We Love Music
#သျှပ်မှူးကျော် (သို့မဟုတ်) Shore of Peace ရဲ့ Arranger
၁၉၈၃ရဲ့ ဇူလိုင်လလေး တစ်ရက်မှာပါ။ နေရာက ကျွန်တော့်အိမ်မှာ ဖြစ်ခဲ့တာပါ။ “ကိုသျှပ်..ဒါ.. ကြွက်နီ” ဒီလိုမိတ်ဆက်ပေးခဲ့သူက ကျွန်တော်တို့ သူငယ်ချင်း ကိုမာ (မြင့်သန်း) ပေါ့ခင်ဗျား။ မြင့်သန်းဟာ နောက်ကာလတစ်ခုမှာ ဇင်မှူးသန့်ဆိုတဲ့ နာမည်နဲ့ ဆံပင်ရှည်ရှည်ကောင်မလေး ဆိုတဲ့ စီးရီးကို ထုတ်ဖူးသူပါပဲ။
ကိုမာ မိတ်ဆက်ပေးတော့ .... ကျွန်တော်တို့ လက်ချင်းယှက်ခဲ့ကြတယ်။ ကိုမာကပဲ အဲဒါက ကိုဦး (အောင်ကျော်ဦး) သူက ဦးလေးကြီး (ကိုဆန်းထူး)ပေါ့... ဆိုပြီး သူတို့ ပြည်တော်သာ တစ်သိုက်ကို ပုသိမ်မြို့က ကရင်ရပ်ကွက် ဘိုကနောင်သား ကျွန်တော်နဲ့ မိတ်ဆက်ခဲ့ပါတယ်။
ကျွန်တော်နဲ့ ကိုသျှပ်က အစက မသိခဲ့ပါဘူး။ သူတို့က ပြည်တော်သာ ရပ်ကွက်သားတွေ၊ ကျွန်တော်တို့နဲ့ အတော်ဝေးတဲ့နေရာက ပုဂ္ဂိုလ်တွေလေ။ အဲဒီကာလ ကျွန်တော်တို့ မြို့က ရောင်းတမ်းတီးဝိုင်းများ၊ အကြောင်း နည်းနည်းပြောပြပါမှ ကိုသျှပ်အကြောင်းကို ရိပ်မိနိုင်မှာ ဖြစ်လို့ နည်းနည်းတော့ ရေးပါရစေ။ ကျွန်တော်အခုရေးနေတာ ကိုသျှပ် (သျှပ်မှူးကျော်) အကြောင်းဆိုတာ သတိကြီးစွာ ထားရေးနေရပါတယ်။ ထူးအိမ်သင် အကြောင်း မဟုတ်ပါဘူး။ ဒါကိုသတိပြုပေးပါခင်ဗျား။ ပုသိမ် အရောင်းတမ်းတီးဝိုင်းများထဲမှာ တရုပ်လူမျိုးတွေ ဦးစီးတဲ့ တီးဝိုင်းတွေထဲ “ငုဝါ” “ဖြူနီညိုပြာ” “ရှမ်းရိုးမ” အဲဒီဝိုင်းတွေက အရှေ့တိုင်း ဂီတသင်္ကေတ (1.2.3.4) နဲ့ စနစ်တကျ တီးခတ်ကြတဲ့ တီးဝိုင်းများ ဖြစ်ပါတယ်။ အဲဒီတီးဝိုင်းတွေထက် စောတဲ့ဝိုင်းကတော့ E.Machine အဖွဲ့မှာ Rhythm ဂီတတီးပြီး အခု “ခိုင်မာ”ဂစ်တာတွေ ထုတ်လုပ်နေတဲ့ ကိုသြတို့ရဲ့ Skelton ၀ိုင်းပါ။ အဲဒီဝိုင်းတွေထဲမှာ ငုဝါဟာ အကောင်းဆုံးတီးဝိုင်းပါ ။ ကိုတင်ယုဆိုတဲ့ Lead ဂစ်တာသမားဟာ တော်တော် တီိးုင်ခဲ့သူပါ။ ဆိုတော့ကာ ကိုသျှပ် ဟာ အဲဒီငုဝါမှာ စတင်သီဆိုခဲ့သူ ဖြစ်ခဲ့ပါတယ်။ ငုဝါတီးဝိုင်းထောင်တဲ့ ကိုတင်ယုတို့က ပုသိမ်ဘူတာရုံထဲမှာ စားသောက်ဆိုင် ဖွင့်သူတွေခင်ဗျ။ ဒီတော့ ကိုသျှပ်တို့ ပြည်တော်သာ ရိပ်သာ တိုက်တန်းတွေနဲ့က ကပ်လျက်ပေကိုး။ ဆိုတော့ကာ ကိုသျှပ်ဟာ ပုသိမ်က နံပါတ်(၁) တီးဝိုင်း ငုဝါ က အဆိုသမား၊ ကိုင်ဇာသီချင်း ဆိုသူပါ။
ကျွန်တော်နဲ့ မြင့်သန်းက “မဟူရာ” ဆိုတဲ့ အရောင်းတမ်း တီးဝိုင်းကပါ။ ထုံးစံအတိုင်း ကရင်လူမျိုးတွေရဲ့ တီးဝိုင်းပါ။ ကျွန်တော်တို့ ကရင် ရပ်ကွက်မှာ အခြေပြုထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က Notes မတတ်ကြပါဘူး။ ဒါပေမယ့် ဂစ်တာကိုတော့ လူတိုင်းလောက်နီးနီး တီးကြတာပါ။ ကျွန်တော် ကိုသျှပ်နဲ့ တွဲတီးဖို့ မြင့်သန်းက ခေါ်လာခဲ့ပါပြီ။ ကိုသျှပ်က Bass တီးမှာတဲ့။ ကျွန်တော်က Drum ဆိုတော့ အဲဒီ Backing ဟာ ခိုင်ပါ့မလား။ သဟဇာတ ဖြစ်ပ့ါမလား။ ကျွန်တော် တစ်ခါမှ တွဲမတီးဖူးသူလေ။ ကျွန်တော်တို့က ဒီတုန်းက ငယ်ရွယ်သူတွေ ထုံးစံအတိုင်း ကိုယ်ကလွဲရင် ကိုယ်တွဲဖူးသူတွေက လွဲရှု အထင်မကြီးတတ်ဘူး။ အကြောမခံတတ်ခဲ့ကြဘူး။ ကိုသျှပ်နဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက်တော့ ပြီးပြီ။ ခြေရာလက်ရာ ကောက်ကြရတော့မ.်။ မြွေမြွေချင်း ခြေမမြင်ကြသေးပဲကိုး။
“ကဲ.. ကိုသျှပ်.. သီချင်းတစ်ပုဒ် ကျွန်တော် ဆိုမယ်ဗျာ။ တီးပေးပါလား” ကျွန်တော်တို့ တစ်ယောက်အကဲ တစ်ယောက် ခက်ကြပါပြီ။
“လုပ်လေ... ခင်ဗျား ဘာဆိုမှာလဲ”
“How deep is your love"
'ကိုဦး..မင်းက Bass တီး.. ငါ Rhythm တီးမယ်' လို့ ကိုသျှပ်ပြောရင်းနဲ့ ကောက်တီးပါတော့တယ်။
ဒီနေရာမှာ How deep is your love ဆိုတဲ့ Beegees သီချင်းအကြောင်း နည်းနည်းပြောချင်ပါတယ်။ ၁၉၇၉-၈၀ ပြည့်လောက်မှာ ကျွန်တော်နဲ့ အတန်းတူ သူငယ်ချင်း မောင်သူရ (နောင်တော့ မျိုးသူရဖြစ်ခဲ့သူ) က လက်ဆောင် ကတ်ဆက်ခွေ တစ်ခွေ ပေးခဲ့ပါတယ်။ ကျွန်တော်တီးဝိုင်းတီးတာကို ဒီကောင်သိတာကိုး။ အဲဒါ Beegees အခွေပါ။ ဒီအခွေထဲက How deep is your love ကို ကျွန်တော် အသည်းအသန် နှစ်သက်သွားတော့တာပါ။ ကျွန်တော် ဆိုချင်ပေမယ့် ကျွန်တော့်တီးဝိုင်းက ဂစ်တာမတီးတတ်ပါဘူး။ ဒီတော့ ဘာလို့ ကိုသျှပ်ကို အဲဒီသီချင်း ဆိုချင်တယ် ... တီးပေးပါလို့ ပြောတဲ့ ခြေတစ်ချောင်းကို စာဖတ်သူတို့ မြင်လောက်ပါပြီ။
ဒီလောက်ခက်ခဲတဲ့ ကော့ဒ်တွေကို ပိုင်ပိုင်နိုင်နိုင်ကြီး တီးနိုင်နေတဲ့ ကျွန်တော်တို့နဲ့ Bass တွဲတီးမယ်ဆိုတဲ့ ကိုသျှပ်ကို ကျွန်တော် “ကျ” လိုက်ပါပြီ။ ကျွန်တော်သီချင်းကို ဆက်ဆိုခဲ့ပါတယ်။ အလယ်သံပြိုင်ပိုဒ်မှာ တစ်ချက် “ဖမ်း” ရဦးမယ်။ အင်မတန် ရှုပ်ထွေးတဲ့ Harmony parts တွေ ရှိပေသကိုး။ ကျွန်တော် Chorus ကိုဆိုပါတယ်။ အဆင်သင့် စောင့်နေတဲ့ ကိုသျှပ်ဆိုတဲ့ ခုမှသိတဲ့ ပုဂ္ဂိုလ်က Harmony ကို ချောနေအောင် လိုက်ပေးပါတော့တယ်။
ကျွန်တော် ဒီသီချင်းဆိုပြီး ခံစားလိုက်ရတာ ပြောမပြတတ်အောင်ပါပဲ။ ဒီလိုတီးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွဲရတော့မယ်ဆိုတာ အတိုင်းထက် အလွန် ၀မ်းသာမိသလို မခံချင်စိတ်ကလေးကလည်း ပါသေးသပေါ့ဗျာ။ တို့ဝိုင်းက ဂစ်တာသမားတွေ ပါသေးပေါ့လေ။ ငယ်သေးတာကိုး။ မာနလည်း များသေးတာကိုး။ သေချာတာကတော့ ကိုသျှပ်ဟာ Beegees ကို သေသေချာချာ ကြိုက်ထားသူ ဆိုတာပါပဲ။ ပြီးတော့ Notes လည်း တကယ်ပိုင်သူ ဆိုတာပါပဲ။ ကျွန်တော်တို့ အဲဒီနှစ်ကစပြီး ကျောင်းက Fairwell တွေ Welcome တွေ၊ အဆောင် Dinnerတွေကို တစ်ပွဲပီး တစ်ပွဲ သိမ်းပိုက်ခဲ့ပါတော့တယ်။ ကိုသျှပ်က Bass နဲ့ Arranger လုပ်ပေးခဲ့တာပါ။ #ထူးအိမ်သင် ကို ကျွန်တော်မရေးချင်ပေမယ့် ကိုသျှပ် ကိုတော့ အသေအချာကို ပြန်ပြောချင်ပါတယ်။ ကျွန်တော့်အိမ်မှာ အခြေပြုပြီး ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ အောင်အောင် Lead ၊သာထူး Rhythm ၊ ရေချမ်း တို့ကို စနစ်တကျ မောင်းပါတော့တယ်။ အောင်အောင်က မြို့နယ် ဘင်ခရာ တီးဝိုင်းက နည်းပြတစ်ယောက်လည်း ဖြစ်တယ်။ ဒီတော့ ဒီကောင့်မှာ ဘင်ခရာနည်းပြသင်တန်းမှာ ပြဌာန်းခဲ့တဲ့ ဆရာဦးဟန်ဝင်း ရေးတဲ့ “မျက်စိ အကြား နားအမြင်” ဆိုတဲ့ စာအုပ်ရှိတာကိုး။ အဲဒီစာအုပ်ထဲက ပဲပင်ပေါက် Notes တွေကို ကိုသျှပ်က ဖတ်တတ်တော့ အောင်အောင်ကို ဂစ်တာနဲ့ စနစ်တကျကို မောင်းပါတော့တယ်။ ဂစ်တာ Scale တွေ Up and down stroke တွေကို ကိုသျှပ်က သင်ပေးသွားတာပါ။ ဒီကောင်တွေ ကိုသျှပ်ဆိုရင် မော်တောင် မကြည့်ရဲဘူး။ မနက်မိုးလင်းတာနဲ့ ကိုသျှပ်ထထ ဆိုရင်.. မျက်မှန်ကို အရင်စမ်းတယ်။ ငါ့မျက်လုံးရော... ဆိုတာ လုပ်ပြီးရင် မနက်ခင်း နှစ်ပက်လောက် ဖြေတယ်။ ပြီးရင် ...ဟေ့ကောင် “ပထန်” မနေ့ကဟာ ပြန်တီးစမ်းဆိုပြီး... Scale တွေပြန်မောင်းတော့တာပဲ။ ကိုသျှပ်ဟာ အင်မတန် စကားနည်းသူ၊ ဆဲဖို့ဆိုတာ အဝေးကြီး။ သူ့အာရုံက သီချင်းတွေ Chords ရှာမယ်၊ Notes ရှာမယ်၊Arrange လုပ်မယ်။ ဒါပဲရှိတဲ့ ပုဂ္ဂိုလ်။ တစ်လလုံးနေလို့ ရေတစ်ခါ ချိုးသူမဟုတ်၊ အရက်သောက်ရင်း ဂစ်တာတီးကြတိုင်း... ကျွန်တော်တို့ အားလုံး မှောက်ကုန်တာတောင် သူက အေးအေးဆေးဆေး တစ်ယောက်တည်း ဆက်တီးကျန်ခဲ့တတ်သူပါ။
မြင့်သန်းက ကျွန်တော်တို့ဝိုင်း Shore Of Peace ရဲ့ မန်နေဂျာ လုပ်ပေးခဲ့ပါတယ်။ ကျောင်းကရှိသမျှ ပွဲတွေကို အကုန်လက်ခံတယ်။ ကိုသျှပ်က အကုန်ဂီတနဲ့ ပတ်သက်ပြီး စီမံတယ်။ ကျွန်တော်က တီးဝိုင်း၊ ပစ္စည်း၊စက်.. ဒါတွေကို ဒိုင်ခံဖြေရှင်း ခဲ့ရတာပါ။
ကိုသျှပ်အကြောင်းရေးရင်း... ၁၉၈၀ ပြည့်လွန် ကျွန်တော်တို့ မြို့က တီးဝိုင်းစက်တွေ အကြောင်း ရေးရပါဦးမယ်။ ဒါမှ ကိုသျှပ်ရဲ့ တပ်မက်မှုနဲ့ စိတ်ကို ရိပ်မိမှာမို့ပါပဲ။ ကျွန်တော်တို့ မြို့မှာ တီးဝိုင်းစက် ငှားတာကဦးမြသွင်ရဲ့ စက်နဲ့ ဦးကြီးမြင့်ရဲ့ စက်ဆိုတာပဲ ရှိပါတယ်။ ငုဝါတို့ ဖြူနီညိုပြာတို့ကတော့ သူတို့ကိုယ်ပိုင်စက်တွေ ရှိတဲ့ ၀ိုင်းတွေပေါ့ဗျာ။ ကျွန်တော်တို့က အဲဒီစက် ၂စက်ပဲ ရှိတာပါ။ တစ်ယောက်နဲ့ မတည့်ရင် ဒီဘက်စက်ကိုငှား၊ မျက်နှာပြောင် တိုက်ခဲ့ကြတာပါ။ ပြီးတော့ အဲဒီစက်နှစ်စက်စလုံးက ဘေးချင်းကပ်လျက် အခန်းဆိုတော့ တူရိယာ ပစ္စည်းက နိုင်ငံခြားဖြစ်ဆိုတာ ဝေးလို့ပြည်တွင်းဖြစ် ဂီတာမြို့တော်လုပ် Solid တောင် တစ်မြို့လုံးမှာ တစ်လက်မရှိတဲ့ ကာလဗျာ။ တူရိယာသမားဆိုတာ ဘယ်ကာလမှာပဲ ဖြစ်ဖြစ် ကောင်းကောင်းပဲ တီးချင်ကြတာက သဘာဝပေပဲ။ ကျွန်တော်လည်း ကောင်းတာပဲ တီးချင်တာပါ။
ဖြစ်ချင်တော့ အဲဒီနှစ် Farewell မှာ တီးဖို့ ဦးလေးဦးမြသွင် စက်ကို ငှားဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူအသစ်ဝယ်လိုက်တဲ့ Revert စက်က နိပ်တယ်။ အဆိုရော ဂစ်တာရော သုံးလို့ရတယ် ဆိုတော့ ကျွန်တော်က အဲဒီစက်ပဲ ယူမယ်ဆုံးဖြတ်ခဲ့တယ်။ ဂစ်တာတွေက မကောင်းဘူး။ ကျွန်တော့်မှာ သူငယ်ချင်း အချို့ ရှိသေးတာပဲ။ ကျွန်တော်စီစဉ်ရမှာပဲလေ။ Lead ဂစ်တာကောင်းကောင်း..ဟုတ်ပြီ။ မျိုးအောင် ဆိုတဲ့သူငယ်ချင်းက သူဌေး၊ ဂစ်တာအမြဲတီးချင်သူ၊ သူကကိုယ်ပိုင် Solid ဂစ်တာ တစ်လက်ဝယ်ထားပြီး လေ့ကျင့်နေသူ၊ ပုသိမ်နဲ့ ၁၆မိုင်လောက်ဝေးတဲ့ ကန်ကြီးထောင့်မှာ နေတယ်။ သူ့ဂစ်တာလေးက ဒီတုန်းက အသစ်။ Gibson ပုံလေး.. စင်္ကာပူလုပ်လေး။ ရစေရမယ်... ကျွန်တော်ရအောင် ဆွဲမယ်ပေါ့။ Drums က မြောင်းမြမှာ ရှိတယ်ပေါ့။ ဦးလေးဦးမြသွင်က ပြောတယ်။ သူရအောင် ဆွဲပေးမယ်တဲ့။ ဟုတ်ပြီ Bass ဂစ်တာ စောဆင်မြူရယ် ဆိုတဲ့ သူငယ်ချင်းက Bass ကိုဘယ်လောက်ကြိုက်ပြီး ကျင့်သလဲဆိုရင် ကိုယ်ပိုင် solid bass ဂစ်တာမှာပြီးကို ကျင့်တာ။ ဂစ်တာက Popular ဦးချစ်ရဲ့ လက်ရာ။ Pick up နဲ့ ကြိုးတွေက Fender ပစ္စည်းတွေ။ ဒီထက်ကောင်းတဲ့ Bass ဂစ်တာ ပုသိမ်မှာ မရှိဘူး။ ကိုသျှပ်တီးဖို့ ကျွန်တော်ရအောင် ဆွဲပေးမယ် ဆုံးဖြတ်ပြီးသားပါ။
တစ်နေ့မှာ ဌာနမှူးက ခေါ်ပါတယ်။ မြင့်သန်းနဲ့ ကျွန်တော်သွားတွေ့ပါတယ်။ မင်းတို့တီးဝိုင်းစက် ငှားခ တင်ပါ။ တို့တတ်နိုင် မတတ်နိုင် ဆုံးဖြတ်မယ်... ပေါ့လေ။ ကျွန်တော်တို့ တီးဝိုင်းကို တာဝန်ခံသူက ဆရာမ ဒေါ်စန်းစန်းကြူ (ခုတော့တွဲဖက် ပါမောက္ခ၊ရွှေဘို။) ပါ။ ဆရာမ ဒီတုန်းက အပျိုကြီး။ စကားပြောရင် သူ့ရင်ညွှန့်ကို လက်ကလေးနဲ့ ထောက်ပြီး “အမလေးရှင်” “အမလေးဟယ်” လုပ်တတ်သူပါ။ ကိုသျှပ်ဟာ တိကျပြတ်သားသူဆိုတာ အဲဒီမှာတွေ့တော့တာပဲ။ ငွေကြေးကို ဂရုမစိုက်သလို သူ့ရပ်တည်ချက်ကို မပြောင်းတတ်သူဆိုတာ အဲဒီနေ့က တွေ့တော့တာပါ။
“ဟေ့...သျှပ်..မင်းက Bass ဂစ်တာ ငှားဖို့ ပြောတယ်ဆို”
“ဟုတ်ကဲ့ ဆရာမ...ကျွန်တော် ကြွက်နီကို ပြောထားပါတယ်”
“အဲဒါ.. ဘယ်လောက် ကျမယ်”
“ဒီကောင်ပြောတာ... ကျပ် ၃၀၀ လောက်ကျမယ် ပြောပါတယ်”
“အမလေ.. သျှပ်ရယ်”
ဆရာမ သူ့ရင်ညွှ့န့်ကို ထောက်နေပါပြီ။
ဒီတုန်းက ငွေ၃၀၀ကျပ်ဟာ တစ်နှစ်လုံး ကျောင်းနေလို့ရတဲ့ ငွေကြေးပါ။ တကယ်တော့ ဆင်မြူရယ် (ကရင်လိုခေါ်တော့ စမ်မရယ်ပေါ့ဗျာ) ကလည်း ငှားဖို့ မဟုတ်ပါဘူး။ ကျွန်တော့်ကြောင့်သာ ပေးမှာပါ။
“သျှပ်ရယ်..ဦးမြသွင် ဂစ်တာနဲ့ တီးလို့မရဘူးလား...”
“မရဘူး မဟုတ်ဘူး ဆရာမ... ကျွန်တော်တို့ ဂစ်တာကောင်းကောင်းနဲ့ တီးချင်တယ်၊ ပိုကောင်းတာပေါ့ဗျာ”
“ကဲ..မောင်ကြွက်နီ ..မင်းဘယ်လို လုပ်ပေးမလဲ..သျှပ်ကို”
“ဆရာမ...ကျွန်တော် ကိုသျှပ်ကိ တကယ့်ပွဲနေ့မှာ ရအောင် ယူပေးပါမယ်”
“မဟုတ်ဘူး... ငါ အခုကတည်းက ဒီဂစ်တာနဲ့ တီးထားမှပေါ့ကွ၊ ဒါမှ သူ့ဂစ်တာရဲ့ အထာကို သိရမှာ လေကွာ...”
“ဆရာမ ပြောမယ်..ဂစ်တာဖိုးကို နည်းနည်း လျော့ရင်ကောင်းမယ်...”
“ဟုတ်ကဲ့ ဆရာမ... ကျွန်တော် ကြိုးစားပါ့မယ်”
ကျွန်တော်ရအောင် လုပ်ပေးမှာပါ။ ခက်တာက.. ငွေကြေးပဲ။ ဌာနကလည်း မကျချင်၊ ဟိုကောင်ကလည်း ဇွတ်ငှားရမှာ။ ဆင်မြူရယ်နဲ့ ကျွန်တော်က ခရစ်ယာန်ဝိုင်းအချို့မှာ တွဲတီးဖူးပါတယ်။ လူချင်းလည်း ခင်တော့ မထူးပါဘူး။ ဒီကောင့်ကို ဇွတ်ပြောရတော့တာပေါ့။ ကိုသျှပ် (အင်မတန် စကားနည်းတဲ့သူ)က စကားတွေ မပြောစဖူး အများကြီး ပြောနေပြီ။ ပူနေပြီ။ နောက်ဆုံးကျွန်တော် ဆင်မြူရယ်ကို ပြောရတော့တယ်။ သူကပေးပါတယ်။ တစ်ပြားမှ မယူရှာပါဘူး။ ပွဲနေ့ကျ လာယူဖို့ ချိန်းဆိုပြီးပါပြီ။ မျိုးအောင်ရဲ့ Lead ဂစ်တာလည်း ပွဲနေ့ရမယ်။ ဒရမ်လည်း အဲဒီမနက် မြောင်းမြက ရောက်လာမယ်။ ဒီနေ့ Rehersal တော့ ရှိတာတွေနဲ့ပဲ ထိန်းတီးပေါ့လေ။ သီချင်း စက်နဲ့ တိုက်တဲ့နေ့ရောက်ပါပြီ။ စက်တွေ ပြင်ဆင်ပြီးချိန်မှာ ... ကိုသျှပ်က ဂြိုဟ်ကျပါတော့တယ်။
“ဟေ့ကောင်... ကြွက်... မင်း စင်မြူရယ် ဂစ်တာရောကွ..”
“ကိုသျှပ်... ကျွန်တော် ပွဲနေ့ရအောင် ယူပေးမယ်လေ...”
“မဟုတ်ဘူးလေ... ငါခုကျင့်မတီးထားပဲ ဘယ်အထာ သိမလဲ။ ခုစတီးချင်တယ်။”
“ကိုသျှပ်”
“မင်းရအောင် လုပ်ပေးကွာ..”
ကျွန်တော်တို့ရဲ့ Arranger ကိုသျပ်ကို ချစ်ကြပါတယ်။ ရိုသေကြတယ်။ ဆရာ/ဆရာမ တွေက အားလုံး ကျွန်တော့် တာဝန်ပဲ လုပ်ထားတာကိုး။ ဆရာမ ဒေါ်စန်းစန်းကြူ ကလည်း “အေးလေ.. သျှပ်ပြောတာ ဟုတ်တာပဲ.. မင်းယူပေးမယ်ဆို” လည်း လုပ်ရော။ ကျွန်တော် သီချင်းတိုက်ရက စက်ဘီးနဲ့ ထပြေးရပါတော့တယ်။ ရေချမ်းနဲ့ ကျွန်တော် စင်မြူရယ်ကို ရအောင်ရှာ။ ဂစ်တာကြီးကို ကရင်ပုဆိုး တစ်ထည်နဲ့ ပတ်ပြီး ရအောင် ယူခဲ့ရပါတော့တယ်။ “ရော့ဗျာ.. ကိုသျှပ်” ဆိုတော့မှ သူ့မျက်မှန် ထူထူလေး ပင့်ပြီး “ ဆရာမ.. စလို့ရပြီ” လုပ်တာလေ။
ကျွန်တော် ကိုသျှပ် အကြောင်းတွေ ဆက်ရေးချင် ပါသေးတယ်။ တော်တော် အေးဆေးသလောက် တစ်ခါတစ်ခါ ထပုပြီ ဆိုရင် အဲဒီလိုမျိုး ခင်ဗျ။
သိမ်းတင်သား
အင်္လကာ ၂၀၀၄ နိုဝင်ဘာလထုတ် မှ
Photo sketch credit: Original Uploader

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။