Royal Hero Media
ရဲရေးရောက်သော်
ရွံ့ကြောက်မဲ့တွန်
နိုင်ငံ့ဝန်၌
ကုမ္ဘဏ်ယက္ခ
နာဂခြင်္သေ့
ရင်ဆိုင်တွေ့လည်း
ခွာ၍မတွန့်
အသက်စွန့်လော့။
ရှင်မဟာရဋ္ဌသာရ (ဂမ္ဘီသာရပျို့)
''ရဲရင့်ခြင်း'' နှင့် ''ကြောက်ရွံ့ခြင်း'' တို့သည် ဆန့်ကျင်ဘက် စကား နှစ်လုံးဖြစ်၏။ အနှစ်သာရ သဘောခြင်းလည်း မတူ ခြားနား၏။လောကတွင် ရှေ့သို့ တက်လှမ်းခြင်း၊ နောက်သို့ တွန့်ဆုတ်ခြင်း ဟူ၍ နှစ်မျိုးရှိ၏။ ရှေ့သို့ တက်ခြင်းသည် ရဲရင့်ခြင်း သဘောဖြစ်၏။ နောက်သို့ တွန့်ဆုတ်ခြင်းသည် ကြောက်ရွံ့ခြင်း သဘောဖြစ်၏။
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် စကား ပြောရာတွင် Forward ဟူသော စကားလုံးကို သုံးလေ့ရှိ၏။ သူ၏ ဒုတိယ သမ္မတ သက်တမ်း အတွက် မဲဆွယ် စည်းရုံးရာတွင်လည်း ထို Forward စကားလုံး ကိုပင် သုံးခဲ့သည်ဟု ဆိုသည်။ အဓိပ္ပာယ်မှာ ရှေ့သို့ တက်လှမ်းခြင်းကို ဆိုလိုသည်။ နောက်သို့ တွန့်ဆုတ်ခြင်း မပြုဘူး ဟူသော သဘောကို ဆောင်သည်။ အိုဘားမား၏ ရဲရင့် ပြတ်သားသော ဆုံးဖြတ်ချက်၊ ခိုင်ကျည်သော အဓိဋ္ဌာန် ဖြစ်သည်ဟု ဆိုနိုင်၏။
အမှန်စင်စစ် ရဲရင့်ခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ''အတက်''နှင့် ''အဆုတ်''ပင် ဖြစ်၏။ ''အတက်''ဟူသည် ရဲရင့်ခြင်း၊ ကြီးပွား တိုးတက်ခြင်းကို ဖြစ်စေနိုင်၏။ ''အဆုတ်''ဟူသည် ကြောက်ရွံ့ခြင်း လျော့ကျ ပျက်စီးခြင်းကို ဖြစ်စေတတ်၏။ တိုးတက် ကြီးပွား ခြင်းသို့ ရောက်စေရန် ရဲရင့်ခြင်း၊ ဝီရိယ အစွမ်း ထက်သန်ခြင်း တို့ကို အစဉ် မွေးမြူသင့်ပါ၏။ ကြောက်ရွံ့ တွန့်ဆုတ်သော သူသည် အထွတ်အထိပ်သို့ ရောက်မည် ဝေးစွ၊ မိမိ၌ ရရှိပြီးသော စည်းစိမ် ချမ်းသာမှု ကိုပင် လုံခြုံအောင် ဆောင်ရွက် နိုင်ရန် ခဲယဉ်းသည်။
ရဲစွမ်းသတ္တိ ရှိသော သူသည် မိမိကိုယ် မိမိ အားကိုး၏။ သူတစ်ပါးကို အားမကိုး၊ မှီခိုလိုသော ဆန္ဒလည်း နည်းပါး၏။ ရဲစွမ်းသတ္တိ မရှိဘဲ သူရဲဘော နည်းသောသူ သည်ကား မိမိကိုယ်ကို အားမကိုးဘဲ သူတစ်ပါး ကိုသာ မှီခို အားကိုးသော ဆန္ဒရှိကြသည်။
သတ္တိဟု ဆိုရာတွင် နှလုံးရည်၊ လက်ရုံးရည် ပေါင်းစပ်သော စွမ်းရည် ရှိမှသာ စစ်မှန်သော သတ္တိ ဖြစ်ပေမည်။ သတ္တိသည် စဉ်းစား ချင့်ချိန်၍ လုပ်သင့် လုပ်ထိုက် သည်ကို တည်တည်ငြိမ်ငြိမ် လုပ်ခြင်းဖြစ်၏။ တဇောက်ကန်း မိုက်ရူးရဲ လုပ်ခြင်းမျိုးသည် သတ္တိ မဟုတ်ပေ။ မိုက်မဲ ခြင်းသာဖြစ်၏။ ခြင်္သေ့ကဲ့သို့ ရဲရင့်၍ သိုးငယ်ကဲ့သို့ သိမ်မွေ့သော ရဲစွမ်း သတ္တိ ရှိသူသာလျှင် သတ္တိ အစစ်အမှန် ရှိသူဖြစ်သည်။
စစ်မှန်သော သတ္တိ၏ အရည်အချင်း များက နက်နဲ သိမ်မွေ့လှ၏။ စူးရှ ထက်မြက်၏။ ဥပမာ အားဖြင့် ကြီးနိုင်ငယ်ညှဉ်း စိတ်မရှိခြင်း၊ တစ်ဖက်သတ် အနိုင်မယူခြင်း၊ မတရား မလုပ်ခြင်း၊ သူတစ်ပါး မတရား လုပ်သည် ကိုလည်း မကြိုက်မနှစ် သက်ခြင်း၊ အားနည်းသူ၊ အားနွဲ့သူနှင့် နိမ့်ကျ သူများကို စာနာ ထောက်ထားခြင်း၊ သည်းညည်းခံခြင်း၊ အမှန် လိုအပ်သည့် အချိန်တွင် အသက်ကိုပင် စွန့်ရသည် ဖြစ်စေ မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်း တို့သည် သတ္တိ၏ အရည် အချင်းများ ဖြစ်သည်။
''လျော်ခွင် သေပျောက်၊ ဘေးဒဏ် ရောက်လည်း၊ မကြောက်လန့်ရာ၊ မျက်နှာ သဏ္ဌာန်၊ လပြည့်ဟန်သို့၊ ဖောက်ပြန် မရွေ့၊ ကြာပတေ့ကို၊ ရှေ့နောက် တင်တင်၊ရန်သူမြင်က၊ ဆင်ခြင်ထောက်ချင့်၊ ကြောက်ကြိမ်းနှင့်''ဟူ၍ သတ္တိ၏ စွမ်းရည်ကို သြဝါဒထူး ပျို့တွင် ဖော်ကျူး ပြဆိုထားသည်။
သတ္တိ၏ စွမ်းရည်မှာ အနိုင်ယူ၍ ဝင့်ဝါ ဂုဏ်မောက်၊ ဟန်ရောက်ခြင်း၊ အနိုင်အထက် ပြုမူခြင်း မဟုတ်ပေ။ ''သတ္တိ'' ၏ စွမ်းရည် အသိမှာ မိမိနိုင်သည့် အချိန်တွင် သဘောထား ကြီးကြီးနှင့် သည်းခံနိုင်စွမ်း ရှိသလို မိမိခံရသည့် အလှည့်တွင် တည်တည် ငြိမ်ငြိမ်ဖြင့် မကြောက်မရွံ့ ခံနိုင်စွမ်း ရှိခြင်း ဖြစ်သည်။ အမှန်တရားနှင့် အများအကျိုး အတွက် အန္တရာယ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ခြင်း၊ အနစ်နာ ခံခြင်း၊ ကိုယ်ကျိုး စွန့်ခြင်း များကသာ သတ္တိ၏ ပင်ကို အရည်အသွေးများ ဖြစ်သည်။
သူရဲကောင်း တို့၏ လက္ခဏာနှင့် ပတ်သက်၍ စာဆိုတော် ''ရှင်မဟာ သီလဝံသ'' ၏ ''ရာဇဝင်ကျော်'' တွင် ဤသို့ ပြဆို ထားပါ၏။
သူ့စစ်သည် လာ၍၊ ချောင်းချောင်း တက်သော မြူမှုန့်ကို မြင်ကာတည်း၊ ကြောက်ထိတ် လန့်သော သူရဲလည်း တစ်ယောက်။
ထိုမျှနဲ့ ခိုင်ခံ့တုံ၍၊ ရဲတံခွန် များကို မြင်ရလျှင် ကြောက်လန့် တုန်လှုပ်သူလည်း တစ်ယောက်။
ထိုမျှ နှစ်ပါးကို မြင်သောအခါ ခိုင်ခံ့နိုင် တုံ၍၊ သူ့စစ်သည်တို့ ခြိမ်းမောင်းသံကို မခံချိသ သူလည်း တစ်ယောက်။
ထိုမျှ သုံးပါးကို သိနိုင်တုံ၍၊ လေးမြားဓား လှံချွန်း၊ တစ်ခုသည်မျှ၊ စူးရကာကို မခံချိသ သူလည်း တစ်ယောက်။
ထိုမျှ လေးကြိမ်၌ မတုန်မလှုပ် သိနိုင်တုံ၍ ''အသက်ကို စွန့်မြဲ သူရဲဟူလျက်၊ အသက်ကို ချစ်ဖွယ်မဟိ၊ အသက်ကို ချစ်သသူ သည်လည်း၊ သူရဲမူဖွယ် မဟိ'' ဟူ၍ ထိုထိုသော အမှုကို ဖျောက်ခွင်း နိုင်သသူလည်း တစ်ယောက်။
ဤငါးယောက် တို့တွင် နှောင်းတစ်ယောက် သာလျှင် သူရဲကောင်း အင်္ဂါ လက္ခဏာ လေးပါးနှင့် ပြည့်စုံသော သူရဲကြီး မည်သတည်း။ ဤသို့သော သူရဲကြီးကား အမှု ဟူသမျှတို့ အောင်မြင်နိုင်၍ အရာ အထူးသို့ ရောက်သည်သာ ဖြစ်ရာ၏။ ဤကား သူရဲ လက္ခဏာတည်း။
တစ်ဖန် ကြောက်ရွံ့ တတ်သူများနှင့် ပတ်သက်၍ စာရေး ဆရာကြီး ''ပီမိုးနင်း''က ''သုခချမ်းသာ စိတ်ပညာ စာအုပ်''တွင် ''အကြောက်သည် လူတို့၏ အကြီးဆုံးသော ရန်သူဖြစ်၏။ အကြောင်းမူကား များစွာသော အနိဋ္ဌာရုံ တို့သည် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်၍ လာရပေသည်။
အကြောက်သည် သတိဥာဏ် ကင်းလွတ် စေသဖြင့် အခက်အခဲ ဘေးရန်ခပင်း တို့နှင့် တွေ့ကြုံသည့် အခါ အကြောက်သည် ရန်သူဘက်က နေ၍ ကူညီတတ်လေသည်။
တစ်စုံတစ်ခုသော ဘေးရန် အခက်အခဲနှင့်တွေ့ရာ၌ ရုတ်တရက် ဥာဏ်သည်မကြောက်မှ ပေါ်လာနိုင်သည်။
အကြောက်သည် ကြောက်သူကို ပြန်၍ ထိခိုက် စေသော အားတစ်မျိုး ဖြစ်သည်။ ကြောက်ခြင်းကြောင့် ဆုံးရှုံးရ၏။'' ဟူ၍ ရေးသားထားသည်။
ရဲရင့်ခြင်းတည်း ဟူသော ကိုယ်ပိုင် အစွမ်းကို အားကိုး၍ ကိုယ်တိုင် ကြိုးစား လေ့ ရှိသောသူသည် ကိုယ်ပိုင် ချမ်းသာမျိုး၊ ကိုယ်ပိုင် ဂုဏ်မျိုးကို ရရှိနိုင်သည်။ ကိုယ်ပိုင် ဂုဏ်ကား တန်ဖိုးကြီး၏။ ကိုယ်ပိုင်ဂုဏ်ဖြင့် သူတစ်ပါး တို့ကို လွှမ်းခြုံနိုင်၏။
သို့ဖြစ်၍ ကိုယ်ပိုင် ချမ်းသာခြင်းမျိုးနှင့် ကိုယ်ပိုင် ဂုဏ်မျိုး ရရှိ ကြစေရန် လုံ့လ စွမ်းအင်နှင့် ထက်သန် ရဲရင့်ခြင်း တို့ကို မွေးမြူ သင့်ပါ၏။
ဝီရိယ ရှိသောသူသည် ရဲရင့်ခြင်း သဘောကို နားလည်၏။ ရဲရင့်သော သူသည်ဝီရိယ သဘောကို နားလည်၏။ ရဲရင့်ခြင်းနှင့် လုံ့လ ဝီရိယသည် မိတ်ဖက် ဖြစ်၏။ ထို့အပြင် ပါဠိဝိ ဂြိုဟ်အရ ''ဝီရဿဘာဝေါဝီရီယံ'' ရဲရင့်သူ၏ ဖြစ်ကြောင်း ဖြစ်ရာ သဘောတရားသည် ဝီရိယ မည်၏ဟု ဆိုထားသဖြင့် ကြိုးစား အားထုတ် ခြင်းသည် ရဲရင့်မှ သတ္တိရှိမှ၊ ဇွဲရှိမှ လုံ့လရှိမှ ပြုလုပ်နိုင်မည် ဖြစ်သဖြင့် ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း၊ လုံ့လရှိခြင်း တို့သည် ဝီရိယပင် ဖြစ်ပါ၏။
သတ္တိကောင်းသည့် သဘောသည် ဝီရိယ၏ အစွမ်းပင် ဖြစ်သည်။ ကိစ္စ တစ်ခုခု ပေါ်လာလျှင် ထိုကိစ္စ ပြီးမြောက်အောင် မလျှော့ဘဲ အံခဲ၍၊ ကြိတ်မှိတ်၍၊ ဆင်းရဲ ဒုက္ခကို သည်းခံ၍ မဖြစ်မနေ ဆောင်ရွက်ခြင်းသည် ဝီရိယ ယှဉ်သော စိတ်၏ စွမ်းအင်ပင် ဖြစ်လေသည်။ မတုန်မလှုပ်၊ ကြံ့ကြံ့ခိုင်ခိုင် ရဲရဲဝံ့ဝံ့ ကြိုးစား လုပ်ပြီ ဆိုလျှင် ဝီရိယ အကျိုးကို မလွဲမသွေ ခံစားရမည်သာ ဖြစ်ပါကြောင်း တင်ပြ ရပါ၏။ ။
မြဝတီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။