Tun Wai
ဒီမိုကရေစီဆိုတာက . . . ဘာလဲ
ဖတ်ကြည့်ပါ ဦးဇာဂနာပြောတာ ကောင်းတယ်ဗျို့ 
တိုင်းပြည်မှာ လူတော်တော် များများက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကို တွင်တွင် ပြောကြသည်။ တချို့ကလည်း မြန်မာတွေသည် ဒီမိုကရေစီနှင့် မထိုက်တန်သေး၊ လူ့အခွင့်အရေး နှင့် ဝေးသေးသည်ဟု ဆိုကြ၏။ စည်းကမ်း မရှိတာကို အပြစ်တင်၏။ ဥပဒေကို မလိုက်နာတာ
အား နည်းချက်တစ်ခုဟု လက်ညှိုးထိုး ကြသည်။ အမှိုက်ပုံး မရှိလို့
အမှိုက် မပစ်တာကို စည်းကမ်း မရှိဘူးလို့ မဆိုကြစေချင်။ ဥပဒေကို ကိုင်တွယ် နေသူများက မလိုက်နာ ပါပဲလျက် ပြည်သူက ဘာကြောင့် ဥပဒေကို လေးစားရိုသေ ရအံ့နည်း။
ဒီမိုကရေစီကဘာလဲ။
လူ့အခွင့်အရေးကဘာလဲ။
တကယ်တော့ အနောက်က တင်ပို့လိုက်သော အတွေးအခေါ် များသာ။ အင်္ဂလိပ် လက်အောက် တောက်လျောက် ဒီမိုကရေစီ ဆိုတာနှင့် အထိုက်အလျောက် ကျင့်သား ရခဲ့သော မြန်မာပြည်သူများကို ဒီမိုကရေစီ အိပ်ယာထဲက ဆွဲထုတ်ခဲ့သူမှာ တော်လှန်ရေး ကောင်စီဖြစ်သည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင် ပေးတာလည်း
တော်လှန်ရေး ကောင်စီ တဖြစ်လဲ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပင်
ဖြစ်နေပြန်၏။ သည်တော့ နိုင်ငံရေးမှာ တစ်ပါတီဟု ကျွန်တော်တို့
အော်ကာ အော်ကာ ဝေဖန်ခဲ့သော စစ်တပ် အခြေပြု မ.ဆ.လ အစိုးရကပင် အပြောင်းအလဲ လုပ်ပေးခဲ့သလို ဖြစ်နေသည်။
ခုတစ်ခါ ၂၀၀၈ ဖွဲ့ စည်းပုံ နှင့်နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်တင်
ပေးခဲ့တာလည်း စစ်တပ် အခြေပြု အစိုးရပင် ဖြစ်နေပြန်သည်။ ဒါတွေကို သတိထား စေချင်၏။ ဘေးတိုက် ဆက်ဆံရေး မရှိသော လူ့အသိုက်
အ၀န်းက သယ်ဆောင် လာသော ပြောင်းလဲမှုကို သတိပြုရမည်။
အတိုက်အခံဖက်မှာ (ခံနိုင်ရည်) သာရှိသည်။ မီးကြိုးဆိုသည် လျှပ်စစ်ဓါတ်ကို ဖြန့်ဝေပေး သည် မှန်သော်လည်း သတ်မှတ်
ထားသော ခံနိုင်ရည်အထိသာ တောင့်ထားနိုင် ပေလိမ့်မည်။ ကျော်လွန်
ပါက ပြတ်တောက်ပေမည်။ လက်ရှိ ဦးသိန်းစိန် အစိုး ရသည် ပင်ကိုသဘာဝအားဖြင့် စစ်တပ်မှ မွေးထုတ်ပေးလိုက် သူများသာ ဖြစ်သည် ဆိုခြင်းကို အားလုံး မမေ့သင့်ကြပါ။ လွှတ် တော် ဥက္ကဌ နှစ်ယောက်လုံး သည်လည်း စစ်တပ်မှ လာသူများပင် ဖြစ်၏။ ဒါကိုပင်လျင် သဘောထား
ပျော့ပြောင်း သူများ၊ အပြောင်း အလဲကို လိုလားသူများဟု ဇွတ်အတင်း လိုက်လံ တံဆိပ်ကပ်နေ ကြသူများမှာလည်း အတိုက်အခံ နိုင်ငံရေး
ဖက်မှ ခေါင်းဆောင် ဆိုသူများပင် ဖြစ်သည်။ သို့ဆိုလျင် ၂၀၁၀
မတိုင်မီက ထို(ဗိုလ်ချုပ်ကြီးများ)သည် အပြောင်းအလဲ လိုလားလျက် မလိုလားချင် ယောင်ဆောင် ထားသကဲ့သို့ ဖြစ်နေပြန်၏။
နှစ်ပေါင်း လေးဆယ်ကျော် ဟန်ဆောင် ကောင်းသူများ အဖြစ်
ကမ္ဘာမှာ စံတင် လောက်ပေသည်။
အတိုက်အခံတွေမှာ တကယ်တော့ တိကျ သေချာသည့် စိတ်အခံမရှိ။ အီမိုးရှင်းပေါ် အခြေခံထားသည့် နိုင်ငံရေး ပုံစံဖြစ်နေသည်။ စိတ်ခံစားမှုကို
ရှေ့တန်းတင်လျင် မှားနိုင်သည်။ မိုဟာမက်အလီသည် လက်ဝှေ့ သမား သက်သက် မဟုတ်ချေ။ မိမိပြိုင်ဖက်ကို ဒေါသထွက် လာအောင် ဆွပြီး လက်ဝှေ့ ထိုးတတ်၏။ သည်တော့ ပြိုင်ဖက်က ဒေါသထွက်လာပြီး မှားတော့သည်။ ဒီအမှားကို အသုံးချပြီး အလီက အနိုင်ယူတတ်သည်။ ယခုလည်း စိတ်မရှည်အောင် စိတ်တိုအောင် ရန်စသော ဆွပေးသော စကားများ လုပ်ရပ်များဖြင့် တစ်ဖက်က လှုပ်လာပြီ။ မိမိတို့ ပါမသွားဖို့ အရေးကြီး ပါသည်။
မိုဟာမက်အလီသည် တစ်ဖက်လူကို ယုံကြည်မှု ပျက်သွားအောင် လှည့်စားတတ်လေ့ ရှိသည်။ ဂျောခ်ျ့ဖိုမင်နှင့် လက်ဝှေ့ထိုးစဉ်က
ဂျော့ခ်ျဖိုမင်သည် အလီထက် အသက်ငယ်၏။ လက်သီးပြင်း၏။
ရေအပြည့် ထည့်ထားသော တိုင်ကီကို ပင်လျင် ဘိုင်းကနဲ လဲသွားအောင် ထိုးချနိုင်သူကား ဂျော့ခ်ျဖိုမင်။ သို့တစေ ကင်ရှာဆာမှာ အလီဘုန်မာရေး ဟူသော ပရိသတ် အားပေးမှု နှင့်အတူ ရှစ်ချီမှာ အလီက အလဲထိုးနှင့် အနိုင်ရ ခဲ့လေသည်။ လက်သီးပြင်း လှသူဟု နာမည်ကြီး လှသော
ဂျော့ခ်ျဖိုမင်က အလီကို အကြိမ်ကြိမ် ထိုးနှက်ခဲ့ သော်လည်း အလီက နည်းနည်း ကလေးမှ မဖြုံခဲ့။ အပြုံးတောင် မပျက်ခဲ့။ ဒီကြားထဲ ဖိုမင် လက်သီးပြင်းတယ် ဆိုတာ ဟုတ်ကော ဟုတ် ရဲ့လားလို့ ပရိသတ်ကို ခဏခဏ လှည့်မေးလိုက်သေးသည်။ ဖိုမင် ကိုယ်တိုင်ပင်လျင် ကိုယ့်လက်သီး ကိုယ်ပြန်ကြည့်ရ သည်အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ယိုယွင်းလာ ခဲ့တော့သည်။ ဒီလိုဖြစ်ဖို့ အလီဖက်က ပေးဆပ်ရတာတွေ များသည်။ ခံနိုင်ရည် အားကောင်းအောင် အကြိမ်ကြိမ် လေ့ကျင့် ခဲ့ရ ရှာသည်။ ဒီဒဏ်တွေကြောင့်ပင် ယခုအခါ ပါကင်ဆန် ရောဂါစုကို
အလီ ခံစား နေရရှာချေပြီ။
ခုလည်း မိမိတို့ဖက်က ခံနိုင်ရည်ကောင်း နေသည်ကို နေရာမှန်အောင် အသုံးချ တတ်ဖို့ လိုချေပြီ။ မိမိ၏ ခံနိုင်ရည်အားဖြင့် တစ်ဖက် ပြိုင်ဘက်၏ ယုံကြည်မှု ယိုယွင်း သွားအောင် ဗျူဟာ ချတတ်ဖို့ လိုချေပြီ။ တစ်မျိုးပြီး တစ်မျိုး အကဲစမ်း လာမှုကို အကဲ မဆတ်ပဲ တုန့်ပြန်တတ်ဖို့ အရေးကြီး လှပေသည်။ မိုဟာမက် အလီကို နမူနာ ပေးရတာ အကြောင်းရှိသည်။ လက်သီးထိုးတတ် ရုံသာ ထိုးလေ့ရှိသော လက်ဝှေ့သမား မဟုတ်။ ဦးနှောက်နှင့် ဥာဏ်ကို လွှာသုံးကာ ထိုးသတ်လေ့ရှိ သောကြောင့်ပင်။ သင်္ချာပညာမှာ အရေးကြီးသော စီသုံးလုံး ဆိုတာရှိသည်။
Concept
Calculateနှင့်
Checkတို့ ဖြစ်သည်။
အခြေခံ ရပ်တည်မှု သဘောထားကို တိတိကျကျ ခိုင်မာအောင် လုပ်ရပေမည်။ သည်လိုဆိုလျင် ကိုယ့်အမြင် ကိုယ့်အယူကို ဘယ်လောက် အတိုင်းအတာ အထိ ထိရောက်နိုင်မလဲ ဆိုတာ တွက်ရချက် ရတော့မှာ
ဖြစ်သလို တစ်ဖက်က မိမိပြိုင်ဖက်၏ အနေအထားကိုပါ ဘယ်လောက် ခိုင်မာသလဲလို့ တွက်ချက် နိုင်ပေမည်။ ပြီးလျင်တော့ အပြန်ပြန် အလှန်လှန် ထိန်းကျောင်း စောင့်ကြည့် ရတော့မည်။ ကိုယ်နှင့် ကိုယ့်အဖွဲ့ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ကိုလည်း သေသေ ချာချာ ဆန်းစစ် ရပေမည်။ ကိုယ့်ပြိုင်ဖက်၏ ခြေလှမ်းတွေလည်း ဘယ်လောက် ဘယ်လို ဘယ်ကို သွားနေတယ် ဆိုတာကို သေသေ ချာချာ စူးစမ်း လေ့လာ
နိုင်ပေတော့မည်။
အထက်အောက် ဆက်ဆံရေး ရှိသူများသည် အမိန့်ကို နာခံတတ်သည် ဆိုသော သဘာဝကို မမေ့ကြ စေချင်။ ဘေးတိုက် ဆက်ဆံရေးရှိ သူများသည် မခိုင်မာတတ် ဟူသော အစဉ်အလာ ကိုလည်း
ပြောင်းလဲ စေချင်ပြီ။ နိုင်ငံရေးမှာ ကျပ်ပြည့်ဖို့တော့ လို၏။ ကိုယ့်အင်အားကို ကိုယ်ချိန်ဆတတ်ဖို့ လိုပြီ။ နေရာ တကာမှာ ကိုယ်ဝင်ပါနေလျှင် အရေးကြီးသော ကိစ္စတွေမှာ လက်လွှတ် ရတတ်၏။ ဆွန်ဇူး၏ စကားတစ်ရပ် ရှိသည်။ အိမ်နီးချင်းတွေနဲ့ တည့်အောင်ပေါင်း ပါတဲ့။ စဉ်းစားလျင် တော်တော် တာသွား လှချေသည်။ မိတ်ဖက်တွေ အားလုံးနှင့် ခိုင်မာသော ဆက်ဆံရေးကို အသေအချာ ထူထောင်
ရပေမည်။ မိမိအတွက် ပြိုင်ဖက်နည်း နိုင်သမျှနည်းအောင် ဆန်ကာ တိုက်လိုက်ခြင်းပင် ဖြစ်သည်။
တကယ့် တကယ် ခိုင်မာသော ဆက်ဆံရေးကို တိုင်းရင်းသားတွေနှင့် တည်ဆောက်ဖို့ အချိန်ကောင်း ဖြစ်သည်။ သည်လို အခွင့်ကောင်း အချိန်ကောင်းသည် နှစ်ခါမလာတော့။ လေ့ကျင့်ကွင်းမှာ အချိန်ကုန်ပြီး
ချွေးထွက်များတာသာ အဖတ်တင် ပေမည်။ ပွဲမ၀င် လိုက်ရပဲ အပြင်
မှာတင် အမောဆို့ ကုန်လိမ့်မည်။ ပြီးတော့ မာလ်တီ မီဒီယာ နိုင်ငံရေး
ဖြစ်ချိန်တန်ပြီ။ ယခုထက်ထိ မီဒီယာနှင့် ပတ်သက်သော ဗျူဟာ တစ်ခု
မှ မတွေ့ရသေးချေ။ Pin Doctorဟု ခေါ်ဆိုအပ်သော မီဒီယာကို
ကောင်းကောင်း နိုင်နင်းသည့် အလစ္စတာ ကင်မ်ဘဲလ်လို လူမျိုးဖြစ်စေ အဖွဲ့ဖြစ်စေ လိုအပ်လာချေပြီ။စင်္ကြာဗျူဟာကို အကြံပြု
တင်ပြချင်သည်။
၁။ နိုင်ငံရေး တက်ကြွသူများ (သူတို့ ယခု အခါ ဘေးရောက်နေပြီ၊
ဘေးအန္တရာယ် ကျခဲ့စဉ်က သူတို့ရင်းခဲ့ ကြဖူးပြီ။ သူတို့ကို ထီးရိပ်အောက်မှာ ပြန်ခို နားပါစေ)
၂။ ရပ်မိရပ်ဖများ (ရပ်ရွာမှာ သြဇာ ရှိသူတွေကို လက်တကမ်းမှာ တင်ထား စေချင်သည်။ ထိုသူတွေကမှ တစ်ဆင့် ကိုယ့်အယူ ကိုယ့်အမြင်တွေကို ဖြန့်ဝေခဲ့ပါက လျင်လျင်မြန်မြန် ပျံ့နှံ့ပေမည်။)
၃။ စီးပွားရေး ငွေကြေး တောင့်တင်းသူများ (ပိုက်ဆံမရှိပဲနိုင်ငံရေး၊ စည်းရုံး ရေးလုပ်မည်ဆိုပါက တော်တော် စိတ်ကူး ယဉ်လွန်းသည်
ဟုသာဆို ရပေလိမ့်မည်)
၎။ မီဒီယာပညာရှင်များ (စာအုပ်၊ ဂျာနယ်၊ သတင်းစာ ဆရာတွေ သာမကပဲ အွန်လိုင်း မီဒီယာ၊ ရုပ်သံလွှင့် မီဒီယာ အားလုံးကို ခြုံငုံ ဆက်စပ်နိုင်ဖို့လိုသည်။ မိမိ ဘာလုပ်နေသည်ကို အများက သိအောင် လုပ်ရန်မှာ မီဒီယာမှ တစ်ပါး အခြား မရှိချေ။ မီဒီယာကို မှန်မှန်ကန်ကန် အသုံးချနိုင်သော ဗျူဟာ တစ်ခုတော့ရှိဖို့ ကောင်းလေသည်။)
အထက်က အချက်(၄)ချက်သည် လက်ငင်း အခြေအနေ အရ အရေးတကြီး လိုအပ် နေသော အရာများကိုသာ ဦးစားပေး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ကောင်းမည် သင့်တော်မည်
ထင်သည်ကို ဥာဏ်နှင့်ရင်းကာ အသုံးချ နိုင်ပါစေလို့ ဆန္ဒပြုလိုက် ရပါသည်။
ဇာဂနာ
ပြန်လည်မျှဝေပေးပါတယ်
8.3.2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။