Aye Chan Mon
“ဒီမိုကရေစီရ မှ အမျှဝေပါ အဖေ”
Author: နန်းလွင်
ရန်ကုန်၊ ဩဂုတ် ၃ - လွန်ခဲ့တဲ့ ၂၅ နှစ်ခန့် စစ်တပ် အာဏာသိမ်းပြီး နောက်တစ်ရက် မနက်စောစောမှာ ဆူးလေတစ်ပတ် လမ်းလျှောက်ဆန္ဒပြပြီးရင် အိမ်ကိုသေချာပေါက်ပြန်လာမယ် ထမင်းစားစောင့်နေပါ လို့မှာပြီး ထွက်သွားခဲ့တဲ့ အသက် ၁၆ နှစ် အရွယ် သမီးငယ်လေး အဲသည်နေ့က အိမ်ကို ပြန်မလာနိုင်ခဲ့တာ တွေးမိတိုင်း မိခင် ဒေါ်ခင်ဌေးဝင်းတစ်ယောက် ဝမ်းနည်းကြေကွဲနေရဆဲ ဖြစ်ပါတယ်။
“အရင်တုန်းက မတားခဲ့ဘူး၊ အဲဒီနေ့ကတော့ ပစ်မယ်လို့ သတင်းတွေကြားတယ်၊ သမီးရယ် မသွားပါနဲ့လို့ တားခဲ့တယ်၊ သူ့အဖေရော သူ့အဘွားပါ ဝင်တားသေးတယ်၊ သူက ကျောင်းက အသေခံပဲ သွားပါရစေလို့ပြောပြီး ထဘီတိုတိုဝတ်ပြီး ထွက်သွားတယ်”လို့ အလက (၄) ကြည့်မြင်တိုင်မှ ရှစ်တန်းကျောင်းသူ မဝင်းမော်ဦး အိမ်ကထွက်သွားပုံကို မိခင် ဒေါ်ခင်ဌေးဝင်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသူ ကျောင်းသား ရဟန်းရှင်လူ ပြည်သူတွေကို စစ်တပ်က အင်အားသုံး ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ ဆူးလေရှေ့ ပစ်ခတ်မှုမှာ မဝင်းမော်ဦးတစ်ယောက်လည်း သေနတ်မှန်တဲ့အထဲမှာ ပါဝင်ခဲ့ပြီး သုံးချက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့ စပစ်တုန်းက ကလေးတွေရဲ့ ဒူးအောက်ပိုင်းကိုစပစ်တာ၊ အားလုံး ကတ္တရာလမ်းပေါ်ကို ဒူးထောက်ပြီး ကျတယ်၊ သမီးက ထိသွားတဲ့အချိန်မှာ သူ့လက်ထဲမှာ ဗိုလ်ချုပ်ပုံကိုင်ထားတော့ သူ့ကို ဘေးက သူငယ်ချင်းတွေက ဝင်းမော်ဦးဝပ်ဝပ်လို့ ပြောနေပေမဲ့ သူက သူ့သူငယ်ချင်း ပြောသလို မဝပ်လိုက်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူ့ရင်ခွင်ထဲမှာ ဗိုလ်ချုပ်ပုံပိုက်ထားတဲ့အတွက် သူဝပ်လိုက်လို့ရှိရင် ဗိုလ်ချုပ်ပုံနဲ့ ကတ္တရာလမ်းနဲ့ အပ်သွားလို့ရှိရင် ဗိုလ်ချုပ်ပုံကျသွားရင် သူတို့အဖွဲ့ကျတယ်ဆိုပြီးတော့ မဝပ်ဘဲနေတုန်း အောက်ပိုင်းကို ထပ်အပစ်မှာ လက်မောင်းကိုထိပြီး လဲသွားတယ်” လို့ မဝင်းမော်ဦးရဲ့ဖခင် ဦးအေးကြူက ပြောပါတယ်။
“လူကြီးတွေပြောတဲ့ဆိုတဲ့စကား နားမထောင်လို့ သမီးအခုလိုဖြစ်ရတာ သမီးကို ခွင့်လွှတ်ပေးပါလို့ ပြောပြီး မျက်ရည်တွေ ကျလာတယ်”လို့ ပြင်းထန်တဲ့ သေနတ်ဒဏ်ရာကြောင့် ဆေးရုံပေါ်ရောက်နေတဲ့ သမီးဖြစ်သူ မဝင်းမော်ဦးက ပြောခဲ့တယ်လို့ ဖခင် ဦးအေးကြူက ပြောပါတယ်။
မဝင်းမော်ဦးဟာ အလက (၄) ကြည့်မြင်တိုင် ကျောင်းသားသမဂ္ဂမှ လှုပ်ရှား တက်ကြွသူတစ်ဦးဖြစ်ပြီး ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်း နိုင်ငံရေးကို ပိုမို စိတ်ဝင်စားလာပြီး လှုပ်ရှားမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။ အဲသည်နေ့က မဝင်းမော်ဦးနဲ့အတူ ကြည့်မြင်တိုင် အလက (၄) မှ ကျောင်းသားနှစ်ဦးလည်း ဆူးလေပစ်ခတ်မှုမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဦးအေးကြူက “ကျွန်တော် ဆရာမနဲ့ စကားပြောနေတုန်း သူက ခေါင်းညိတ်ပြီး ထပ်ခေါ်တယ်၊ လာခဲ့ပါတဲ့၊ သမီးဘာလိုလို့လဲလို့မေးတော့ အဖေတဲ့ အဖေ့ဆီက သမီး ကတိတစ်ခုတောင်းချင်တယ်တဲ့၊ အဖေပေးနိုင်မလားတဲ့၊ သမီးက အဖေတဲ့ တကယ်လို့ သမီးတစ်ခုခုများ ဖြစ်ခဲ့လို့ရှိရင် သမီးတို့တောင်းထားတဲ့ ဒီမိုကရေစီ မရမချင်း သမီးနာမည်ကိုခေါ်ပြီး အမျှမဝေပါဘူးဆိုတဲ့ကတိကို ပေးမလားတဲ့၊ သူက အဲဒီလိုပြောလိုက်တော့ ကိုယ်က တွေဝေသွားတယ်၊ ကိုယ့်ဘာသာကိုယ် ပြန်ဖြေတယ်၊ သူတောင်မှ သူ့အတွက်၊ သူ့မိသားစု အတွက်၊ ရဟန်းရှင်လူ ကျောင်းသား တစ်ရပ်လုံးအတွက် သူ့အသက်တောင်သူ စတေးခံရဲသေးတာပဲ၊ ငါ သူတောင်းတဲ့ ကတိကို ဘာလို့ မပေးရဲရမှာလဲ၊ ကိုယ့်စိတ်ကိုကိုယ်ဖြေပြီး သမီးတောင်းတဲ့ကတိကို ပေးပါတယ်လို့ ပြောလိုက်တော့ မျက်ရည်တွေ ကျပြီး ငြိမ်သွားတယ်”လို့ ပြောပါတယ်။
သူလိုချင်တဲ့ ကတိတောင်းပြီးတဲ့ အဲသည်နေ့ညနေမှာပဲ မဝင်းမော်ဦး ကွယ်လွန်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အယူအရ သေဆုံးသူ ခုနစ်ရက်ပြည့်ရင် ကုသိုလ်ပြုလုပ်ကာ အမျှဝေရင် သေဆုံးသူရဲ့ဝိညာဉ်ဟာ ကောင်းရာမွန်ရာကို ရောက်သွားတယ်၊ အမျှမဝေမချင်း ဝိညာဉ် မကျွတ်လွတ်ဘူးဆိုတဲ့ အယူရှိပေမဲ့ ၂၅ နှစ်လုံးလုံး မဝင်းမော်ဦး အတွက် အလှူအတန်းတွေ လုပ်ခဲ့ပေမဲ့ နာမည်ခေါ်ပြီး အမျှဝေတာမျိုး မလုပ်ခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
မိခင် ဒေါ်ခင်ဌေးဝင်းက “အမျှလဲ ဝေချင်နေပါပြီ၊ အန်တီတို့လဲ အသက်ကြီးနေပါပြီ၊ ကိုယ်မသေခင်လေးမှာ သမီးအတွက် အမျှဝေပြီး သူလဲ လွတ်ရာကျွတ်ရာကို သွားစေချင်ပါတယ်”လို့ သူ့ရဲ့ ဆန္ဒကို ပြောပါတယ်။
ဖခင်ဦးအေးကြူက “သူတို့တောင်းထားတဲ့ဒီမိုကရေစီ ရမလား မရဘူးလားဆိုတာ ကိုယ်လဲသိနိုင်မှာမဟုတ်ဘူး၊ တကယ် ယုံကြည်ရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တက်မှဖြစ်မယ်ထင်တယ်၊ သမီးကို သူတောင်းထားတဲ့ ကတိအရ အမျှအတန်း မဝေတာပါ၊ သူ့ကို လွတ်ရာလွတ်ကြောင်း ကောင်းရာကောင်းကြောင်းကို ရောက်စေချင်တာပေါ့” လို့ ပြောပါတယ်။
မဝင်းမော်ဦးက မောင်နှမ ခြောက်ယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး ကျန်တဲ့ မောင်နှမတွေ၊ မိသားစုဝင်တွေလည်း အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်လို့မရသလို ပြည်ပထွက်ဖို့ ပတ်စ်ပို့လျှောက်ရင်လည်း ထုတ်မပေးဘူးလို့ သိရပါတယ်။
မဝင်းမော်ဦးရဲ့ ညီမဖြစ်သူက “ကျွန်မတို့ အစိုးရအလုပ်လဲဝင်လုပ်လို့ မရ၊ တူမတွေ ပတ်စ်ပို့လျှောက်ရင်တောင် မဝင်းမော်ဦးဆုံးခဲ့တဲ့ အိမ်လိပ်စာနဲ့ လျှောက်ရင် မရဘူး၊ နောက် အဘွားက သန်းခေါင်စာရင်းတွေပြောင်း၊ လိပ်စာတွေပြောင်းပြီး လုပ်မှ ရတယ်၊ နောက်ဆုံး အဲဒီအိမ်ကို ရောင်းလိုက်ရတယ်၊ အခု လှိုင်သာယာကို ပြောင်းလာတာ ၁၀ နှစ်ရှိပြီ”လို့ ပြောပါတယ်။
“ပထမပိုင်းတုန်းကတော့ ခေတ်ကောင်းလာရင် တရားစွဲမယ်လို့ တွေးခဲ့တယ်၊ အဲဒီတုန်းက ကိုယ်ကလူငယ်ပိုင်းကိုး၊ အခုနောက်ပိုင်းကျတော့ နှစ်တွေကြာလာတော့ တရားနဲ့ဖြေတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အာဃာတထားလို့ မဖြစ်ဘူးလေ”လို့ ဦးအေးကြူက ပြောပါတယ်။
ဦးအေးကြူက ကိုယ့်ရင်ထဲမှာတော့ သံမှိုလိုစွဲနေတာကတော့ ရှင်းရှင်းပြောရရင် ဒီစစ်ယူနီဖောင်းကို မြင်လို့ရှိရင် အခု အချိန်ထိ စိတ်ထဲမှာ နာကြည်းနေတယ်” လို့ ပြောပါတယ်။
ဆူးလေနားမှာ သွေးတွေတစ်ကိုယ်လုံး စွန်းထင်းနေတဲ့ မဝင်းမော်ဦးကို ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်နှစ်ဦးက သယ်မ,လာတဲ့ ပုံဟာ ၈၈ ကျောင်းသားအရေးတော်ပုံအကြောင်းကို ပြန်လည်ပြောဆိုတိုင်း လူတွေရဲ့ မျက်လုံးထဲမှာ မြင်ယောင်လာတဲ့ ပုံတစ်ပုံဖြစ်ခဲ့ပါတယ်။ အဲသည် ဓာတ်ပုံကြောင့် ကမ္ဘာ့ကလည်း မြန်မာပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ခဲ့တာနဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှားသိသွားစေခဲ့ပါတယ်။ မဝင်းမော်ဦးကို ကယ်ဆယ်တဲ့ ဆရာဝန်နှစ်ယောက်ထဲက ဒေါက်တာ စောလွင်ကတော့ စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ဖခင်က အစိုးရဝန်ထမ်းကနေ အနားယူလိုက်ရသလို ထောက်လှမ်းရေးမှ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ခေါင်းကနေ မ,ချီခဲ့တဲ့ ဒေါက်တာဝင်းဇော်ကတော့ ထောက်လှမ်းရေးရဲ့ စစ်ဆေးမှုကို ခံခဲ့ရပြီး ပြည်ပထွက်ခွင့်တွေနဲ့ ရာထူးဆိုင်ရာအခွင့်အလမ်းတွေ ပိတ်ပင်ခံခဲ့ရပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ဆရာဝန် အသင်းမှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
မဝင်းမော်ဦးမိသားစုကတော့ မဝင်းမော်ဦးပုံတွေကို အိမ်ထဲမှာ နေရာအနှံ့ချိတ်ဆွဲထားပြီး အရေးအခင်းမှာ အသက်စွန့်သွားတဲ့ သမီးအတွက် ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။
Date: Wednesday, August 7, 2013
အေးချမ်းမွန် Credit To >>Kumudra<< Thanks
Re-posted By ACM 7-8-2013
https://www.facebook.com/excellencemedia

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။