အနုပညာရှင်များနှင့် စံလက်ရာများ
(စိုင်းထီးဆိုင်)
.
.
.
ကျွန်တော့်ရဲ့  Masterpiece လို့ မေးတော့ ဖြေရမှာ တော်တော် အကြံအိုက်ပါတယ်။ အမည်တပ်ပြီး ဒက်ခနဲ မပြောနိုင်ဘူး။ ဂီတရေစီးကြောင်းက အမြဲစီးနေတာဆိုတော့ ပုံစံဟောင်းထဲကသူတွေကိုလည်း တစ်ခါတလေ ပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ကလည်း သီချင်းတွေနောက်ကိုလိုက်ရင်းနဲ့ အကြိုက်လေးတွေ ပြောင်းလဲလာပါတယ်။ တချို့ သီချင်းလေးတွေဟာ အရင်က အထူးကြိုက်နှစ်သက်စရာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသစ်ကို တောင့်တတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ ဖြစ်တတ်ပါတယ်။
သီချင်းတွေကိုတော့ သိသလောက်၊ တတ်သလောက် အစွမ်းအစနဲ့ ကြိုးစားပြီး အမြဲဆိုတာပါပဲ။ ဒါပေမယ့် အားမရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကြောင့် တစ်ခါတလေ ပြန်ဆိုတာတွေမှာ အပြောင်းအလဲလေးတွေ နည်းနည်းရှိတတ်ပါတယ်။ အခု နည်းနည်းအတွေ့အကြုံများလာတော့ အရင်တုန်းက မသိခဲ့တာတွေကို ဖြည့်ဆိုတာမျိုးလည်း ရှိပါတယ်။ ကျွန်တော် နည်းနည်းအားရတယ်လို့ ပြောလို့ရတဲ့ သီချင်းကတော့ ရွှေဟင်္သာ သီချင်းတွေပါ။ အချစ်အတွက် တစ်ဖန်မွေးဖွားခြင်း သီချင်းကိုလည်း အားရပါတယ်။ အပေးအယူ၊ ခြင်္သေ့လည်ပြန် စတဲ့ သီချင်းတွေကလည်း ကျွန်တော့် မှတ်တမ်းမှာ စွဲကျန်ခဲ့တဲ့ သီချင်းတွေပါ။ နွေနံနက်ခင်းလို သီချင်းမျိုးကျတော့ ဒီ့ထက် ပါးပါးနပ်နပ် ဆိုတတ်တဲ့သူ ဆိုရင် ပိုကောင်းနိုင်တယ်လို့ ထင်တယ်။ ကျွန်တော်က ဒါတွေကို ကျွန်တော့်ရဲ့  ပြောင်မြောက်တဲ့ Masterpiece လို့ မပြောရဲပါဘူး။ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်ပြီးတော့ သီဆိုရတယ် လို့ပဲ မှတ်ထားလိုက်ပါတယ်။
ပရိသတ်အများဆုံး နှစ်သက်တာကတော့ မောင့်လပြည့်ဝန်း သီချင်းပဲ။ ဒါ သူတို့က အသိမှတ်ပြုတယ်လို့ ကျွန်တော် ယူဆတယ်လေ။
ကျွန်တော်က အကောင်းဆုံးလို့ သတ်မှတ်ထားတာနဲ့ ပရိသတ်က အကောင်းဆုံးလို့ သတ်မှတ်ထားတာတွေက တစ်ခါတလေ သိပ်ကိုက်ညီမှု မရှိပါဘူး။ ကျွန်တော်တို့ကတော့ အနုပညာခံစားမှုသီချင်းတွေကို ပိုကြိုက်နှစ်သက်မိတယ်။ ကိုယ့်ရဲ့  အကြိုက်ဆုံးသီချင်းလေးတွေကို ပြန်ဆိုတဲ့အခါ သရုပ်ပိုပါသွားတာမျိုးလည်း ရှိပါတယ်။ အဆွဲ၊ အတက်လေးတွေ ပြောင်းသွားတာတို့၊ နည်းနည်း လေးလေးနက်နက် ပိုပြီး ဆိုနိုင်တာလေးတွေတော့ ရှိပါတယ်။
မောင့်လပြည့်ဝန်း သီချင်းကို ကိုနေဝင်းက မန္တလေးတက္ကသိုလ်မှာ သူ့ရဲ့  ညီအစ်ကို သူငယ်ချင်းတွေကို သင်ပေးရင်းနဲ့ ဆိုကြတာ။ ဆိုရင်းနဲ့ သံစဉ်မှားတာ၊ မှန်တာ၊ မူကွဲတာလည်း ရှိတာပေါ့။ ကျွန်တော်တို့က ဒီလိုပဲ ဆိုနေကြတာပဲ။ ဒါပေမယ့် ကိုနေဝင်း ကိုယ်တိုင်က ကျွန်တော့်ကို သူ့ရဲ့  အသံနေအသံထားနဲ့ သူဆိုချင်တဲ့အတိုင်း ကျွန်တော် အသံသွင်းခါနီးမှာ အကုန်လုံး သင်ပေးပါတယ်။ အဲဒီအချိန်တုန်းက မြူးမြူးကြွကြွ သီချင်းတွေ ပေါက်နေတဲ့အချိန် ကျွန်တော့်သီချင်းတွေက အေးအေးလေးတွေဖြစ်တာကြောင့် ပရိသတ်က နားစွဲသွားတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အဲဒီသီချင်းက အသံမသွင်းခင်ကတည်းက နာမည်ကြီးနေတာ။ မန္တလေးတက္ကသိုလ်မှာ တော်တော် ရေပန်းစားခဲ့တယ်။ အဆောင်သူတွေကလည်း မောင့်လပြည့်ဝန်း သီချင်းကို ဆိုပေးပါဆိုပြီး တောင်းဆိုကြပါတယ်။
ကျွန်တော့်ကို ဦးတည်မေးလာတဲ့မေခွန်း Masterpiece ကိစ္စပြောရရင် Masterpiece ကို သတ်မှတ်တာ အနုပညာရှင်ကိုယ်တိုင်လား၊ ပရိသတ်က အသိအမှတ်ပြုတာလားဆိုတာ ကျွန်တော်ကိုယ်တိုင် စဉ်းစားတွေးခေါ်ဖူးခြင်း၊ အသိမိတ်ဆွေတွေနဲ့ ဆွေးနွေးလေ့လာ သုံးသပ်ပြောဆိုခြင်းတွေ မရှိသလောက် နည်းပါးတဲ့အတွက် တိတိပပ မပြောတတ်ပါ။ နောက်ပြီး ကျွန်တော့်အတွေးအခေါ်အရ Masterpiece အဖြစ် ဆုံးဖြတ်သတ်မှတ်နိုင်သူဟာ အနုပညာကို မူရင်းဖန်တီးသူ၊ အစကနေ အဆုံး ပုံဖော်သူ တေးသီချင်းရဲ့  စွဲလမ်းဖွယ်ရာ တေးစာသားတွေနဲ့ သံစဉ်ကို လှလှပပ သပ်သပ်ရပ်ရပ် ပေါင်းစည်းရေးသားသီကုံးသူနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျွန်တော့် ယူဆချက်ပါ။ အနုပညာလက်ရာပြောင်မြောက်တဲ့ တေးသီချင်းတစ်ပုဒ် ဖြစ်တယ်ဆိုတာ ပရိသတ်ကပဲ ဆုံးဖြတ် အသိအမှတ်ပြုရမယ်ဆိုရင်တော့ ဘယ်သီချင်း၊ ဘယ်အပုဒ်ကမှ အကောင်းဆုံးပါလို့ ကျွန်တော် ညွှန်းပြစရာ အကြောင်း မရှိတော့ပါ။
အဆိုတော် လို့ ခေါ်တဲ့ တေးသံရှင်တွေဟာ တေးရေးသူက စေတနာ၊ ဝါသနာ အပြည့်အဝနဲ့ ပုံဖော်ပေးသမျှ ပရိသတ် အသိအမှတ်ပြုလက်ခံပြီး နှစ်သက်မြတ်နိုးစေဖို့ တတ်သိသမျှ၊ လေ့လာမှတ်သားလိုက်စားထားသမျှနဲ့ ဆိုရတာပါ။ ဘယ်အပုဒ်ကိုတော့ လျှော့ဆိုမယ်၊ ခိုလိုက်မယ် ဆိုတဲ့ စိတ်မျိုး မထားဖူးပါဘူး။ သီချင်းတိုင်းကို မြတ်မြတ်နိုးနိုးနဲ့ သီချင်းကောင်းပဲဖြစ်အောင် စေတနာထားပြီး ဆိုခဲ့တာ များပါတယ်။
အားမရစရာတွေ၊ မပြည့်ဝတာတွေ ပါခဲ့ရင်တော့ ကိုယ့်ရဲ့  ပညာပိုင်းဆိုင်ရာ ချို့ တဲ့ လစ်ဟင်းမှုကြောင့်သာ ဖြစ်တယ်လို့ပဲ
ရိုးရိုးသားသား ဝန်ခံပါရစေ။
-------------။--------------
Credit - Life Style (April 2007)
\m/ Welcome to Rock 'n' Roll \m/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။