Nine Nine Sanay @ နိုင်းနိုင်းစနေ
ငြင်းခုန်ရန်ဖြစ်ခြင်း အနုပညာ
_____________________
လင်မယားငြင်းခုန်ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး အမေရိကန် "Journal of Family Psychology" က လက်ရှိဓလေ့နဲ့ဆန့်ကျင်ပြီး ဆန်းသစ်ချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဆန်းသစ်ချက်အသစ်က တစ်ယောက်အပေါ်တစ်ယောက် နေ့တိုင်းယဉ်ကျေးပျူဌာပြုနေတဲ့ လင်မယားရဲ့အိမ်ထောင်ရေးက ပျော်ရွှင်ချမ်းမြေ့တယ်လို့ မဆိုနိုင်ဘူး။ ရန်ဖြစ်တတ်တဲ့ လင်မယားရဲ့အိမ်ထောင်ရေးကမှ ပျော်ရွှင်တယ်လို့ ဆိုပါတယ်။
လင်မယားအများစုမှာ တစ်သက်လုံး ရန်မဖြစ်ဘူးဆိုတာရှားပါတယ်။ ရန်ဖြစ်တာချင်းအတူတူ တချို့ကရန်ဖြစ်လေ သံယောဇဉ်ခိုင်မြဲလေဖြစ်တယ်။ တချို့က ရန်ဖြစ်တာကို လမ်းခွဲတာနဲ့အဆုံးသတ်ကြတယ်။ ဒီလိုအဖြစ်တွေရဲ့ခြားနားချက်က သင့်မှာ ရန်ဖြစ်တဲ့အနုပညာ ရှိ/မရှိဆိုတာနဲ့ပဲ ခွဲခြားရပါလိမ့်မယ်။ "လင်မယားရန်ဖြစ်တယ်"ဆိုတဲ့ သင်ခန်းစာဟာ ယနေ့ခေတ်လူတွေ "အထူးသင်ကြားအပ်"တဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။
လင်မယားရန်ဖြစ်တဲ့အကြောင်းရင်း နံပါတ်စဉ်
××××××××××××××××××××××××
လင်မယားရန်ဖြစ်တဲ့အကြောင်းရင်းကို အင်တာဗျူးမေးမြန်းချိန်မှာ လင်မယားအများစုက သတင်းထောက်ကို အခုလိုရင်ဖွင့်ပါတယ်။ ကိစ္စအသေးအဖွဲနဲ့ လင်မယားချင်းရန်ဖြစ်ကြတယ်။ ဖုတ်ဝင်သွားတဲ့ ခန္ဓာကိုယ်ရဲ့လှုံ့ဆော်မှုအောက်မှာ စကားကိုမဆင်မခြင် ပြောဆိုကြတယ်။ ရန်ဖြစ်တာကို တံစဉ်းတစ်ခုလို သဘောထားပြီး လင်မယားနှစ်ယောက်ကြားက သံယောဇဉ်ကို ပါးသထက်ပါးအောင် ပွတ်တိုက်လိုက်ကြတယ်။
"ရန်ဖြစ်တိုင်း ငိုတယ်။ ကိုယ့်ကိုယ်ကို မုန်းလိုက်တာ... တကယ်လက်တွေ့က စိတ်ကူးထားတာနဲ့ တခြားစီပဲ"
"ရန်ဖြစ်ပြီးနောက် ဘာအကြောင်းကြောင့်ရန်ဖြစ်တယ်ဆိုတာကို လုံးလုံးမေ့သွားတယ်။ ဒါပေမယ့် ရန်ဖြစ်လို့ရတဲ့ စိတ်နာကျင်မှုကိုတော့ ကောင်းကောင်းမှတ်မိနေတတ်တယ်"
ရန်ဖြစ်ရတဲ့ အကြောင်းရင်းက "ဒီနေ့ နင်ချက်တဲ့ဟင်းက ဘာဖြစ်လို့ ဒီလောက်ငန်ရသလဲ?"၊ "အခုမှ တိုက်ထားတဲ့ကြမ်း နင့်ကြောင့် ပြန်ညစ်ပတ်သွားပြီ" ဆိုတဲ့အထိ သေးငယ်နိုင်သလို.. "အိမ်က ငွေရေးကြေးရေး ဘယ်သူကိုင်မလဲ?"၊ "ကလေးကို ဘယ်လိုင်း၊ ဘယ်တက္ကသိုလ်တက်ခိုင်းမလဲ"ဆိုတဲ့အထိ ကြီးမားနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေက ရန်ပွဲသေးသေးကနေ ရန်ပွဲကြီးကြီးအထိ ဖြစ်စေနိုင်ပါတယ်။
အမေရိကန်က လေ့လာဆန်းစစ်ချက်အရ သာမန်အားဖြင့် လင်မယားတွေဟာ နှစ်ရက်ကိုတစ်ကြိမ်လောက် ရန်ဖြစ်လေ့ရှိတာကို တွေ့ရတယ်။ ရန်ဖြစ်ရတဲ့နံပါတ်တစ်အကြောင်းရင်းက သားသမီးအရေးကြောင့်ဖြစ်တယ်။ နံပါတ်နှစ်အကြောင်းရင်းက ဘာဝယ်သင့်သလဲ၊ ဘာမဝယ်သင့်သလဲနဲ့ အိမ်မှုကိစ္စခွဲခြမ်းရေး၊ ဝေယျာဝစ္စတွေဖြစ်တယ်။ နံပါတ်သုံးအကြောင်းရင်းက အချင်းချင်း ပြောဆိုဆက်ဆံရေးဖြစ်တယ်။ ငွေကြေးကြောင့်ရန်ဖြစ်တဲ့နှုန်းက ၁၈%သာရှိပေမယ့် ဒီငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားရဲ့ဆက်ဆံရေးကို ပိုသက်ရောက်စေသလို ပိုပြင်းထန်စေတယ်လို့ ဆိုပါတယ်။
အမေရိကန် University of Denver က Marital and Family Co-Director ဖြစ်တဲ့ စိတ်ပညာပါမောက္ခ Dr. Howard Markmanဟာ နှစ်ပေါင်း၃ဝအချိန်ကိုအသုံးပြုပြီး လင်မယားရန်ဖြစ်ချိန် အငြင်းမပွားအောင် ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့ ပြဿနာကို လေ့လာဆန်းစစ်ခဲ့တယ်။ Dr.Markmanက သူ့အမြင်မှာ လင်မယားတွေဟာ ငြင်းခုန်တာပဲဖြစ်ဖြစ်၊ စကားနိုင်လုတာပဲဖြစ်ဖြစ် မကွာခြားဘူးလို့ဆိုပါတယ်။ ဒါတွေဟာ နောက်ဆုံးမှာ ပြင်းထန်တဲ့အငြင်းပွားမှု သုံးမျိုးကိုဖြစ်စေပါတယ်။ (၁) တစ်ဖက်သတ် ဆဲဆိုတိုင်းထွာမယ်၊ (၂) အချင်းချင်း ဆဲဆိုတိုင်းထွာမယ်၊ (၃) ဘာမှမပြောဘဲ တံခါးဆောင့်ပိတ် အပြင်ထွက်သွားမယ်။
သိမ်မွေ့တဲ့ငြင်းခုန်ရန်ဖြစ်မှုက သံယောဇဉ်ကိုတိုးစေတယ်
××××××××××××××××××××××××××××××
အိမ်ထောင်ရေးမှာ ငြင်းခုန်ရန်ဖြစ်မှုတိုင်းက အပျက်ကိုဆောင်နေစေခဲ့ပြီလား?
ရှန်ဟိုင်းစိတ်ပညာမေးမြန်းရေး ဥက္ကဌ"မစ္စဝမ်"က ဒီလိုမထင်ဘူးလို့ဆိုပါတယ်။ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ လူလူချင်းကြားက ဆက်ဆံရေးတစ်မျိုး၊ ပြောဆိုရေးတစ်မျိုးလို့ ဆိုပါတယ်။ လင်မယားငြင်းခုန်ရန်ဖြစ်တဲ့ ကောင်းကျိုးနှစ်မျိုးက (၁) စကားအမှန်ကိုကြားရခြင်း..... ငြင်းခုန်ရန်ဖြစ်ချိန်မှာ စကားတွေကို စိတ်လိုက်မာန်ပါ ပြောချင်ရာပြောတတ်ကြတယ်။ သာမန်အချိန်မှာ ရင်ထဲထည့်ထားတဲ့စကားကို ဖွင့်အန်လာတတ်ကြတယ်။ ဒါဟာ တစ်ဖက်သားရဲ့ တကယ့်အတွေးကို သိနားလည်ရတဲ့အချိန်ဖြစ်တယ်။ ဒါဟာ ရန်ပွဲပြီးနောက် အချင်းချင်း နားလည်မှုဖလှယ်ဖို့၊ ချင့်ချိန်တွေးဆဖို့၊ ကိုယ့်အပြုအမူကို ပြင်ဆင်ဖို့ အခွင့်အရေးဖြစ်တယ်။
(၂) အပျက်ဆောင်ခံစားချက်တွေကို ဖွင့်အန်ထုတ်ပြောခြင်း ... လင်မယားကြားမှာ အပျက်ဆောင်ခံစားချက်တွေကို အချင်းချင်းထုတ်ဖော်ပြောတာဟာ အိမ်ထောင်ပေါင်းသင်းရေးထဲက တစ်ချက်ဖြစ်တယ်။ လင်နဲ့ မယားကသာ အိမ်ထောင်ရေးအကျိုးစီးပွားကို ဖြစ်စေတာပါ။ မိဘ၊ ညီအစ်ကို မောင်နှမတွေကြားမှာ မပြောပြနိုင်တဲ့စကားတချို့ကို လင်မယားကြားမှာသာ ပြောဆိုကြပါတယ်။ အပျက်ဆောင်ခံစားချက်တွေကို သည်းခံနားလည်ပေးတာဟာ လင်နဲ့မယားကို လူ့ဘဝခရီးလမ်းမှာ အဖော်ကောင်းဖြစ်စေသလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ပိုခိုင်မြဲစေပါတယ်။
ပီကင်း စိတ်ပညာမေးမြန်းရေးဌာန (ChenHui Psycho & Consulting,Beijing,Ltd.) ဥက္ကဌ "မစ္စတာလွေ"ကလည်း ငြင်းခုန်ရန်ဖြစ်ခြင်းဟာ လင်မယားတွေရဲ့ ကျန်းမာတဲ့ပေါင်းသင်းဆက်ဆံရေးလို့ ဆိုပါတယ်။ ဒါဟာ ပြင်းထန်တဲ့ စီးပွားရေးဆွေးနွေးချက်လို အဓိကဦးတည်ချက်က သဘောတူညီမှုရဖို့၊ တစ်ဖက်ရဲ့အတွေးအမြင်ကို အသိအမှတ်ပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငြင်းခုန်ရန်ဖြစ်တာကို မကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းနဲ့ ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။
ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ငြင်းခုန်ရန်ဖြစ်တာမျိုး မဟုတ်ဘဲ မတူတဲ့ကိစ္စရပ်တွေအတွက် ရန်ဖြစ်တာဖြစ်တယ်။ မကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ငြင်းခုန်ရန်ဖြစ်တာဖြစ်ပြီး ရန်ဖြစ်ပြီးတိုင်းလဲ ဖြေရှင်းညှိနှိုင်းလို့ မရနိုင်ခဲ့ဘူး။ ဒီလို ငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားကြားက ဆက်ဆံရေး၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို ပါဝင်ပတ်သက်စေပါတယ်။ အိမ်ထောင်ရေးအက်ကြောင်းများ ဖြစ်ပေါ်နိုင်ပြီး အိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်နိုင်ပါတယ်။
*** ဒီပို့စ်ရေးထားတာ အရှည်ကြီးပဲ... တစ်ပိုင်းတစဆွဲထုတ်ပြီး တင်လိုက်ပါတယ်..း)
နိုင်းနိုင်းစနေ (Friday, November 25, 2011)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။