နယူတန်လို
နယူတန်လို
--------------
ကလေးကိုနှစ်သက်တယ်ဆိုတိုင်း သူ့ရဲ့ကောင်းကွက်ကိုပဲ ချီးမွမ်းရမယ် မဆိုပါဘူး။ သူ့ရဲ့ချွတ်ယွင်းချက်ကိုလည်း ဘယ်လိုကြည့်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ သူ့ကို “နယူတန်နဲ့တူတယ်”ဆိုတဲ့အကြည့်နဲ့ သင်ကြည့်ခဲ့ရင် သူဟာ နယူတန်နဲ့ ပိုပိုတူလာတတ်ပါတယ်။
ကစ်ကစ်ကို “နယူတန်လို”လို့ ကျွန်မအမြဲပြောခဲ့တယ်။ ဒါဟာ ချီးကျူးတဲ့စကားတစ်ခွန်း မဟုတ်ပါဘူး။ ဝေဖန်တဲ့စကားပါ။ ဒါဟာ နေ့စဉ်ဘဝကို သူစိတ်ဝင်စားမှုမရှိတဲ့အခါ...၊ အမှားအယွင်းသေးသေးမွှားမွှားကို ကျူးလွန်မိတဲ့အခါ ကျွန်မဝေဖန်တတ်တဲ့ စကားလုံးဖြစ်တယ်။
ဒီစကားက ကစ်ကစ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကနေလာတာဖြစ်တယ်။ ပုံပြင်ထဲမှာပြောထားတာက နယူတန်ဟာ သူလက်တွေ့စမ်းသပ်မှုအပေါ်မှာပဲ အာရုံစိုက်နေခဲ့တယ်။ တစ်ခါက မိတ်ဆွေတစ်ဦး သူ့ဆီအလည်ရောက်လာခဲ့တယ်။ နယူတန်က အလုပ်နဲ့လက်မခွာနိုင်ခဲ့ဘူး။ မိတ်ဆွေကစောင့်ရင်း စောင့်ရင်း နယူတန်အတွက်ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး ထပြန်သွားခဲ့တယ်။ စမ်းသပ်ခန်းကနယူတန်ထွက်လာချိန် ထမင်းစားပွဲက ပြောင်းတလင်းခါနေခဲ့ပြီ။ ဒါကိုတွေ့တော့ နယူတန်က “အော်.. ငါ ထမင်းစားပြီးပြီပဲ”လို့ ကိုယ့်ဘာသာကိုယ်ရေရွတ်ရင်း စမ်းသပ်ခန်းထဲ ပြန်ဝင်သွားခဲ့တယ်။
အလုပ်တစ်ခုပေါ်မှာ ရူးသွပ်စွဲလမ်းတဲ့ထူးချွန်သူတစ်ဦးဟာ ဘဝမှာ တုံးတိတုံးအလုပ်ရပ်တွေကို ကြိမ်ဖန်များစွာ ပြုလုပ်မိတတ်ပါတယ်။ တချို့လုပ်ရပ်က လူရယ်စရာဖြစ်သလို တချို့လုပ်ရပ်က စိတ်ညစ်ဒေါသထွက်စရာဖြစ်တယ်။ အဆင့်ဆင့်လက်ဆင့်ကမ်းလာရာကနေ ဒါတွေဟာ ဂန္တဝင်ပုံပြင်တွေဖြစ်ခဲ့ပါတယ်။ အခုလက်ရှိလက်တွေ့ဘဝမှာ ဒီလိုလူမျိုးထွက်ပေါ်ခဲ့ရင် လူအများက “စိတ်ဝင်စားမှုမရှိလို့” ၊ “မထူးချွန်လို့”လို့မြင်ပြီး စိတ်တို၊ စိတ်ညစ်ကြပါတယ်။ အထူးသဖြင့် ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ အတွေ့များပါတယ်။
ကလေးအများစုရဲ့ငယ်ဘဝမှာ အရာတစ်ခုခုကို ရူးသွပ်ခုံမင်တာမျိုးရှိကြတယ်။ ဒါမှမဟုတ် စိတ်ဝင်တစားနဲ့ ကြက်ကဘယ်ကနေ ပထမဆုံးဖြစ်လာခဲ့သလဲလို့ တွေးတောတတ်ကြတယ်၊ ထမင်းစားဖို့ တကြော်ကြော်ခေါ်တဲ့ အမေ့ရဲ့အသံကိုတောင် မကြားနိုင်လောက်တဲ့အထိ ကစားပွဲထဲမှာ နစ်ဝင်တတ်ခဲ့တယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပြစာအုပ်ကိုကြည့်ရင်း အိမ်သာတက်အပေါ့သွားဖို့၊ အိမ်စာလုပ်ဖို့တောင် မေ့တတ်ခဲ့ကြတယ်။ ကလေးငယ်အယောက်တစ်ထောင်မှာ ရူးသွပ်ခုံမင်တဲ့အရာ တစ်ထောင်မျိုးရှိနိုင်ပါတယ်။ လူကြီးအနေနဲ့ကြည့်ရင် ဒီအရာတွေဟာ စိတ်ဝင်စားစရာမကောင်းသလို ရိုးစင်းသာမန်ပါတယ်။ ကလေးငယ်တွေဟာ ကလေးဆန်တဲ့အတွက်ကြောင့်ရော ဘဝအတွေ့အကြုံမရှိသေးတဲ့အတွက်ကြောင့်ပါ မကြာခဏဆိုသလို လူရယ်စရာဖြစ်တဲ့ လုပ်ရပ်တွေပြုမူမိတတ်ပါတယ်။ ပြဿနာလေးတချို့တောင် ဖန်တီးလိုက်တတ်ပါသေးတယ်။
လူကြီးတွေက ဘယ်လိုစိတ်နေသဘောထားနဲ့ ကလေးတွေရဲ့ ဒီ “မဟုတ်ကဟုတ်က”အရာတွေကို ရင်ဆိုင်ဖြေရှင်းမလဲ… ဒါဟာ ကိစ္စသေးသေးမွှားမွှားမဟုတ်ပါဘူး။ ဒါဟာ ကလေးငယ်ကို နက်ရှိုင်းတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ကျွန်မရဲ့မိတ်ဆွေတစ်ယောက်က သူအခုထိမက်နေတဲ့စာပေအိပ်မက်အကြောင်းကို စကားစပ်ပြောမိရာက သူငယ်ငယ်က ကြုံတွေ့ခဲ့ဖူးတဲ့အဖြစ်အပျက်တစ်ခု ကျွန်မကိုပြောပြပါတယ်။ သူ အလယ်တန်းတုန်းက တစ်ဘက်ကပေါက်စီပေါင်းဖို့ ဖားဖိုထိုးရင်း တစ်ဘက်ကဝတ္ထုစာအုပ်ကို ဖတ်နေခဲ့တယ်။ စာအုပ်ထဲနစ်မျောသွားခဲ့လို့ မီးဖိုကမီးကို သူသတိမထားခဲ့မိဘူး။ မီးငြိမ်းသွားလို့ ဖခင်ရဲ့ဆူပူကြိမ်းမောင်းတာကို သူမကြာခဏခံခဲ့ရတယ်။ အနှစ်၃ဝကြာခဲ့ပေမယ့် ဒီအကြောင်းကိုပြောတိုင်း သူစိတ်မကောင်းဖြစ်နေခဲ့သေးတယ်။ ဒီကိစ္စဟာ သူ့ရဲ့စိတ်ကျန်းမာရေး၊ အလုပ်အကိုင်တိုးတက်ရေးမှာ အပျက်ဆောင်တဲ့သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်လို့ သူထင်တယ်။ သူတွေ့ကြုံခဲ့တွေတာကို အက်ဒီဆင်ရဲ့မိခင်က အက်ဒီဆင်လုပ်ခဲ့ဖူးတဲ့“အမှား”မှန်သမျှကို နားလည်ပေးခဲ့၊ အားပေးခဲ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ကလေးငယ်တစ်ယောက် နောက်ဆုံးမှာ“ထူးချွန်”နိုင် မထူးချွန်နိုင်ဆိုတာကို မိဘအုပ်ထိန်းသူတွေရဲ့ စိတ်နေသဘောထား၊ ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတွေက အဓိကကျကြောင်း သိရှိခံစားနိုင်ပါတယ်။
မတော်တဆအမှားလုပ်မိတဲ့ ကလေးကို ဘယ်လိုပြုမူဆက်ဆံမလဲ၊ အဲဒီအမှားတွေကို ဘယ်လိုစိတ်နေသဘောထားနဲ့ ဖြေရှင်းမလဲ.. ဒါတွေဟာ မိသားစုရဲ့သွန်သင်ဆုံးမှု မိသားစုပညာရေးပဲဖြစ်ပါတယ်။ သာမန်ကလေးငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့သမီးလေး ကစ်ကစ်ဟာလည်း တခြားကလေးတွေလုပ်တတ်တဲ့ အမှားမျိုးကို အမြဲတစေလုပ်ခဲ့ပါတယ်။ ဥပမာ-- ဈေးကြီးပေးဝယ်ထားတဲ့ လျှပ်စစ်အဘိဓာန်စာအုပ်ကို ခဏလေးပဲသုံးပြီး ဖျောက်ပစ်လိုက်တာမျိုး၊ ဘယ်နားဖျောက်လို့ ဘယ်နားပျောက်သွားမှန်း မသိခဲ့ပါဘူး။ ကြက်ဥထမင်းကြော်တဲ့အခါ ကြက်ဥအနှစ်ကို အမှိုက်ပုံးထဲထည့်ပြီး ကြက်ဥခွံကို ဘယ်နားထည့်ရမှန်းမသိတာမျိုး၊ အမှန်တော့ ကြက်ဥအနှစ်ကို ထမင်းထဲထည့်ပြီး ကြက်ဥခွံကို အမှိုက်ပုံးထဲထည့်ရမှာကို သူအမှားလုပ်ခဲ့မိတယ်။ ကပ်ကျေးကို နေရာတကျပြန်ထားခိုင်းချိန် ကပ်ကျေးကိုယူပြီး အိမ်ကိုသူတစ်ပတ်ပတ်တယ်။ ပြီးရင် သူ့ကိုဘာကြောင့် ကပ်ကျေးပေးရသလဲလို့ မေးတာမျိုး၊ ဒီလိုအမှားမျိုးတွေကို သူပြုတတ်ခဲ့ပါတယ်။ သူဒီလိုအမှားတွေ လုပ်မိတဲ့အခါတိုင်း ကျွန်မက သက်ပြင်းတချချနဲ့ “နယူတန်နဲ့တူတယ်”လို့ သူကိုပြောတတ်ခဲ့တယ်။
ကစ်ကစ်ရဲ့ “နယူတန်လိုအပြုအမူ”က ကျွန်မကို မကြာခဏဆိုသလို စိတ်ရှုပ်စေခဲ့တယ်။ အလယ်တန်းတုန်းက သူဟာ ကျောင်းအိပ်ကျောင်းစားမို့ တစ်ပတ်မှာတစ်ခါပဲအိမ်ပြန်ပါတယ်။ စစချင်းမှာတော့ အဆောင်ပြန်ချိန်မှာ ကစ်ကစ်ဟာ ဟိုဟာယူဖို့မေ့၊ ဒီဟာယူဖို့မေ့နဲ့ ကျောင်းပြန်ရောက်တိုင်း အိမ်ကိုဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောတတ်ပါတယ်။ ကျောင်းနဲ့အိမ်ကဝေးတာကြောင့် သူ့ဆီကျွန်မတို့တစ်ခေါက်သွားတိုင်း နေ့တစ်ဝက်ကြာအချိန်ကုန်သလို အလုပ်ကနေလည်း ခွင့်ယူရပါသေးတယ်။ ဒီလိုဖြစ်တိုင်း ကျွန်မစိတ်ထဲမှာ ဒေါသငွေ့လေးတွေ ထမိတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ သမီးကို ကျွန်မ မဆူခဲ့မိပါဘူး။ ကျွန်မတို့ အင်မတန်အလုပ်များပြီး ဒီလိုလာပို့ရတဲ့အတွက် အချိန်တွေ အလဟဿဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူသိအောင် ကျွန်မတို့ စကားကိုဒီလောက်ပဲပြောခဲ့ပါတယ်။ နောက်တစ်ကြိမ် အိမ်ကိုသူဖုန်းဆက်ပြန်ချိန် သူ့ရဲ့မေ့လျော့မှုက ကျွန်မတို့ကို ဘယ်လောက်ထိအလုပ်များစေကြောင်း သူသဘောပေါက်သွားမယ်ဆိုတာကို ကျွန်မသိလိုက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘတွေက သူ့ကိုဆူဆဲပြစ်တင်ရလောက်အောင် မလိုခဲ့ပါဘူး။ တကယ်လို့ သူ့ကိုဆူဆဲရင်၊ အပြစ်တင်ရင် အကြောင်းပြချက်လောက်ပဲ သူပေးမယ် သူ့ကိုယ်သူပြန်ဆန်းစစ်ဖို့အခွင့်အရေးကိုတော့ သူရသွားမှာမဟုတ်ပါဘူး။
ကစ်ကစ် ကျောင်းပြန်တော့မယ်ဆိုတဲ့အခါတိုင်း ကျွန်မနဲ့သူ့ဖေဖေ စိတ်အနည်းငယ်ပူပန်တတ်တယ်။ ဘာများကျန်ခဲ့ပြီး ငါတို့ကို ပြန်ပို့ခိုင်းမလဲဆိုတဲ့စိတ်မျိုးဖြစ်တယ်။ သူ့ပစ္စည်းကို ကျွန်မတို့ကူမသိမ်းပေးပေမယ့် ဘာပစ္စည်းများကျန်ခဲ့မလဲ.. လိုအပ်တာတွေ ယူပြီးပြီလား.. သေချာစဉ်းစားနော်လို့တော့ သတိပေးတတ်တယ်။ ဒီလို ကာလအတန်ကြာလာတဲ့အခါ သူ ဟိုပစ္စည်းမေ့ ဒီပစ္စည်းမေ့တာမျိုး ဖြစ်ခဲလာတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်သေသေချာချာ သိမ်းဆည်းတတ်လာခဲ့တယ်။ လိုအပ်တာတွေကို မှတ်စုစာအုပ်တစ်အုပ်နဲ့ရေးမှတ်တာမျိုး လုပ်တတ်လာခဲ့တယ်။ အိမ်ကနေ မထွက်ခွာခင် ပစ္စည်းတွေကို ပြန်စစ်ဆေးတာမျိုး လုပ်တတ်လာခဲ့တယ်။
လူတွေမှာ လိုအပ်ချက်အမျိုးမျိုးကိုယ်စီရှိကြပါတယ်။ ကစ်ကစ်က အရာရာမှာ သန်စွမ်းထူးချွန်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါဟာ ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုနဲ့ဆိုင်သလို သူကိုယ်တိုင်လုပ်နိုင်တဲ့အလုပ်ကို ကျွန်မတို့အမှတ်တမဲ့ လုပ်ပေးလိုက်မိတာနဲ့လည်း ဆိုင်တယ်။ ဒါမှမဟုတ် သူဒီလို အရာရာမှာမသန်စွမ်းတာဟာ သူ့ရဲ့မွေးရာပါကြောင့်လည်းဖြစ်တယ်။ လူတစ်ယောက်မှာ သန်စွမ်းမှု၊ ပျော့ညံ့မှုတွေက တသမတ်တည်း ရှိတာမဟုတ်ဘူး။ တစ်ဘက်မှာသူထူးချွန်ရင် အခြားတစ်ဘက်မှာ သူပျော့ညံ့ချင်ပျော့ညံ့လိမ့်မယ်။ ဒါကြောင့် ကစ်ကစ်ရဲ့ပျော့ညံ့မှုတွေကို အတတ်နိုင်ဆုံး ကျွန်မတို့လက်ခံသလို တစ်ဘက်ကလည်း အဲဒီပျော့ညံ့မှုတွေကို အတတ်နိုင်ဆုံး ကူညီပြုပြင်ပေးခဲ့တယ်။ ဒီလိုကူညီပေးတယ်ဆိုတာက သူ့အလုပ်ကို ဝိုင်းကူလုပ်ပေးတာမျိုးမဟုတ်ဘူး။ ကျွန်မတို့ကလည်း တစ်သက်လုံး သူ့ကိုကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ “ကူညီ”တယ်ဆိုတာက သူလုပ်ရမယ့်အလုပ်ကို အတတ်နိုင်ဆုံး သူကိုယ်တိုင်လုပ်စေတာပဲဖြစ်တယ်။ ကျွန်မတို့ အဓိကလုပ်ရမှာက “သည်းခံခြင်း”ပါပဲ။ အလုပ်ကို ရှုပ်ပွသွားအောင် သူလုပ်ချင်လုပ်ပါစေ သူ့ကိုလုပ်ခွင့်ပေးလိုက်တဲ့သဘောဖြစ်တယ်။
တကယ်လို့ ကလေးလုပ်တာကို စိတ်မချလို့ လူကြီးကိုယ်တိုင် လိုက်လုပ်ပေး၊ လိုက်ကြည့်ပေးတာမျိုးက ကလေးကို ကူညီရာမရောက်ပါဘူး။ ဘာကိစ္စမဆို ကလေးကိုယ်တိုင် စဉ်းစားဆုံးဖြတ်ခွင့်၊ လုပ်ခွင့်ပေးသင့်ပါတယ်။ အမှားတွေလုပ်ရင်း အမှားထဲကနေ သူတို့ဖြည်းဖြည်းချင်းသင်ယူနိုင်ပါတယ်။
ကစ်ကစ်အထက်တန်းတက်တုန်းက ကျောင်းကို မနက်စောစောသွားရပါတယ်။ ကျောင်းသွားတိုင်း သူလောတာကြောင့် စက်ဘီးသော့ကျန်ခဲ့တာ၊ နာရီကျန်ခဲ့တာတွေ အမြဲဖြစ်ပြီး အဆင်မပြေဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့သူ့ဖေဖေက သူကျောင်းသွားခါနီးတိုင်း “သော့ယူဦး” ၊“နာရီယူဦး”နဲ့ လိုက်သတိပေးခဲ့ရတယ်။ ကြာလာတော့ ဒီလိုသတိပေးနည်းကမဟန်မှန်း ကျွန်မတို့သိလာခဲ့တယ်။ သူ့ကိုယ်သူ သတိတရနဲ့ယူတာမျိုး မဟုတ်တော့ဘဲ ကျွန်မတို့သတိပေးတာကိုပဲ သူတွယ်တာလာခဲ့တယ်။ နောက်တော့ သူကျောင်းကပြန်လာတိုင်း သော့ကို စာကြည့်စားပွဲပေါ် လျှောက်တင်တာမျိုး မလုပ်စေဘဲ လွယ်အိတ်ထဲ ကျွန်မချက်ချင်းထည့်ခိုင်းခဲ့တယ်။ နောက်တစ်နေ့ကျောင်းသွားရင် လွယ်အိတ်လွယ်လိုက်တာနဲ့ သော့ပါပြီးသားဖြစ်သွားတယ်။ နာရီကိုလည်း ချွတ်ပြီးရင် လွယ်အိတ်ရဲ့ဘေးအိတ်မှာ ထည့်ခိုင်းစေခဲ့တယ်။ ကျွန်မပြောတာတွေ သူလုပ်ပေမယ့် စိတ်ပါတစ်လှည့် မပါတစ်လှည့်ပါပဲ။ သော့နဲ့နာရီကို စာကြည့်စားပွဲပေါ်တင်တဲ့အကျင့်ကိုတော့ သူ ဖျောက်မရခဲ့သေးဘူး။
တစ်ခါက စက်ဘီးသော့ကို သူမေ့ကျန်ခဲ့တယ်။ ကျောင်းရောက်တော့ သူစက်ဘီးသော့မခတ်တာကို အစစ်ဆေးခံလိုက်ရတယ်။ စက်ဘီးသော့မခတ်ရင် ကျောင်းစည်းကမ်းဖောက်ဖျက်တာပဲဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသတိပေးဆင်ခြင်တဲ့စာမျိုး သက်ဆိုင်ရာဆရာ ဆရာမဆီရေးတင်ရတယ်။ ဒါဟာ အတန်းရဲ့နာမည်ကောင်းရမှတ်ကိုလည်း ထိခိုက်စေပါတယ်။ ဒီ့အတွက် ကစ်ကစ်အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့ရင်ထဲမှာလည်း သူ့ကိုအပြစ်တင်ချင်တဲ့ စကားတွေရှိခဲ့တယ်။ ဒါပေမယ့် “အစကတည်းက သမီးကိုသတိပေးသားပဲ”ဆိုတဲ့စကားမျိုး ကျွန်မတို့မပြောခဲ့ဘူး။ နယူတန်လိုပဲ အမှားလုပ်တတ်တယ်ဆိုတဲ့ စကားနဲ့ပဲ သူ့ကိုစနောက်ခဲ့တယ်။ ကျောင်းကပေးတဲ့ပြစ်ဒဏ်အတိုင်း စာသင်ခန်းတွေကိုတံမြက်စည်းလှည်းပြီး အတန်းရဲ့နာမည်ကောင်းရမှတ်ကို ပြန်ရယူဖို့ သူ့ကို ကျွန်မတို့အားပေးခဲ့တယ်။ သူသေသေချာချာရေးထားတဲ့ “သတိပေးဆင်ခြင်စာ”ကိုလည်း ကျွန်မဓာတ်ပုံရိုက်ယူပြီး “ဒါဟာ“ပါရဂူနယူတန်”ရဲ့မှတ်တမ်းမှတ်ရာ၊ နောင်တစ်ချိန် သူနာမည်ကြီးလာရင် ဒါဟာ ဂန္တဝင်ပုံပြင်ဖြစ်သွားနိုင်တယ် သိမ်းထားရမယ်”လို့ သူ့ကို စနောက်ခဲ့တယ်။
ကျွန်မတို့ရဲ့ဒီလိုပြုမူပုံတွေက ကစ်ကစ်ရဲ့စိတ်ကို ပေါ့ပါးစေခဲ့ပါတယ်။ အပြစ်တစ်ခုကိုကျူးလွန်ထားသလိုမျိုး သူ့စိတ်ကို မညည်းညူစေခဲ့တော့ပါဘူး။ သူ့ရဲ့လုပ်အားနဲ့ အတန်းရဲ့နာမည်ကောင်းရမှတ်ကို သူပြန်ဖာထေးနိုင်ခဲ့ပါတယ်။ အဓိကအချက်က အဲဒီနောက်ပိုင်း ကျောင်းသွားခါနီးတိုင်း သော့နဲ့နာရီကိုယူဖို့ သူမမေ့တတ်ခဲ့တော့ပါဘူး။
ကလေးတွေကို ကျွန်မတို့မဝေဖန်ရဘူးလို့ ကျွန်မမဆိုလိုပါဘူး။ ဒါပေမယ့် စည်းစနစ်ကျတဲ့ “ဝေဖန်”နည်းနဲ့ဝေဖန်တာက အကောင်းဆုံးပါ။
*** "လက်ဦးဆရာ"လို့ ကျွန်မအမည်ပေးထားတဲ့ လက်ရှိကျွန်မဘာသာပြန်နေတဲ့ ကလေးငယ်ပြုစုပျိုးထောင်စာအုပ်ထဲက စာပိုဒ်တစ်ပိုင်းတစပါ။ မေမေလက်သစ်တချို့က ဒီစာအုပ် ဘယ်တော့ဖတ်ရမလဲလို့ မေးကြတယ်.. ဒီနှစ်မကုန်ခင်တော့ ထွက်နိုင်တန်ကောင်းပါရဲ့လို့ ... ရေးပြီးသမျှတွေကိုတော့ ဒီfbမှာ တင်တင်သွားပါမယ်။
နိုင်းနိုင်းစနေ
.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။