Ohn Mar Oo
ဖာတစ်လုံး ခေါင်းကျား - စစ်ကိုင်း ဦးဘိုးသင်း [စတုတ္ထအကြိမ်]
ဆန်းကြယ်သော ဆုံးမခြင်း
အခါတစ်ပါး၌ ရွှေပန်းထိမ်သည် တစ်ဦးသည် နန်းတော်မှ သူခိုးများ ခိုးယူလာသော ပစ္စည်းများကို လက်ခံမိသဖြင့် ပြည်မှအပ နှင်ထုတ်ခြင်း ဒဏ်ကို ခံရလေသောကြောင့် မြစ်ဆိပ်ကမ်းနားတွင် လှည့်လည်ကာ နေရရှာလေ၏။
“ထိုအခါ သထုံပြည်သို့သွားသော သင်္ဘောနှင့် တွေ့လေရာ သင်္ဘောသူကြီးသည် ရွှေပန်းထိမ်သည်၏ အဖြစ်ကိုသိ၍ မိမိ၏သင်္ဘောနှင့် တင်ပြီးလျှင် သထုံပြည်သို့ ခေါ်ဆောင်သွားလေ၏။
“ရွှေပန်းထိမ်သည်သည် သထုံပြည်သို့ ရောက်ကာလ မိမိ၏အတတ်နှင့် အသက်မွေးနေထိုင်သဖြင့် ကောင်းစားလာသည်အပြင် ဘုရင်မင်းမြတ် ယုံကြည်သော ရွှေပန်းထိမ်သည်တော် ဖြစ်နေလေ၏။ ထိုအခါ ရွှေပန်းထိမ်သည် ဤသို့ ကြံဆမိ၏။
‘“ငါ့ကို ဆောင်လာခဲ့သော သင်္ဘောသူကြီးသည် ပြည့်ရှင်မင်းနှင့် များစွာ အကျွမ်းဝင်၏။ တစ်နေ့နေ့တွင် ငါ့အကြောင်းကို ဘုရင်မင်းမြတ် အထံတော်တွင် သံတော်ဦး တင်သည်ရှိသော် ငါသည် ပျက်စီးရလတ္တံ့။ ယင်းသို့ ဖြစ်ရကား နောက်တစ်ကြိမ် သင်္ဘောဆိုက်ရောက်လာလျှင် သင်္ဘောသူကြီးနှင့်တကွ သင်္ဘောသား အားလုံးကို မင်းကြီးထံ ကုန်းချော၍ ပျက်စီးအောင် ပြုမှသာ ငါ့စည်းစိမ်တည်မည်” ဟု ကြံဆမိလေ၏။
“ရွှေပန်းထိမ်သည်ကို ကယ်ဆောင်လာခဲ့သော သင်္ဘောသည်လား မကြာမီ သထုံပြည်သို့ ဆိုက်ရောက် လာပြန်၏။ ထိုအခါ ရွှေပန်းထိမ်သည်သည် မင်းကြီးအထံတော်သို့ ဝင်၍ ဤသို့ လျှောက်တင်လေ၏။
‘“အရှင်မင်းကြီး၊ ဤသင်္ဘောသည်ကား ဖောက်ပြန်သော အကျင့်ကို ပြုဟန် လက္ခဏာရှိပါသည်။ သင်္ဘောသူကြီးသည် သုနာပရန္တတိုင်းကြီးရင် ဘုရင်မင်းမြတ်၏ ယုံမှတ်ကိုးစားတော်မူသော လက်ရွေးစင် အမှုထမ်း ဖြစ်ပါသည်။ ထိုသင်္ဘောပေါ်၌ ပန်းချီတော်၊ လက်သမားတော်တို့ များစွာ ပါပါသည်။ စင်စစ်သော်ကား ထိုသင်္ဘောသည် ကုန်စည်ကူးသန်း ရောင်းဝယ်နေသည့် သင်္ဘောအစစ် မဟုတ်တန်ရာ။ သူလျှိုပြုနေသော သင်္ဘောပင် ဖြစ်တန်ရာပါသည်။ ထို့ကြောင့် ဤသင်္ဘောပေါ်၌ အရှင်မင်းမြတ်၏ နယ်ပုံတော် ပြည်တော်ပုံ၊ နန်းတော်ပုံ၊ မြို့ရိုး၊ ကျုံးမြောင်း၊ သစ်တပ်၊ ခံတပ်တို့၏ပုံ စသည်တို့ကို ရေးဆွဲထားလျက် ၎င်းတို့၏ ပြည့်ရှင်မင်းထံ ဆက်သရန် အသင့် ဖြစ်ပါသည်။ ဤသို့ဖြစ်ရကား ထိုသင်္ဘောသားများ အားလုံးကို ဖျောက်ဖျက်ပစ်နိုင်မှ နိုင်ငံတော် အေးချမ်းသာယာပါမည်”
“မင်းကြီးလည်း ရွှေပန်းထိမ်သည် လျှောက်တင်ချက်ကို ယုံကြည်တော်မူ၍ သင်္ဘောတွင် ရှာဖွေစေတော်မူရာ၊ ပန်းထိမ်သည် လျှောက်ထားသည်အတိုင်း တွေ့ရသဖြင့် သင်္ဘောသူကြီးနှင့် တကွ သင်္ဘောသား အားလုံးကို ဖမ်းဆီး ချုပ်နှောင်ထားလေ၏။
“သင်္ဘောသူကြီးသည်ကား သူယုတ်မာ၏ အကျိုးကို ဆောင်မိသဖြင့် သူယုတ်မာထံမှ ဘေးသည် ရောက်ချေပြီဟု နောင်တရလျက် ယူကျုံးမရ ဖြစ်ရလေ၏။
“ထိုခဏ၌ ဘုရင်မင်းမြတ်၏ သမီးတော်သည် ရေကစားရာမှ မထင်မရှားသော အကောင်တစ်ကောင် ကိုက်လိုက်သဖြင့် အဆိပ်ဖမ်းလျက် သတိမရဖြစ်နေလေ၍ များစွာသော သမားတော်တို့နှင့် ကုသသော်လည်း မသက်မသာ အဆိပ်မွှန်လျက်သာ ရှိနေလေ၏။ ဘုရင်မင်းမြတ်လည်း မြို့ပြင်လေးရပ်၌ ကုစားခြင်းငှာ တတ်စွမ်းနိုင်သော ပညာရှိများကို မောင်းကြဉ်း၍ လှည့်လည် ရှာဖွေစေရာ ဖမ်းဆီထားသည့် သင်္ဘောသားများမှ သင်္ဘောသားတစ်ယောက်သည် ထွက်ပေါ်လာသဖြင့် ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်သို့ သွင်းရလေ၏။
“သင်္ဘောသားလည်း လူနာ၏အကဲကို ခတ်၍ ညန်သတ္တဝါ၏ ထိပါးခြင်းကြောင့် ယခုကဲ့သို့ အဆိပ်မွှန်နေခြင်းကို လျှောက်တင်ပြီးသော် ကုစားရ၊ မကြာမီ ပျောက်ကင်းချမ်းသာခြင်းကို ရလေ၏။
“ဘုရင်မင်းမြတ်သည် သင်္ဘောသားအား ထိုတ်တန်သောဆုကို တောင်းလော့ဟု အခွင့်ပြု၏။ သင်္ဘောသားလည်း မိမိ၏ သင်္ဘောသူကြီးနှင့်တကွ သင်္ဘောသား အားလုံးပါ သင်္ဘောနှင့် ဒေသရင်း တိုင်းပြည်သို့ ပြန်ခွင့်ရရန် ဆုတော်ကို တောင်းလေ၏။ ဘုရင်မင်းမြတ်သည်ကား ပန်းထိမ်တော်၏ စကားသည် ဝင်ထားနှင့်ပြီး ဖြစ်သဖြင့် အတန်တန် ငြင်းဆိုလျင် အခြားတစ်ပါးသော ဆုကို တောင်းယူရန် အမိန့်တော်ရှိလေ၏။
“ထိုအခါ သင်္ဘောသားလည်း ဤသို့ သံတော်ဦးတင်လေ၏။ “ဘုန်းတော် ကြီးလှသော အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့သည် အရှင့်ပြည်တော်သာသို့ ကူးလူးရောက်ပေါက်နေသည်မှာ အခါအကြိမ် များလှပါပြီ။ မည်သို့မျှ မှည့်မစွန်းဖူးပါ။ ယခု ကျွန်တော်မျိုးတို့ တွေ့ရသောဘေးသည် ယုတ်မာသူကို ကယ်ဆယ်ချီးမြှင့်မိခြငးကြောင်း ထိုကယ်ဆယ်ခြင်းမှ ပေါ်ပေါက်လာသော ဘေးရန်ပင် ဖြစ်ဟန် ရှိပါသည်။ ထိုသူအား အရှင်မင်းကြီး တော်ကောက်ထားသော ပန်းထိမ်သည်ပင် ဖြစ်ပါသည်။ ပန်းထိမ်သည်သည် သုနာပရန္တတိုင်း၌ မင်း၏ သစ္စာတော်ကို မစောင့်ဘဲ ခိုးသူတို့ကို မင်း၏ ဘဏ္ဍာတိုက်တွင် ဝင်ရောက် ခိုးယူစေပြီးမှ မိမိ၏ အတတ်ဖြင့် ဖျက်ဆီး၍ ထုခွဲရောင်းချခြင်းကို ပြုလျက် စည်းစိမ်ဖြစ်ထွန်းနေပါသည်။
‘“ထိုသို့သော ယုတ်ညံ့စဉ်းလဲမှုကို မင်းချင်းတို့ သိ၍ တိုင်းပြည်မှနှင်ထုတ်လေရာ၊ ကျွန်တော်မျိုးတို့ ကယ်ယူသဖြင့် ဤပြည်တော်သာသို့ ရောက်လာရပါသည်။ ထိုသူယုတ်သည် သူ၏အကျင့်ယုတ်ကို မစွန့်လွှတ်ရုံမျှမက သူ၏ အကြောင်းကို ဖော်ထုတ်မည်စိုးသောကြောင့် ကျွန်တော်မျိုးတို့ကို မင်းဒဏ်ဖြင့် ပျက်စီးလေရအောင် စဉ်းလဲ စဉ်းစားပြုခြင်း ဖြစ်ပါသည်။ နောင် ဤပန်းထိမ်သည် ယုတ်ဖြင့် အရှင်မင်းကြီး၏ ပန်းထိမ်တော်ကို ဆင့်ဆို စစ်ဆေးတော်မူပြီးသော် ကျွန်တော်မျိုးတိုပအား ဘေးမဲ့ပေးတော်မူပါ ဘုရား” ထိုအခါ မင်းကြီးသည် ပန်းထိမ်တော်ကို ခေါ်ယူစစ်ဆေးတော်မူရာ အမှုမှန်အတိုင်း ပေါ်ရသဖြင့် ပန်းထိမ်သည်အား ဘီလူးကျွန်းသို့ နှင်ထုတ်ခြင်းဒဏ်ကို ပြုပြီးလျှင် သဘော်သားတို့အား လွှတ်၍ သင်္ဘောနှင့် အလေး ကုန်ပစ္စည်းများဖြင့် ချီးမြှင့်တော်မူ လေသည်။
ညီတော်မောင်၊ ထိုဒဏ္ဍာရီ ပုံပြင်ကို ထောက်၍ “သရက်သီးကို ခါးစေနိုင်သော်လည်း ခွေးတောက်ရွက်ကို မချိုစေနိုင်” ဘိသကဲ့သို့ သူယုတ်မာကို မပြုပြင်နိုင်သောကြောင့် သတ္တဝါကို ကြည်ဖြူမေတ္တာ စေတနာနှင့် ကြင်နာသနား ကယ်ဆယ်သင့်ငြားသော်လည်း သူယုတ်မာကို ကယ်ဆယ်မိက ထို သူယုတ်မာထံမှပင် ဘေးဒဏ် လာရောက်တတ်ချေသည်။ ကျေးဇူးရှင်ကို ပြစ်မှားသော သူသည်လည်း ဘုန်းကြီးသော်လည်း အသက်မရှည်၊ အသက်ရှည်သော်လည်း ဘုန်းမကြီး ဖြစ်တတ်ချေသည်။
Special thanks for uploading this article
(source: www.mmteashop.com)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။