သီချင်းချစ်သူ
ဒီစာရေးရင် လူတွေမုန်းမလားမသိဘူး။အရင်တုန်းကရေးချင်ပေမယ့် လူတွေမုန်းမှာကြောက်လို့ မရေးဖြစ်ပါဘူး။
အခုဓာတ်ပုံထဲက သီချင်းစာအုပ်တွေကတော့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျနော်စုစည်းမိတဲ့ စာအုပ်တွေပဲ။အခုနောက်ပိုင်းထွက်လာတဲ့ စာအုပ်တွေကတော့ လက်လှန်းမမီတော့ မဝယ်နိုင်တော့ဘူး။
...

သီချင်းတွေ အကုန်ရသလားဆိုတော့မရဘူး မရတဲ့ သီချင်းတွေက ကဗျာလိုဖတ်လို့ရတယ်လေ။ကျနာ့်လို သီချင်းချစ်သူတွေက သီချင်းတပိုင်းတစ ဆိုညည်းတတ်ကြတယ်။
လူတိုင်း လူတိုင်း၉၉%က သီချင်းဆိုကြတယ်။အပုဒ်စေ့မဟုတ်ရင်တောင် ကိုယ်ကြိုက်တဲ့ အပုဒ်ပေါ့။
နီကရူးတစ်ယောက်နဲ့ ညဘက်မှာ အလုပ်လုပ်ရင်း အလုပ်ကပါးနေတယ်။သူနဲ့အပြင်မှာ သွားထိုင်တယ် ထုံးစံအတိုင်းမိုးပေါ်ကိုမျှော်ကြည့်ရင်း သီချင်းတပိုင်းတစ လေချွန်ပြီး ဆိုလိုက်မိတယ်။ဟားမင်းအဲဒီသီချင်းရလို့လားတဲ့ ရတာပေါ့လို့ပြောတော့ ဘယ်သူဆိုတာလဲတဲ့ မြန်မာသီချင်းလေလို့ပြန်ဖြေတော့ ရစရာမရှိအောင်သူရယ်တယ်။
ဘယ်ကမြန်မာသီချင်း အဲဒါအင်္ဂလိပ်သီချင်း ဘယ်သူက ဘယ်ခုနှစ်မှာဆိုတယ် ဘယ်လိုနာမည်ကြီးတယ် သူအကုန်သိ ရှက်လိုက်တာ သီချင်းဆိုမိတာက ငါ့အမှား။
မလေးရှားမှာ နေတုန်းက ကျနော်တို့ ချင်းသီချင်းခွေထွက်လာတော့
သီချင်းတပုဒ်က အရမ်းပေါက်တယ်။သူငယ်ချင်းတယောက်ကပြောတယ် အဲဒီသီချင်းကြိုက်လွန်းလို့ နေ့တိုင်းအသံအကျယ်ကြီးဖွင့်တယ်တဲ့ တနေ့တော့ ကော်ပီသီချင်းမှန်းသိတော့ လုံးဝမဖွင့်တော့ဘူးတဲ့။မလေးရှာမှာက လူမျိုးစုံတာကိုး။
မြန်မာ သီချင်းစာသားတွေက ကောင်းလွန်းအားကြီးတယ်။တချို့သီချင်းတွေက ကိုယ့်ဘဝနဲ့ ထပ်ထပ် ထပ်တူကျတော့ ကြိုက်တာပေါ့။မြန်မာပြည်မှာတော့ ကိစ္စမရှိဘူး နိုင်ငံခြားမှာ ဆိုရင်ဖွင့်လို့ အဆင်မပြေသလိုပဲ ရင်ထဲမှာ ကသိကအောင့်ဖြစ်နေတယ်။
ကျနော်သူငယ်ချင်းတယောက်ကမြန်မာပြည်က ထိုင်းမှာကြီးလာတော့ ထိုင်းသီချင်းပဲဆိုတယ်။သူဆိုတဲ့သီချင်းတွေက တခါမှ မကြားဖူးတဲ့သံစဉ်တွေပဲ။သေချာတာကတော့ သူလည်းသီချင်းပုဒ်စေ့မဆိုတတ်ဘူး။ထိုင်းနိုင်ငံမှာ ပရိတ်သတ်ရဲ့ ရင်ကို ကိုင်လှုပ်ခဲ့တဲ့ သီချင်းတွေပဲဖြစ်မှာ။
ဒီနေ့ပဲ အာဖကန်နိတန်ဘက်က သူငယ်ချင်းတယောက်နဲ့ ကျနော့်ကား EU စစ်ဖို့ဆိုင်မှာသွားအပ်တယ် အပြန်ကျတော့ သူ့ကားနဲ့ သူဖွင့်တဲ့ သီချင်းတွေက ကိုယ်မကြားဖူးတဲ့ သီချင်းတွေပဲ။
မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေရဲ့ အင်တာဗျူးတွေဖတ်ဖူးတယ်။ကော်ပီသီးချင်းတွေလည်း စိုက်ထုတ်ရတာ အများကြီးတဲ့။ကော်ပီတွေမှာ ကျေးဇူးရှိတယ်တဲ့။ဟုတ်ပါပြီ အခုက မြန်ပြည်မှာ ဂီတပညာရှင်တွေ အများကြီးရှိနေပြီပဲ။နာမည်ကြီးအဆိုတော်တွေ အများကြီး ပေါ်ထွက်လာပြီပဲ။
ပြောချင်တာက သူများလိုကိုယ်ပိုင် သံစဉ်တွေကို ကြားချင်နေပြီ။သူများနိုင်ငံမှာ ကိုယ်ပိုင်သံစဉ် စစ်စစ် အသံကျယ်ကျယ်ကြီးဖွင့်ချင်နေပါပြီ။
ကျနော့်လို သီချင်းချစ်သူတွေလည်း ကိုယ်ပိုင်သီချင်း တပိုင်းတစ အသံဗြဲဗြဲကြီးနဲ့ ဟစ်ချင်နေပါပြီ။
မြန်မာပြည်က နာမည်ကြီး တေးရေး ဆရာတွေ ကိုယ်ပိုင်သံစဉ်စစ်စစ်ေတးသီချင်း တွေ ရေးသားသီကုံးနိုင်ကြပါစေလို့ ဆုတောင်းရင်း...
လင်းတန်းချို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။