ရတီချစ်သူတွေအတွက် Music Plus ကဏ္ဍမှာ ဒီတစ်လ ဘာသီချင်းနားထောင်ဖို့ အကြံပေးရပါ့။ အခုလ သြဂုတ်လ..။ သြဂုတ်လလို့ စဉ်းစားမိလိုက်တာနဲ့ ကျွန်မ နှလုံးသားက ဆွတ်ဆွတ်ကျင်သတိရမိတာ ‘သူ’။ ကျွန်မတစ်ဦးတည်း မဟုတ်။ ဂီတချစ်သူအားလုံး၊ မြန်မာတစ်ပြည်လုံး သူ့ကို သတိရနေကြသည်။ ၂ဝဝ၄၊ သြဂုတ်လမှာ သူ ကျွန်မတို့အားလုံးကို ချန်ရစ်ကာ အဝေးကြီးကို ထွက်သွားခဲ့သည်။ ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့တဲ့။ အခုဆိုရင် ၉ နှစ် ရှိပြီ။ ၉ နှစ်ဆိုသည့်အချိန်ကာလက မေ့ဖို့မလုံ လောက်သေးလို့ပဲလား။ မဖြစ်နိုင်ပါ။ သေပြီးသူ တစ်ယောက်ကိုမေ့ဖို့ လုံလောက်မယ့်အချိန်ကာလ ကို ဘယ်သူတွက် ထုတ်ပေးဦးမလဲ။ အချိန်ကာလ ဘယ်လောက်ပင် ဆန့်ထွက်ရှည်လျားခဲ့စေဦးတော့ သူ့ကို ကျွန်မတို့ မေ့လိမ့်မည်မဟုတ်ပါ။ အထူး သဖြင့် သူထွက်သွားခဲ့ သည့် မိုးကလေးဖွဲဖွဲရွာနေတဲ့ သြဂုတ်လနေ့ရက်တွေကို ရောက်ခဲ့လေတိုင်း ပေါ့။
ဇူလိုင် ၁ ရက်နေ့၊ ဒီစာကို ကျွန်မရေးနေသည်။ တိုက်တိုက်ဆိုင်ဆိုင် ဒါ သူ့မွေးနေ့ပေပဲ။ အပြင်မှာ မိုးတွေ ရွာနေသည်။ ပြတင်းပေါက်ကနေ မိုးရေ စက်တွေကို ငေးကြည့်လိုက်တဲ့အခါ သူ့ကိုပဲ ကျွန်မ မြင်သည်။ မိုးစက်မိုးပေါက်လေးတွေ ကျနေသံကို နားစိုက်ထောင်လိုက်တဲ့အခါ သူ့ဂီတ သံကို ကျွန်မ ကြားမိသည်။ သူနဲ့စပ်ဆိုင်သမျှ အကြောင်းအရာတွေက ကျွန်မရင်ထဲ ဖြည်းဖြည်းညင်းညင်း ဝင်လာသည်။
၁၉၆၃ ဇူလိုင် ၁ရက်နေ့မှာ သူ့ကို ဦးထွန်း မြင့်၊ ဒေါ်မြရင်တို့က ပုသိမ်မြို့မှာ မွေးဖွားခဲ့သည်။ ၁၉၇၉ ခုမှာ အထက (၃) ကနေ အထက်တန်း အောင်မြင်ပြီး ပုသိမ်ဒေသကောလိပ်မှာ ၂ နှစ် တက်ရောက်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှာ မော်လမြိုင် တက္ကသိုလ်ကနေ ရူပဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ သူ့သွေးကြောထဲက ဂီတဝါသနာ ပိုးတွေ နည်းလမ်းတကျ ရှင်သန်ပေါက်ဖွားလာစေဖို့ ဆရာဦးအောင်စိုး (KC Francis) ဆီမှာ သူ ချဉ်းကပ်သင်ယူခဲ့ဖူးသည်။ အဲဒီခေတ်အခါက လူငယ်အများစုဟာ ဂစ်တာတီးနိုင်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းပမာ ထင်မှတ်ကာ မြောက်ကြွမြောက် ကြွနဲ့ လမ်းဘေးအုတ်ခုံတွေမှာ ကြီးစိုးခြယ်လှယ် တတ်ကြချိန်။ သူကတော့ သူ့ပုံစံအတိုင်း ငေးရီရီ မျက်လုံးတွေနဲ့ ရိုးရိုးစင်းစင်းလေးသာ နေထိုင် တတ်ခဲ့သူ။ သူ့မှာ ဂစ်တာသာမက Piano, Drums, Harmonica တွေကိုပါ ကောင်းကောင်းကြီး တီး၊ မှုတ်နိုင်စွမ်းရှိနေခဲ့သည်။ ပါရမီအထုံ ကြီးမားခဲ့သူမို့ပဲလား၊ စက္ကန့်မလပ် နည်းလမ်းတကျ အားထုတ်မှုတွေကြောင့်ပဲလား ဘယ်သူမှ တိတိပပမပြောနိုင်။ ၁၉၈၆ ခုနှစ်မှာ ပထမဆုံး ထုတ်ဝေဖြန့်ချိလိုက်တဲ့ Solo Album က ဂီတချစ်သူ လူငယ်အားလုံးရဲ့ နှလုံးသားကို ဗြုန်းစားဗြင်းစား ကြီး ဖမ်းစားချုပ်နှောင်လိုက်တော့သည်။
”ထူးအိမ်သင် နာရီပေါ်မှ မျက်ရည်စက်များ နားထောင်ကြည့်၊ မိုက်တယ်၊ မင်းကြိုက်မှာ သေချာတယ်၊ ထောင်ဖြစ်အောင်ထောင်” အဲဒီလို လူငယ်တွေအချင်းချင်း သတင်းစကားပါးကြ သည်။ လူငယ်တိုင်းရဲ့လက်ထဲမှာ သူ့ကက်ဆက် တိတ်ခွေလေးနဲ့ သူ့သီချင်းစာအုပ်ကလေးတွေ။ အဲဒီနောက် မှော်ဆရာအိပ်မက် (၁၉၈၈)၊ သက်ငြိမ် (၁၉၈၉)၊ အတ္တပုံဆောင်ခဲများ၊ အကြင် နာအိပ်မက်၊ အရင်အတိုင်း(၁၉၉၁) စတဲ့စတဲ့ Solo Album တွေ အားကောင်းမောင်းသန် ထွက်ရှိလာပြန်သည်။ လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ သူ့တေးသွားသံစဉ်တွေက တွဲလွဲခိုမင်းမူနေတတ်သည်။
စာပေနဲ့ဂီတ ခွဲခြားမရနိုင်သလို ဂီတကိုချစ်တဲ့ သူက ကဗျာ၊ ဝတ္ထုတိုတွေ ရေးဖွဲ့ခဲ့သည်။ သျှပ်မှူး ကျော်၊ လင်းထက်။ ဒါပေမဲ့ ဒီအမည်တွေကိုသိသူ သိပ်မရှိခဲ့။ မှတ်ပုံတင်ထဲက ‘ကျော်မြင့်လွင်’ ဆိုတဲ့ နာမည်ကလည်း ဂီတပရိသတ်တွေအတွက် အစိမ်းသက်သက်။ ထူးအိမ်သင်ဆိုတဲ့ ဂီတအမည် ကသာ သူ့ကို မိုးခုနစ်ဆင့်အမြင့်ရောက်အောင် တွန်းတင်ပေးခဲ့သည်။ မိုးသားမြင့်မြင့်ထိ ရဲရဲ ပျံတက်ခဲ့တဲ့ ငှက်တစ်ကောင်။ သူ့သီချင်းတွေ အပေါ် လူငယ်တွေကတော့ ”ဒါ ဘယ်လိုသီချင်း အမျိုးအစားတွေပါလိမ့်” လို့ မတွေးဆအား၊ ဂစ်တာတွေကိုင်ကာ သူ့ဂီတသူ့သီချင်းကို အဆွေး တစ်ဖုံ၊ အမြူးတစ်လှည့် ယစ်မူးတပ်မက်စွာ ခံစား ဖောက်ခွဲပစ်ဖို့ပဲ သိသည်။ ဂီတပညာတတ်တွေ ကတော့ မျက်မှောင်ကြုတ်ကာ သူ့ဂီတ သူ့သီချင်း တွေကို ပိုင်းဆစိတ်မြွှာ အဖြေရှာထုတ်ကြသည်။ ”အလကားပါ၊ Own Tune စစ်စစ်တွေ မပါဘူး။ Jazz တွေပါ၊ မဟုတ်ဘူး country ဆန်တယ်၊ သေချာတာက Pop ပဲ၊ မဟုတ်ဘူး အရင်းစစ် လိုက်တော့ rock n’ roll ထဲမှာ ရှိတာဗျ…” သီချင်းအစအနတွေ နမူနာဆွဲထုတ်ချကာ အာပေါင် အာရင်းသန်သန် ငြင်းကြခုန်ကြသည်။
ဝေဖန်ရေးသမားတချို့က ဖြတ်၊ ညှပ်၊ ကပ် သီချင်းတွေပါ” လို့ စာမျက်နှာတွေပေါ်ကနေ ပေါ်ပေါ်ထင် ထင် စွပ်စွဲကြသည်။ ဘာပြောပြော သူကတော့ သူ့ဂီတကို ယုံကြည်နက်ရှိုင်းစွာ ဆက်လက်ဖန်တီးသည်။ ဒီလိုနဲ့ စကားလုံးမရှိတဲ့ ကောင်းကင် (၁၉၉၅)၊ Unplugged Songs (၁၉၉၆)၊ မြို့ပြ လရောင်တမ်းချင်း (၁၉၉၆)၊ ဝင်ရိုးစွန်းမီး (၁၉၉၇)၊ အမေ (၁၉၉၇)၊ အမှတ် တရဒဏ်ရာ သီချင်းများ (၁၉၉၉)၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ (၂ဝဝ၃) ..ထွက်သမျှ သီချင်းတိုင်းက ဥတုရာသီညှိစရာမလို၊ ချိန်ခါ နေရာမရွေး ရွှန်းရွှန်းမြမြ တောက်ပရှင်သန် နေခဲ့သည်။
၂ဝဝ၄ သြဂုတ် ၁၄ မှာတော့ သူချစ် တဲ့ မိသားစု၊ သူချစ်တဲ့ ပရိသတ်၊ သူချစ်တဲ့ကမ္ဘာ မြေကို ရုတ်တရက်ကြီး စွန့်ခွာကာ အဝေးဆုံးကို သူထွက်သွားတော့သည်။ လက်ကျန်သီချင်းလေး တွေ စုစည်းထားတဲ့ Album ကို ချစ်ခြင်းအားဖြင့် အမှတ်တရ သူချန်ထားရစ်ခဲ့သည်။ With Love ချစ်ခြင်းအားဖြင့် စာတန်းလေးနဲ့ သူ့လက်မှတ် လေးရေးခြစ်ထားတဲ့ စိမ်းမြမြကာဗာလေးက ကျွန်မတို့အားလုံးအတွက် နောက်ဆုံးတဲ့လား။ The Last Album of Htoo Eain Thin တဲ့။ ချစ်ခြင်းအားဖြင့် သူချန်ရစ်တဲ့သီချင်းတွေကို အဆုံးမှာ လွမ်းဆွတ်တသခြင်းများစွာဖြင့် ကျွန်မ တို့တစ်သက် မက်မပြေစရာ စားသုံးလိုက်ကြရ သည်။ ချစ်ခြင်းအားဖြင့် သူဖန်တီးထုဆစ် ချန် ထားရစ်ခဲ့တဲ့သီချင်းတွေကို ကျွန်မတို့တရှိုက်မက် မက် နားဆင်ခံစားလို့ မဆုံးနိုင်ကြ။ မြေကမ္ဘာမှာ သူမရှိတော့ပေမယ့် သူ့သီချင်းတွေကို ဂီတလောကမှာ Version အမျိုးမျိုးနဲ့ ကြားခွင့်ရနေဆဲ။ သူဟာ သူ့မိသားစု၊ ဇနီးနဲ့သမီးလေးအတွက် မေ့မရမယ့်လူ၊ ဂီတချစ်သူပရိသတ်အားလုံး အတွက် မေ့မရနိုင်တဲ့လူ။ သေချာပါသည်၊ သူဟာ ကျွန်မအတွက်လည်း မေ့မရတဲ့လူ။ သူနဲ့ပတ်သက် ပြီး အမှတ်တရများစွာ ကျွန်မမှာရှိသည်။ ၁ဝ ကြိမ်ထက်မနည်း ဖုန်းဆက်ချိန်းကာ ကြိုးစားပမ်းစားတွေ့ဆုံခဲ့ရတဲ့ ဂီတအင်တာဗျူးက ရုပ်ရှင် စတားမဂ္ဂဇင်း၊ ၁၉၉၇၊ သြဂုတ်လမှာ ပါခဲ့ဖူးသည်။ သူ့အကြောင်းရေးသည့် ဝတ္ထုတစ်ပုဒ်က မရည်ရွယ်ပါဘဲ Faces မဂ္ဂဇင်း၊ သြဂုတ်လမှာ ပါခဲ့သည်။ အခု ဒီစာကိုတော့ ရတီ၊ သြဂုတ်လ Music Plus ကဏ္ဍ အတွက် ရည်ရွယ်ကာ ကျွန်မ သူ့ကို လွမ်းဆွတ်ခြင်းများစွာဖြင့် ရေးမိကြောင်း ဝန်ခံပါသည်။ အပြင်မှာ မိုးလေးတွေရွာနေသည်။ သူဟာ ကျွန်မအတွက် သြဂုတ်လထဲကလူ ဖြစ်သလို မေ့မရတဲ့လူလည်း အသေအချာဖြစ်နေ သည်။ဒါကြောင့် မိုးလေးဖွဲဖွဲရွာနေဦးမယ့် သြဂုတ် လမှာ သူ့သီချင်း၊ သူ့ဂီတကလွဲလို့ တခြား နား ထောင်စရာ တေးဂီတ ကျွန်မမှာမရှိပါ။ ရှင်တို့ အားလုံးကိုလည်း ကျွန်မနဲ့ နှလုံးသားချင်း ထပ်တူ ကျစွာ ရှိနေစေချင်ပါသည်။
zigzag


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။