မြန်မာ့ပဋိပက္ခတွင် သြဇာ လွှမ်းမိုးမှု ရှာဖွေနေကြသော
ကမ္ဘာ့ အင်အားကြီးနိုင်ငံများ
ဘာတေး(လ) လင့်တနာ၊ ယေး(လ) ဂလိုဘယ်၊ မတ် ၁၈
ပြင်ပကမ္ဘာမှနားမလည်နိုင်လောက်သော ပေါ်လစီအလိမ်အကောက်များဖြင့်
တစ်ပွဲမကသော တိုက်ပွဲများက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည်။ တစ်ဖက်တွင် တိုင်းရင်းသား ခုခံရေးတပ် အများကြီးနှင့် ဆက်လက်
ဆင်နွှဲနေရသော အစိုးရ၏ တိုက်ပွဲရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်
သြဇာလွှမ်းမိုးရေးအတွက် အနောက်နှင့် တရုတ်ကြားက ပိုမိုကြီးမားသော တိုက်ပွဲကလည်း ရှိနေပြန်သည်။ စင်စစ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင်
နိုင်ငံခြား စွက်ဖက်မှု ပါဝင်ပတ်သက်သော နိုင်ငံတိုင်းမှ မတူကွဲပြားသော
ပေါ်လစီမိတ်ကာများကြား ကိုယ်စားပြု စစ်ပွဲတစ်ခုဖြစ်လာနေပေပြီ။
မြန်မာအစိုးရကမူ တိုင်းရင်းသားလူမျိုးစု သောင်းကျန်းမှုနှင့်ပတ်သက်သည့်
ပြဿနာများကို စစ်ရေးအရ ဖြေရှင်းရန် ရည်ရွယ်ပုံရသည်။ နယ်စပ်မြို့
ရွှေလီတွင် ပြုလုပ်သော မတ်လတွေ့ဆုံဆွေးနွေးပွဲ၌ ကိုယ်စားလှယ်များ စုဝေးနေစဉ်မှာပင် စစ်သားများ နှင့် လက်နက်ကြီးများ တင်ဆောင် ထား
သော စစ်တပ် ထရပ်ကားများကို ရာနှင့်ချီ၍ ကချင်ပြည်နယ်အတွင်းသို့
စေလွှတ်ခဲ့သည်။
သို့တစေ ထိုဖြစ်ရပ် မတိုင်မီ ရက်အနည်းငယ်ကလေးတွင် ဥရောပ၌ အရပ်သားနိုင်ငံရေးသမားတစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ
ဦးသိန်းစိန်က “နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး။ အစိုးရတပ်
တွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ ကြားဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခကို ကျွန်တော်တို့ အဆုံးသတ် ပစ်နိုင်ခဲ့ပါပြီ”ဟု ထုတ်ဖော်ပြောဆို ခဲ့သည်။ ဤသို့ဆိုပင်ဆိုသော်ငြား မြန်မာနိုင်ငံမြောက်ဖျားမှ ကချင်
လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ကို နေ့စဉ်လို တိုက်ခိုက်မှု
များက ဖြစ်ပွားနေဆဲဖြစ်ပြီး ဗဟိုအစိုးရနှင့် အပစ် အခတ်ရပ်စဲရေးတစ်ရပ် တရားဝင်ရ ယူထားသော ရှမ်းပြည်နယ်မှ ရှမ်းပြည်နယ် တပ်မတော် (အက်စ်အက်စ်အေ)နှင့် တိုက်ပွဲကလည်း မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကာ ထိုင်း နယ်နှင့်စပ်လျက်ရှိသော တောင်ကုန်းတောင်တန်း နေရာများရှိ ကရင်ပြည်နယ်အတွင်းတွင် မြန်မာအစိုးရတပ်များက နေရာသစ်များ
ပိုမို ရယူနေခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက် မှုတွင် အနောက်တိုင်း အန်ဂျီအိုများ နှင့် ဉာဏ်ကြီးရှင်အဖွဲ့များက ပါဝင်ရန် အလုအယက် ကြိုးပမ်းနေချိန်တွင်
မြောက်ဘက်မှ အင်အားကြီး အိမ်နီးချင်းက အခန့်သား နေရာယူနေပေပြီ။ ဆယ်စုများစွာကြာ လူမျိုးစု ပဋိ ပက္ခများက နယ်စပ်ကုန်သွယ်ရေးအပေါ်
ပြင်းထန်သည့် ထိခိုက်မှုတစ်ခုဖြစ်စေကြောင်း၊ မတ် ၁၃ ရက်တွင် တရုတ် ဝန်ကြီးချုပ်ဟောင်း ဝမ်ကျားပေါင်က ဝန်ခံပြောကြားခဲ့သည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တစ်ဦး ပြည်တွင်းရေးကို တစ်ဦးဝင်မစွက်ဖက်ရေး အပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ပေါ်တွင် အခြေခံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု
ဆက်ဆံရေးကို တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သူက ဆိုပါသည်။
အကယ်စင်စစ်တွင် တရုတ်နိုင်ငံသည် မြန်မာ့အတွင်းရေး၌ ဝင်ရောက် စွက်ဖက်သော ရှည်ကြာသည့်သမိုင်းတစ်ခုရှိခဲ့ပါသည်။ ပြန်ပြောင်း
ကြည့်ရှုလျှင် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ် အတွင်း ယခုမရှိတော့ပြီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီသူပုန်တို့ကို စစ်ရေးအထောက်အပံ့အကြီးအကျယ်
ပေးခဲ့ဖူးပါသည်။ ယနေ့အချိန်တွင်မူ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုက တရုတ်နိုင်ငံအတွက် တိုက်ရိုက်အကျိုးစီးပွားဖြစ်နေသည်။ အထူးသဖြင့် ယင်း၏ ဓာတ်သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ လက်လီ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အကြီးအကျယ် ရှိသော ကချင် ပြည်နယ်တွင် ဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေး တိုးမြှင့်ရာတွင် တရုတ်နိုင်ငံ၏ နည်းနာများ က အနောက်တိုင်းမှ ပါဝင်ဆွေးနွေး သူများ၏ “တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး” နည်းလမ်းနှင့် သိသိသာသာ
ခြားနား ပါသည်။ ကေအိုင်အေကို ဖိအားပေးပြီး မြန်မာ့စစ်တပ်များကို တရုတ်နယ်မြေထဲမှ ကွေ့ပတ်တိုက်ခွင့်ပြု ခြင်းဖြင့် နေပြည်တော်အစိုးရကို မက်လုံးပေးခဲ့သည်။ ထိုသို့ တစ်ဖက်က “မုန့်” ပြသလို အခြားတစ်ဖက်
ကလည်း “တုတ်”ကို ပြခဲ့သေးသည်။ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သော ဂျိန်းသုတေသနအဖွဲ့၏ ထောက်လှမ်းရေးသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံးလူမျိုးစုတပ်ဖြစ်သော ညီညွတ်သော “ဝ”တပ်မတော် (UWSA) သို့ စစ်အသုံးအဆောင် အမြောက်အများ တရုတ်နိုင်ငံ က
ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံဖြစ် သံချပ်ကာယာဉ်များနှင့် စက်သေနတ်ကြီးများကို ယူနန်နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံ အတွင်းရှိ UWSA ၏ ပန်ဆန် စစ်ဌာနချုပ်တွင် တွေ့ရှိရာမှ အစ ရခဲ့ခြင်း ဖြစ်ပါသည်။
UWSA သည် ၁၉၈၉ ခုနှစ် ကတည်းက မြန်မာအစိုးရနှင့် အပစ်အခတ်
ရပ်စဲရေး သဘောတူမှု တစ်ခု ရယူခဲ့သည်။ UWSA ကို လက်နက် အကြီးအကျယ် တပ်ဆင်ခွင့်ပေးခြင်း ဖြင့် တရုတ်က နေပြည်တော်ကို အခိုင်အမာ သတင်းစကား တစ်ရပ်ပေးပို့ခဲ့ ခြင်းဖြစ်သည်။
ထို သတင်းစကားမှာ “ ဒို့ကိုတော့ လာမထိနဲ့ ” ဟူ၍ ဖြစ်ပါသည်။
အနောက်နှင့် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးများ တိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မပျော်ပိုက်နိုင်ခြင်းမှာ လျှို့ဝှက်ချက် မဟုတ်ပါ။ ကချင်ပြည်နယ်တွင်းရှိ တရုတ်ကျော ထောက်နောက်ခံပြုသည့် အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံတန် ဧရာမ ဆည်ကြီး တည်ဆောက်မှု ကို ဆိုင်းငံ့ထားရန် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာအစိုးရ၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ ဘေဂျင်းမှာ မခံချိမခံသာ ဖြစ်နေဆဲပင်
ဖြစ်သည်။ ဤဆည်ကြီး က သစ်တောမြေ စတုရန်းကီလိုမီတာ ၆ဝဝ ကို
ရေလွှမ်းမိုးစေမည်ဖြစ်ပြီး ကျေးရွာနေပြည်သူထောင်ပေါင်းများစွာကို
နေရပ်စွန့်ခွာစေရမည်ဖြစ်ကာ ယင်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား ၉ဝ ရာခိုင်နှုန်းကို တရုတ်သို့ ထောက်ပံ့မည် ဖြစ်သည်။ ထိုမှ ၂ လ အကြာတွင် ထိုစဉ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင်
မြန်မာနိုင်ငံခရီးဖြစ် ပေါ်ခဲ့ပြီး ဆယ်စုများစွာအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ပထမဆုံး အဆင့်မြင့်ဝါရှင်တန်အရာရှိကြီး တစ်ဦးဖြစ်ခဲ့
သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ တရုတ်နှင့် အနီးကပ် ဆက်ဆံရေးတွင် တရွေ့ရွေ့ ခွဲခွာမှု ဖြစ်စဉ် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး အနောက် ကလည်း စိတ်အားထက်သန်မှုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများကို ကတိပြု ခဲ့သည်။ တိုင်းရင်းသား လူမျိုးစုဒေသများရှိ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး
ချိုးဖောက်မှု ဝေဖန်ရေးမှာလည်း အနောက်တိုင်း အစိုးရများ၏ အစီအစဉ်
မှ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့လေတော့သည်။
မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုမှာ ဇန်နဝါရီ
၁၉ ရက်တွင် သဲကြီးမဲကြီး စတင်လာခဲ့သည်။ တရုတ် ဒုတိယ နိုင်ငံခြားရေး
ဝန်ကြီး ဖူယင်း မြန်မာသို့ လာရောက်၍ သမ္မတ ဦးသိန်းစိန် အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နှင့်လည်း တွေ့ဆုံခဲ့သည်။ သံရေးတမန်ရေးတွင် အပတ်တကုတ် လုပ်လေ့
ရှိသူအဖြစ် ကျော်ကြားသော ဖူ သည် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှု
များ ရပ်စဲစေရန် တရုတ်က ဆန္ဒရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်
ဟု သတင်းများက ဆိုပါ သည်။
တရုတ် ကမ္မကထ လုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယူနန်
ပြည်နယ်၊ ရွှေလီမြို့၌ ဖေဖော်ဝါရီ ၃ ရက် တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ် ကို လေ့လာအကဲခတ်ရန် ပါကစ္စတန်ဆိုင်ရာ တရုတ် သံအမတ်ကြီးဟောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ ဌာန
ညွှန်ကြားရေးမှူးချုပ် လျူကျောက်ဟွေ ကို ဘေကျင်းက စေလွှတ်ခဲ့သည်။ မတ် ၁၁ ရက်က ပြုလုပ် သော ဒုတိယအကျော့ ဆွေးနွေးပွဲသို့
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြား အဆင့်မြင့် ဝန်ကြီးတစ်ဦးဖြစ်သူ
ဝမ် ယင်ဖန် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ပြည်တွင်းစစ် အတွင်း တရုတ်နိုင်ငံ စွက်ဖက် ပါဝင်လာခြင်း
က နိုင်ငံခြား ကြားဝင်ဖျန်ဖြေရေး အားထုတ်မှု များ၏ ဖြစ်နိုင်ချေအပေါ် သံသယ ပွားစရာဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို လုပ်ငန်းကြီး တစ်ခုသဘော၊ အချို့ဆိုလျှင် အကျိုးအမြတ် များသော စီးပွားရေး လုပ်ငန်းတစ်ခု သဘောအဖြစ် ပြောင်း လဲပစ်ခဲ့ကြသော အနောက်တိုင်း အဖွဲ့အစည်းများကလည်း တိုးတက်ပွားများလာခဲ့သည်။ ပထမ နော်ဝေ ကမ္မကထပြုသော မြန်မာငြိမ်းချမ်းရေးအထောက်အကူအဖွဲ့ (Myanmar Peace Support Initiative) နောက်တွင် အလားတူ အဖွဲ့များ တသီကြီး ပေါ်ပေါက်လာခဲ့သည်။ ဆွစ်ဇာလန် အခြေစိုက် Center for Humanitarian Dialog၊ ဂျပန်နိုင်ငံမှ Nipon Foundation၊ နောက်
မြန်မာအစိုးရနှင့် နီးစပ်သော မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) မှတစ်ဆင့် ဥရောပသမဂ္ဂမှ ကမ္မကထ ပြုသည့်အဖွဲ့များ၊ ဆွီဒင် ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်သော The Institute for Security and Development Policy ကလည်း တိုင်းရင်းသား လူမျိုးစု အဖွဲ့များ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု” လုပ်ငန်း အတွက် အီးယူမှ ငွေကြေးထောက်ပံ့မှုရရှိထားစဉ်တွင် ဖင်လန် အန်ဂျီအို တစ်ခုဖြစ်သည့် Pacta ကလည်း အခွင့်အလမ်းရှာနေပြန် သည်။ ထို့ပြင် ဖနွမ်းပင် အခြေစိုက် Center for Peace and Conflict Studies ကလည်း ပါဝင်ပတ်သက်ခဲ့ပြန်သည်။ အနည်းဆုံး လူပုဂ္ဂိုလ် ၆ ဦးကလည်း သူတို့ကိုယ်ပိုင် တစ်ဦးချင်း အစီအစဉ်များဖြင့် ရောက်ရှိလာခဲ့သည်။
ဤသို့သော ကြိုးပမ်းမှု အစုစု အတွက် ဒေါ်လာနှင့် ယူရိုငွေ သန်း ပေါင်း များစွာ ရင်းနှီးမြှုပ်နှံထားကြသည်။ ပဋိပက္ခ၏ အရင်းခံ အကြောင်းတရား
များကို မဆုပ်ကိုင်မိကြသော အတွေ့အကြုံမရင့်ကျက်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်များကြောင့် ထို အဖွဲ့အစည်းများကြား မကြာခဏ ဆိုသလို အကျိုးရလဒ်ချင်း ထပ်မိပြီး ပြိုင်ဘက်သဖွယ် ဖြစ်ကြရသည်။ ဤသို့ဆို၍ တရုတ်ချဉ်းကပ်မှုနည်းလမ်းက ခေတ်မီကောင်းမွန်သည်ဟု ဆိုလို ရာ မရောက်ပါ။ တရုတ်နည်းလမ်းတွင်လည်း အဆီအငေါ် မတည့်မှုများ ရှိနိုင်
ပါသည်။ ဒီဇင်ဘာလအတွင်း ဘေကျင်းတွင် ကျင်းပသော တံခါးပိတ်
ဆွေးနွေးပွဲပေါင်းများစွာ၌ ယူနန် အခြေစိုက် ပညာရှင်များက တရုတ်အစိုးရ
အနေဖြင့် နယ်စပ်ကို ပိတ်ပြီး ကေအိုင်အေကို မြန်မာစစ်တပ်က ချေမှုန်းရာ
တွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ဤသို့ဖြင့် နေပြည်တော် နှင့် မပြေပြစ်သော ဆက်ဆံရေးကို တိုးတက်စေနိုင်ကြောင်း၊ ငြင်းခုံဆွေးနွေးခဲ့
ကြရာ ဤကဲ့သို့သော တစ်ဖက်သတ်အမြင်များက ယူနန်ပြည်နယ် အတွင်း ကချင်ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်မှုကို ဖြစ်စေနိုင်ပြီး တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းကို တိုက်ခိုက်မှုများ ဖြစ်နိုင်
ဖွယ် ရှိသည်ကို တရုတ်နိုင်ငံခြားရေး အရာရှိများက သတိပေးခဲ့ကြရကြောင်း
သတင်းကြားခဲ့ရသည်။
ထို့ပြင် ယူနန်ပြည်နယ်၌ တိုင်းရင်းသား ကချင်လူမျိုး၁၃ဝ,ဝဝဝ ကျော်
ရှိသည်ကိုလည်း တရုတ်နိုင်ငံက ထည့်သွင်း စဉ်းစား ရမည်ဖြစ်သည်။ ဇန်နဝါရီလတွင် စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ အမြောက် ကြီးများ ဒဏ်ကို ကေအိုင်အေ အလူးအလဲခံနေရစဉ်က တရုတ်မှ ကချင် ထောင်ပေါင်းများစွာသည် တစ်ဖက်ရှိ ညီအစ်ကိုတော် များနှင့် တစ်သွေးတည်း တစ်သားတည်းဖြစ်ကြောင်း၊ ထရပ်ကား ဘတ်စ်ကားများ
ဖြင့် သွားရောက် အင်အားပြခဲ့ကြရာ အချို့သာရောက်၍ အများအပြားမှာ နယ်စပ် မရောက်မီ စစ်ဆေးရေးဂိတ်များတွင် တားဆီးခံခဲ့ကြရသည်။ တိဘက်နှင့် စင်ကျန်းဒေသများရှိ လူမျိုးစုပြဿနာများ၏ အကဲဆတ်မှုကို သဘောပေါက်သော တရုတ်နိုင်ငံအနေဖြင့် နှိုင်းယှဉ်ချက်အရ ငယ်ပင် ငယ်သော်ငြား နောက်ထပ်လူနည်းစုပြည်သူများနှင့် အတိုက်အခံလုပ်ရန်မှာ
ဖြစ်နိုင်ခြေ မရှိပါ။ သို့အတွက်ကြောင့် မြန်မာ့ တိုင်းရင်းသား လူမျိုးစု
ပဋိပက္ခကို ဒိုင်လူကြီး လုပ်ရာတွင် အနောက်နှင့် တရုတ် နှစ်ခုစလုံး၏ မကျွမ်းကျင် မလိမ္မာမှု အရဆိုလျှင် ဗြိတိသျှထံမှ ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေး ရချိန်မှစ၍ မြန်မာ နိုင်ငံကို ကပ်ဆိုက်စေခဲ့သော ဤ ပြည်တွင်းစစ်များ၏ အဖြေရှာ မနီးစပ်လှပါ ကြောင်း။
Powers Seek Influence in Burma's Conflict Print E-mail
Written by Bertil Lintner, YaleGlobal
http://www.asiasentinel.com/index.php?option=com_content&task=view&id=5260&Itemid=168
The Myanmar Independent News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။