Tun Wai
"ဒီစကား" ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်းဂျာနယ် Volume 2 No.25
ဇူလိုင်လ ရောက်ပြီဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို စဉ်းစားမိပါတယ်။ ‘အာဇာနည်’ ဆိုတဲ့ အဓိပ္ပာယ်ကို ယခင်က ဆွေးနွေးပြီးပြီထင်ပါတယ်။ မူလသက္ကတစကားအရ အမျိုးကောင်းကို ဆိုလိုတာပါ။ ဟိန္ဒူဘာသာယဉ်ကျေးမှုလွှမ်းမိုးတဲ့ အိန္ဒိယနိုင်ငံမှာတော့ ဇာတ်မြင့်တဲ့သဘောလို့ဆိုနိုင်ပါတယ်။ ကျွန်မတို့ မြန်မာဘာသာစကားထဲကို ရောက်ပြီးတဲ့အခါမှာ ‘အာဇာနည်သူရဲကောင်း’ လို့တွဲသုံးလာတာကို တွေ့ရပါတယ်။ အာဇာနည်ရဲ့ အဓိပ္ပာယ်ကို လျင်လျင်မြန်မြန် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချပြီး ဆုံးဖြတ်ချက်နဲ့အညီ လုပ်ရဲကိုင်ရဲခြင်းလို့ အဓိပ္ပာယ်ဖော်ထားတာလည်း ဖတ်ဖူးပါတယ်။ ဒါက မူလအဓိပ္ပာယ်နဲ့ အတော်လေးဝေးသွားပြီဖြစ်ပေမဲ့ ကျွန်မကတော့ နှစ်လိုဖွယ်ဖြစ်တယ်လို့ ယူဆပါတယ်။
ငယ်ငယ်တုန်းက အာဇာနည်နေ့ကို အကြောင်းပြုပြီး အာဇာနည်ဆိုတဲ့ ဝေါဟာရကို သိခဲ့ရတာကြောင့် အာဇာနည်ဆိုတာ နိုင်ငံနဲ့ ပြည်သူ-ပြည်သားတွေအတွက် အသက်ပေးသွားသော ပုဂ္ဂိုလ်များလို့ နားလည်ခဲ့ပါတယ်။ နည်းနည်းကြီးလာတဲ့အခါမှာတော့ အာဇာနည်ဆိုတာ မိမိယုံကြည်ချက်အရ အသက်စွန့်သူများလို့မြင်လာပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်ဖော်ပြချက်ကို ဖတ်ပြီးတဲ့အခါမှာ စဉ်းစားစရာတွေ ပေါ်လာပါတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ မြန်မြန်၊ မှန်မှန် ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်နိုင်တယ်ဆိုတော့ ကာယသတ္တိသာမက ဥာဏ်ရည်ထက်မြတ်မှုပါ လိုအပ်တာပေါ့။ ဒီတော့ အာဇာနည် ဆိုတာ မိုက်ရူးရဲသတ္တိမျိုးလောက်နဲ့ မဖြစ်နိုင်ဘူးလို့ သဘောပေါက်လာပါတယ်။ ဆက်ပြီးတွေးကြည့်တဲ့အခါမှာ အချိန်တိုလေးအတွင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ အသက်စွန့်ရေး-မစွန့်ရေးထက် ပိုမိုနက်နဲနိုင်တယ်လို့ တွေးမိပါတယ်။
ဆက်လက်ရုန်းကန်နိုင်ဖို့၊ ရှင်သန်ဖို့လိုတယ်လို့ ဆုံးဖြတ်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ လုံ့လ-၀ီရိယမလျှော့တဲ့ မဟာဇနကထုံး နှလုံးသွင်းကာ ပင်ပန်းဆင်းရဲခံခြင်းဟာလည်း အာဇာနည် မပီသပေဖူးလား။ ကျွန်မစဉ်းစားမိပါတယ်။ ဖေဖေနဲ့တကွ ကျွန်မတို့ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးများ လွတ်လပ်ရေးမရမီ ကျဆုံးသွားခဲ့ရခြင်းကြောင့် ကျွန်မတို့နိုင်ငံရဲ့ ကံကြမ္မာက ဆိုးရွားခဲ့ပါတယ်။ ကျွန်မတို့ထက် လပိုင်းသာစောပြီး လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံ။ မြန်မာနိုင်ငံထက် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာ များပြားလှတဲ့ အိန္ဒိယနိုင်ငံ။ မြန်မာနိုင်ငံထက် သယံဇာတနည်းပါးပြီး ဆင်းရဲမွဲတေမှုပိုမိုမြင့်မားတဲ့ အိန္ဒိယနိုင်ငံ။ လွတ်လပ်ရေးရခါစ အချိန်မှာပင် ပါကစ္စတန်နိုင်ငံသစ်ပေါ်ပေါက်ရေးအပေါ်အခြေခံတဲ့ ကြီးမားတဲ့ သွေးချောင်းစီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ။ ဒီလိုများပြားလှတဲ့ အနိဌာရုံတွေထဲက ယခုအခါမှာ ကျွန်မတို့မြန်မာနိုင်ငံမှာထက် တည်ငြိမ်မှု၊ တိုးတက်ချမ်းသာမှုရှိနေတာဟာ လွတ်လပ်ရေးရခါစ အခက်အခဲ၊ အန္တရာယ်များပြားလှတဲ့၊ အလွန်သိမ်မွေ့တဲ့ အချိန်အခါမှာ လွတ်လပ်ရေးလှုပ်ရှားမှုကို ပိုင်ပိုင်နိုင်နိုင် ဦးဆောင်မှုပေးခဲ့လို့၊ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရရှိထားတဲ့ ခေါင်းဆောင်ကြီးများ အစိုးရဖွဲ့ အုပ်ချုပ်သွားနိုင်ခြင်းအကြောင်းက အင်မတန်အရေးပါတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးများဟာ နိုင်ငံအတွက် ရှင်သန်ဖို့လိုတယ်ဆိုတာကို လက်ခံခဲ့ကြမှာပါ။ ရွေးချယ်နိုင်မယ်ဆိုခဲ့ရင် သေရေးထက် ရှင်ရေးကို ရွေးချယ်ခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ အများပြည်သူအတွက် လုံလုံလောက်လောက် မစဉ်းစားခဲ့ဘဲ နိုင်ငံရေးထဲကို အကြမ်းဖက်၊ မသမာတဲ့ နည်းလမ်းတွေ ဆွဲထည့်မှုကြောင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေလို့ သုံးနှုန်းလေ့ရှိတာကြောင့် အင်မတန်ရင့်ကျက်၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲလို့ ထင်ကြတာရှိပါလိမ့်မယ်။ တကယ်တမ်းတော့ အသက်ကြီးဆုံး ဒီဒုတ်ဦးဘချိုက ၄၉နှစ်၊ ၀န်ကြီးအဖွဲ့ထဲမှာ အငယ်ဆုံးဖေဖေက ၃၂နှစ်ပြည့်ပြီး မကြာသေး။ ဦးရာဇတ်ရဲ့ သက်တော်စောင့် ရဲဘော်မောင်ထွေးက ၁၈နှစ်သာရှိပါသေးတယ်။ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ဖို့ အရွယ်ကောင်းတွေပါ။ ဒါတွေကိုတွေးပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ကဗျာထဲက တော်လှန်ရေးသမားရဲ့စကားကို သဘောကျ ထောက်ခံတာပါ။
အမောင်ပြောက်ကျား တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း။
ခရီးမတ်တပ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။
ကျန်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ၊ အားကိုးတကြီးနဲ့ ခေါင်းဆောင်အဖြစ် လက်ခံခဲ့တဲ့ ပြည်သူတွေကို လမ်းတစ်ဝက်မပြောနဲ့၊ လမ်းအစလေး မရောက်တရောက်မှာထားခဲ့တာကို အာဇာနည်စိတ်ဓာတ်ရှိတဲ့ ခေါင်းဆောင်ကြီးတွေ ဘယ်လောက်အားနာခဲ့ကြမလဲ။ သွားတဲ့သူတွေကတော့ သွားကြပြီ။ ကျန်တဲ့ကျွန်မတို့တစ်တွေဟာ ဒီလိုရတောင့်ရခဲ ခေါင်းဆောင်ကြီးများရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ တကယ်ပဲ မှန်ကန်တဲ့ အာဇာနည် အရည်အချင်းတွေနဲ့ ပြည်စုံဖို့ ဘယ်လောက်ကြိုးစားနေကြသလဲ။
ဒီတစ်ပတ်တော့ ဒီမျှသာ။ ။
အောင်ဆန်းစုကြည်
မေတ္တာရိပ်
မှ ပြန်လည်ကူးယူမျှဝပါတယ်.
2.7.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။