Short Term Investment
~~~~~~~~~~~~~~~~~~~~
ရေတိုမြှုပ်နှံလုပ်ကိုင်ပြီး
ခပ်သွက်သွက် ငွေပြန်ပေါ်တဲ့ လုပ်ငန်းမျိုးကို Short Term Investment လို့
ခေါ်ပါတယ်..။ သူ့ကို စာရင်းဖေါ်ပြတဲ့ အခါ Current Assets
နဲ့ဖေါ်ပြလေ့ရှိပါတယ်..။ အဲဒီမှာ ဖေါ်ပြထားတဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့
ကြာမြင့်ချိန်က တစ်နှစ် ဖြစ်ပါတယ်..။ တစ်နှစ်အတွင်း ရှင်းလင်းရတာပါ.။
များသောအားဖြင့် ငွေပိုငွေလျှံရှိတဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေက Stock တွေ Bond တွေကို ဝယ်ယူမြှုပ်နှံလေ့ရှိပါတယ်. .။
ကျွမ်းကျွမ်းကျင်ကျင် ရင်းနှီးမြှုပ်နှံတတ်ရင် ဘဏ်တိုးထက်
ပိုကိုက်ပါတယ်..။ မှတ်တမ်းများအရ မိုက်ခရိုဆော့ဖ် ဟာ ၂၀၀၅ခုနှစ်မှာ သူ့ရဲ့
ပိုငွေတချို့ကို Stock နဲ့ Bond တွေထဲမှာ အချိန်တို ရင်းနှီးမြှုပ်နှံရာမှာ
၃၂ဘီလီယံဒေါ်လာအထိ ရှိခဲ့ပါတယ်..။
လက်ထဲမှာ ငွေပိုငွေလျှံရှိရင် လုပ်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးပါ ..။
ဒါပေမယ့် ကျွန်တော်တို့ နားလည်ထားကြသလို ရေရှည်မြှုပ်နှံရမယ့် Long Term
Investment ကို ခါးကဖြတ်ပြီး အချိန်တို နဲ့ အရင်းကြေအောင် လုပ်တာမျိုး
မဟုတ်ပါဘူး..။ အစဦး ရည်ရွယ်ချက်က Long Term လို့ ရည်ရွယ်ထားခဲ့ပြီး
လမ်းတဝက်မှာ စိတ်ကူးပြောင်း.. အခြေအနေပြောင်းသွားတော့ Long Term ကို
အသွင်ပြောင်းပြီး Short Term နဲ့ ငွေပြန်ဝင်အောင် လုပ်ကြရပါတယ်..။ အဲဒီတော့
Plan ကို ကမန်းကတန်းပြောင်း… မူလ Plan ထဲမှာ ပါခဲ့ပေမယ့် အကုန်အကျ
သိပ်များလာတဲ့ အတွက် တချို့ လုပ်စရာ တွေကို လျှော့ချဖြတ်တောက်ပြီး
လုပ်ငန်းလည်ပတ်နိုင်အောင် ကြိုးစား တတ်ကြပါတယ်..။ သိပ် အန္တရာယ်
ကြီးပါတယ်..။ အောင်မြင်တဲ့ သူတွေ ရှိသလို မအောင်မြင်တဲ့ သူတွေကျပြန်တော့
လမ်းတစ်ဝက်မှာတင် ခါးကျိုးပြီး “ရှေ့တိုးလဲ ထမ်းပိုး.. နောက်ဆုတ်လဲ
လှည်းတုတ်” ဆိုတာမျိုး ဖြစ်တတ်ပါတယ်..။ အဲဒီအခြေအနေမျိုး ကို Danger zone
လို့သတ်မှတ်ပြီးမြန်မြန်ဆန် ဆန် ကာကွယ်ဖို့ လိုပါတယ်..။
ဖြစ်ရခြင်းအဓိက အကြောင်းရင်းက Planning အားနည်းတာပါ..။ Plan စလုပ်ကတည်းက ကိုယ့်ရဲ့ ငွေဝင်လမ်းကို တွက်ချက်ပုံ မမှန်ခဲ့ရင် (ပိုတွက်ထားခဲ့မိရင်) မရှူနိုင် မကယ်နိုင် ဖြစ်တတ်ပါတယ်..။ အများဆုံး ဖြစ်နိုင်ခြေကတော့ ဘဏ်တိုး တက်လာခြင်းပါပဲ..။
အဲဒီအချိန်မှာ နောက်ထပ်ဘဏ်တစ်ခုခု ဒါမှ မဟုတ် ငွေရင်း ထပ်ဖြည့်ပေးမယ့် မိတ်ဖက်အဖေါ်တစ်ယောက်ယောက် ရှိမှသာ အကြပ်အတည်း ကို ကျော်လွှားနိုင်မှာပါ..။ Long Term Plan ရဲ့ တစိတ်တပိုင်းကို ဖုံးကွယ်ဖျောက်ဖျက် ရပ်ဆိုင်းထားပြီး လုပ်ငန်းယန္တရားကို ကျစ်ကျစ်လစ်လစ် နဲ့ မောင်းနှင်နိုင်ဖို့တော့ လိုပါတယ်..။
အဲဒီလို ဟန်မပျက် ဆက်ပြီးလည်ပတ်ဖို့ကလည်း ကိုယ်နဲ့ ပူးပေါင်းလာမယ့် ပါတနာ ကို ယုံကြည်မှ ဖြစ်မှာပါ..။ အဲဒီကိစ္စက မြန်မာနိုင်ငံမှာ ခက်ပါသေးတယ်..။ မူလ တည်ထောင်သူက သူ့ကိုယ်ပိုင်ငွေ နဲ့ ဘဏ်ချေးငွေ နှစ်ရပ်ပေါင်းပြီး လုပ်တာ.။ ကိုယ့် ကိုယ်ပိုင် ငွေကြေး အရင်းအနှီးဖြစ်တဲ့ အတွက် စာရင်းအင်း သေသေချာချာမလုပ်ထားဘူး..။ တကယ်တမ်း “ခါးကျိုးချိန်” breaking down နဲ့ ကြုံလိုက်ရတဲ့ အခါမှာ သူမမျှော်လင့်ထားတာတွေ Plan ထဲမှာ မူလက ထည့်မရေးထားတာတွေ ဖြစ်လာပါလေရော..။ အဲဒီမှာ နည်းလမ်းရှာတော့ ကယ်တင်ရှင်တော့ တွေ့ပါရဲ့ .. အဲဒီ ကယ်တင်ရှင်ပါတနာက မူလထည့်ဝင်စိုက်ထုတ် ထားတဲ့ စာရင်း ဇယားတွေ ကြည့်ဖို့ တောင်းဆိုတဲ့ အခါ မှာ မပြနိုင်တော့ဘူး..။ မပြချင်လို့မဟုတ်ဘူး..။ ရှိကို မရှိတာ..။
ဒါကြောင့် ရင်းနှီးမြှုပ်နှံတော့မယ် ဆိုရင် Planned Investment ဖြစ်ဖို့ လိုပါတယ်..။ ရေတိုတွေ ရေရှည်တွေ ဆိုတာထက် သေသေချာချာ တတ်ကျွမ်းနားလည်တဲ့ Planner တစ်ယောက်နဲ့ တိုင်ပင်ပြီး ရေးဆွဲရင် အမှားနည်းမှာပါ..။ Planner ရဲ့ အလုပ်က ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာ Risk Factor တွေကို များများ စဉ်းစားပြီး ရေးဆွဲ နိုင်ပါမှ Plan ကောင်းတစ်ခု ဖြစ်လာမှာပါ..။
ရင်းနှီးမြှုပ်နှံရမယ့် အချိန်ဟာ အခုအချိန်ပါပဲ..။
ချစ်ခင်စွာဖြင့်
Credit-ကောင်းလွန်း (၄.၃.၂၀၁၆)
~~~~~~~~~~~~~~~~~~~~
ရေတိုမြှုပ်နှံလုပ်ကိုင်ပြီ
လက်ထဲမှာ ငွေပိုငွေလျှံရှိရင် လုပ်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးပါ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။