလည် လောက်ပြီထင်မှ ရှေ့ဆက်သင်တာကြောင့် ဆရာတွေ စိတ်ရှည်တယ်လို့ ဆိုရမယ်။
ကျောင်းသားတွေရဲ့ သင်္ချာသင်ချိန်က တစ်ပတ်ကို ၂၃၅ မိနစ်နှုန်း ရှိတယ်။ (အခြားနိုင်ငံက ကျောင်းသားတွေက ၂၁၈ မိနစ်လောက်ပဲ ရှိတယ်)။ ဘာသာစကားနဲ့ သိပ္ပံသင်ချိန်တွေက တစ်ပတ်မှ ၂၀၅ မိနစ်နဲ့ ၁၆၅ မိနစ်လောက်ပဲ ရှိတာကြောင့် အခြားနိုင်ငံတွေထက် နည်းတယ်။
ဂျပန်ကျောင်းသားတွေ ကျောင်းပြီးရင် ကျောင်းဆက်တက်တဲ့ အတန်းတွေရှိတယ်။ ကျူရှင်လို့ ဒီနိုင်ငံတွေက ခေါ်ပေမယ့် သူတို့ကတော့ အဲဒါကို (Workshop) လို့ပြောတယ်။ အိမ်စာ ပေးလိုက်တာတွေကို ဝပ်ရှော့ ဆက်တက်ပြီး ဖြေရှင်းနိုင်အောင် ကြိုးစားကြတယ်။ ဂျပန်နိုင်ငံမှာ မူကြိုတန်းတွေက အရေးကြီးတယ်။ အရွယ်ရောက်လာတာနဲ့ မူကြိုပို့နှုန်းက မသင်မနေရဆိုပြီး သတ်မှတ်လို့ ကျောင်းနေရတဲ့ နှုန်းထက် ပိုများတယ်။ မူကြိုကို ကလေး ၉၁ ရာခိုင်နှုန်းလောက် တက်လာပြီးတော့မှ ကျောင်းရောက်လာကြတာ များတယ်။ သူတို့ကျောင်းတွေမှာ စာမေးပွဲကျတယ် ဆိုတာ မရှိတဲ့အတွက် စနစ်ကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။
တင်ညွန့်the voice

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။