နမ်းမဝ(အဖြူရောင်နတ်သမီး)
Cherry FM နဲ့အင်တာဗျူး
12:03 AM အဖြူရောင်နတ်သမီး 22 comments
“ချယ်ရီFMနဲ့ အင်တာဗျူး”
.................................
မေး။ ။မင်္ဂလာပါ...“မ”ရေ...
ဖြေ။ ။မင်္ဂလာပါရှင်
မေး။ ။နာမည်အရင်းက မဥမ္မာ နော်...
ဖြေ။ ။ဟုတ်ပါတယ်..
မေး။ ။ဆိုက်ပရပ်စ်နီုင်ငံကနေ မြန်မာပြည်ကို အလည်ပြန်လာတဲ့ မဥမ္မာရဲ့အတွေ့အကြုံလေးတချို့ကိုမေးချင်လို့ပါ
ဖြေ။ ။ဟုတ်ကဲ့
မေး။ ။ဆိုက်ပရပ်စ်နိုင်ငံရဲ့ တည်နေရာလေးကိုပြောပြပေးပါလား
ဖြေ။ ။ဆိုက်ပရပ်စ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့အရှေ့ဘက်၊လက်ဘနွန်၊ဆီရီးယား၊အစ္စရေးနိုင်ငံတို့ရဲ့အနောက်ဘက်၊
တူရကီနိုင်ငံရဲ့ တောင်ဘက်၊ အီဂျစ်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပြီး ဧရိယာအကျယ်အဝန်း
စတုရန်းမိုင်ပေါင်း ၃၅၇၂မိုင်ရှိပြီး စင်္ကာပူနိုင်ငံထက် ၁၀ဆကျော် ကျယ်ဝန်းပါတယ်။
လူဦးရေ ၇၈၄၃၀၁ကျော်နေထိုင်တဲ့ အလွန်သာယာလှပတဲ့ ကျွန်းနိုင်ငံလေးတခုပါပဲ။
မေး။ ။ရာသီဥတုလေးကရော
ဖြေ။ ။ရာသီဥတု(၄)မျိုးရှိပေမယ့် နွေ နဲ့ ဆောင်း ရာသီ၂မျိုးကိုပဲ အဓိကရာသီဥတုအဖြစ် သတ်မှတ်ကြတယ်၊
June၊ July၊August လတွေဟာ ဆိုက်ပရပ်စ်နိုင်ငံရဲ့ အပူဆုံးလတွေဖြစ်ပြီးတော့ December ၊January နဲ့ February လတွေမှာ
အရမ်းအေးပြီး မိုးပါရွာတာကြောင့် ရာသီဥတုဆိုးဝါးတဲ့လတွေလို့ ပြောလို့ရပါတယ်။
ကျန်တဲ့လတွေကတော့ အပူအအေးမျှတပြီး နေလို့အကောင်းဆုံးလတွေလို့ ပြောလို့ရပါတယ်။
မေး။ ။လူနေမှုစရိုက်အနေနဲ့
ဖြေ။ ။အလယ်အလတ်တန်းစားတွေပါပဲ။ ရိုးရှင်းတဲ့ သာမန်လူတန်းစားမျိုးဖြစ်ပြီးတော့ မိသားစုဆန်တဲ့
နွေးထွေးတဲ့ စိတ်ဓာတ်လေးတွေရှိကြတဲ့ ခရစ်ယာန်ဘာသာလူမျိုးတွေပါ။
မေး။ ။သဘာဝတောတောင်ရှုခင်း အကြောင်းလေး
ဖြေ။ ။တောင်တွေဝန်းရံထားတဲ့ တောင်ကြီးမြို့လေးနဲ့ခပ်ဆင်ဆင် တူပါတယ်။ ကျွန်းနိုင်ငံလေးဖြစ်တဲ့အတွက်
တဖက်မှာ လှပတဲ့ ပင်လယ်ပြင်ကြီးရှိမယ်၊ ဒဏ္ဍာရီဆန်တဲ့ ကျောက်တုန်းကြီးတွေရှိမယ်၊ ကမ္ဘာလှည့်ခရီးသည်တွေအတွက် သမိုင်းဝင်နေရာတွေရှိမယ်၊
ခရီးသွားလုပ်ငန်းကိုအဓိကထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဟိုတည်နဲ့စားသောက်ဆိုင်တွေရှိမယ်၊
ကျန်တဖက်မှာတော့ တောင်တန်းကုန်းမြင့်တွေပေါ်မှာဆောက်လုပ်ထားတဲ့ လူနေအိမ်လှလှလေးတွေနဲ့ သိပ်လှတဲ့ကျွန်းနိုင်ငံလေးတခုပါပဲ။
မေး။ ။စိတ်ဝင်စားစရာနေရာတွေထဲက တချို့ကိုပြောပြပေးပါလား
ဖြေ။ ။မြန်မာပြည်က ပုဂံမြို့ဟောင်းလိုမျိုး ယို့ယွင်းပျက်စီးနေပြီဖြစ်တဲ့ ဘုရင့်နန်းတော်အဆောက်အဦးတွေရှိမယ်၊
ဆိုက်ပရပ်စ်နိုင်ငံက အချစ်နတ်သမီးမွေးဖွားရာနေရာ၊ အချစ်နတ်သမီးရေချိုးရာနေရာနဲ့ အချစ်နတ်သမီး ချစ်သူနဲ့ကျက်စားရာနေရာနှင်းတောင်နေရာတွေအပြင် တခြားစိတ်ဝင်စားစရာနေရာတွေလည်းအများကြီးပါပဲ။
မေး။ ။ရိုးရာပွဲတော်အနေနဲ့ကရော...
ဖြေ။ ။ခရစ်ယာန်လူမျိုးတွေနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ဘာသာနဲ့ပတ်သက်တ့ ရိုးရာပွဲတော်တွေရှိပါတယ်...၊
ဥပမာ။ ။ အီစတာလမှာကျင်းပတဲ့ ကာနေဗယ်လ်ပွဲတော်၊ X'mas ပွဲတော်၊ New Year ပွဲတော်နဲ့ Katakalimos Day လို့ခေါ်တဲ့
“အညစ်အကြေးတွေကိုဆေးကြောတဲ့ပွဲတော်” တွေရှိပါတယ်..
အဲဒီပွဲတော်ကတော့ ရေပက်ကစားတဲ့ပွဲတော်ဖြစ်တဲ့အတွက်
မြန်မာသင်္ကြန်နဲ့ဆင်တူပါတယ်။
မေး။ ။ဆိုက်ပရပ်စ်ရောက် မြန်မာအချင်းချင်းနွေးထွေးမှုရောရှိလား
ဖြေ။ ။တချို့နိုင်ငံတွေမှာ မြန်မာလူမျိုးအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားတာမျိုးတွေရှိတယ်လို့ကြားသိရပါတယ်။
ဆိုက်ပရပ်စ်က မြန်မာတွေကတော့ တော်တော်လေးကိုစည်းရုံးကြတယ်၊ မြန်မာနဲ့တူတဲ့သူ လမ်းမှာတွေ့ရင်တောင် အတင်းလိုက်ခေါ်ပြီးမိတ်ဆက်ကြတာ၊
အချင်းချင်းလည်းကူညီကြတယ်။
တကယ့်ဆွေမျိုး၊ မောင်နှမတွေလိုပါပဲ။
မေး။ ။မြန်မာဓလေ့စရိုက်ရိုးရာပွဲတော် ကျင်းပလေ့ရှိ/မရှိ
ဖြေ။ ။ဆိုက်ပရပ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နီကိုဆီးယားမြို့မှာ
မြန်မာ ခရစ်ယာန်လူမျိုး စစ်စတာကြီးတွေအုပ်ချုပ်တဲ့
“ဆိုရှယ် စင်တာ”ဆိုတဲ့ ဘုရားကျောင်းတစ်ခုရှိတယ်၊
အဲဒီဘုရားကျောင်းမှာ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ပွဲတော်ကိုဆင်နွှဲရင်း ဆိုက်ပရပ်စ်မှာရှိတဲ့ အနယ်နယ်အရပ်ရပ်က မြန်မာတွေ တွေ့ဆုံလေ့ရှိပါတယ်။
မေး။ ။စီးပွားရေးအနေနဲ့....
ဖြေ။ ။ဒေသထွက်ကုန်အနေနဲ့ကတော့ အော့လစ်ဗ်(Olive) သီးက ထုတ်လုပ်ရရှိတဲ့ အော့လစ်ဗ်စားသုံးဆီ၊ မျက်နှာလိမ်းကရင်မ်၊
ခေါင်းလိမ်းဆီ။ စပျစ်သီးမှ ထုတ်လုပ်ရရှိတဲ့ အရည်အသွေးမှီ ဝိုင်အမျိုးမျိုး။
သားရဲသရေမှရရှိတဲ့ သားရေအိတ်အမျိုးမျိုး နဲ့ဟိုတည်နဲ့ခရီးသွားလုပ်ငန်းကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြပါတယ်။
မေး။ ။မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့နိုင်ငံရပ်ခြားမှာ ဘယ်လိုနေထိုင်သင့်ပါသလဲ
ဖြေ။ ။အထူးသဖြင့် “မ”တို့လို အရှေ့တိုင်းသား အမျိုးသမီးတွေအတွက် မေးသင့်တဲ့မေးခွန်းပါပဲ..။
မြန်မာလူမျိုးမှမဟုတ်ပါဘူး၊ ဘာလူမျိုးပဲဖြစ်ဖြစ် မိန်းခလေးတစ်ယောက်အနေနဲ့ အနေအထိုင်တတ်ဖို့အရေးကြီးပါတယ်။
ကိုယ်က သူများရိုသေအောင်၊ လေးစားအောင် မနေရင်၊အနေအထိုင်မတတ်ရင်တော့ သူတပါးရဲ့ စိတ်ဖြင့်သော်လည်းကောင်း၊ ၊နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊
စော်ကားခြင်းကိုခံရပါလိမ့်မယ်။
အဲဒီတော့ သူတပါးရိုသေလေးစားသော သိက္ခာရှိတဲ့ မြန်မာအမျိုးသမီးဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။
မေး။ ။မဥမ္မာကမြန်မာ ဗုဒ္ဓဘာသာပဲနော်...
ဗုဒ္ဓဘာသာ လူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာ ဘာသာရေးအနေနဲ့ဘယ်လိုဖြေရှင်းပါသလဲ
ဖြေ။ ။မိဝေး၊ ဘဝေး မို့ ကိုယ့်ဘေးမှာ အမြဲရှိနေတဲ့ မိမိကိုးကွယ်ရာ ဗုဒ္ဓုဘုရားရှင်ရဲ့ တရားတော်များသာလျှင် အားထားရာမို့ ဘာသာရေးအလုပ်ကိုပိုလုပ်ဖြစ်ပါတယ်..။
မေး။ ။နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေရတဲ့ မြန်မာလူမျိုးတစ်ယောက်ရဲ့
ခံစားချက်လေးကိုသိပါရစေ
ဖြေ။ ။ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် အနေအထိုင်၊ အပြောအဆို ထိန်းသိမ်းရပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတိုင်း သူတို့ရဲ့လုပ်အားခနဲ့ ညီမျှတဲ့ မာန၊သည်းခံမှု၊ လုပ်အား၊ခွန်အား စတဲ့ ပေးဆပ်မှုတွေကို ပေးဆပ်ရပါတယ်။
အထူးသဖြင့် အရှေ့တိုင်းသားဆိုရင် တခြားနိုင်ငံခြားသားတွေထက် ပိုပြီးအနှိမ်ခံရပါတယ်။
အထင်သေးခံရပါတယ်။ “ဈေးပေါတယ်” ဆိုတဲ့အကြည့်နဲ့ အကြည့်ခံရပါတယ်..
အဲဒီအတွက် ကိုယ်က တန်ဖိုးရှိအောင် နေတတ်ဖို့ အရေးကြီးပါတယ်။
မေး။ ။နိုင်ငံခြားမှာ အလုပ်သွားရောက်လုပ်ကိုင်မယ့်မြန်မာအမျိုးသမီးတစ်ယောက်အတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ
ဖြေ။ ။မြန်မာအမျိုးသမီးအများစုဟာ မိဘရဲ့အရိပ်အောက်မှာနေကြတဲ့သူတွေဖြစ်တဲ့အတွက် နိုင်ငံခြားကို သွားရောက်ပြီး အလုပ်လုပ်ဖို့ဆန္ဒရှိသူများဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ သူတစ်ပါးကို အားကိုးတဲ့စိတ်ကို ဖျောက်ဖို့၊ စိတ်ဓာတ်မာဖို့၊ အားငယ်တတ်တဲ့စိတ်တွေကို ဖျောက်ဖို့ အရင်ကြိုးစားရပါမယ်။
နောက်တစ်ချက်က နိုင်ငံခြားဆိုတာ ကိုယ့်ရဲ့မိဘအိမ်လိုမျိုး မငြိမ်းချမ်းနိုင်ဘူး၊ အဆင်မပြေနိုင်ပါဘူး၊ကြမ်းတမ်းမယ်၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်၊ ပင်ပမ်းမယ်၊ အနှိမ်ခံရမယ်၊
အဲဒါတွေကို ခံနိုင်ရည်ရှိမှ နိုင်ငံခြားထွက်ဖို့ဆုံးဖြတ်စေချင်ပါတယ်။
“မ”ပြောချင်တဲ့စကားတစ်ခွန်းကတော့ နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်ခြင်းဟာ အပျော်ခရီးထွက်ခြင်းမဟုတ်ပါ....
ဘဝအတွက် တိုက်ပွဲဝင်ခြင်းတစ်မျိုးသာဖြစ်ပါတယ်”..။
မေး။ ။နောက်နှစ်တွေမှာရော မြန်မာပြည်ကိုအလည်လာဖို့ စိတ်ကူးရှိပါသလား
ဖြေ။ ။ရှိပါတယ်...
ပြန်လာမှာပါ
မေး။ ။အခုလို သိချင်တာလေးတွေကို ဖြေကြားပေးသွားတဲ့ မဥမ္မာကို ကျမတို့ Cherry FM က အထူးပဲကျေးဇူးတင်ရှိပါတယ်နော်
ဖြေ။ ။ဟုတ်ကဲ့...“မ”ကလည်း Cherry FM မှာ အခုလို ပါဝင်ခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်ရှင်..။
တွေ့ဆုံမေးမြန်းသူ.... မခင်လိမ္မာ(Cherry FM မန်နေဂျာ)
ကျေးဇူးတင်ရှိခြင်း။ ။ ဆိုက်ပရပ်စ်နိုင်ငံအကြောင်းကို Cherry FM က အင်တာဗျူးမယ်ပြောတော့ ကျမမသိသေးတဲ့ အချက်အလက်တချို့ကို
ကိုနေညိုရင့်က Email ပို့ပြီး ကူညီပေးခဲ့တဲ့အတွက် အဆင်ပြေသွားခဲ့ရတယ်၊
ကိုနေညိုရင့်ရေ....ကျေးဇူးအထူးတင်ပါတယ်နော်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။