Zarni Htike added 2 new photos.
ခေတ် အဆက်ဆက် ၀န်ကြီးများရဲ့ ဘ၀နဲ့ အကြောင်းရင်းများ
====================================
တစ်နေ့က ဘဘနဲ့ အစိုးရ အလုပ် လုပ်ကိုင်တုန်းက ခင်မင်ရင်းနှီးခဲ့တဲ့ ၀န်ကြီးတစ်ပါးက သူ့အိမ်ကြီးကို ဖိတ်လို့ ရောက်ခဲ့ပါတယ်။ အိမ်ကြီးဆိုတာက တခြား ပုံမှန်တိုက်ကြီး တွေထက်လည်း ၂ ဆလောက် ပိုကြီး၊ ခြံထဲ ၀န်းထဲမှာ ကလည်း ကား ၄-၅ စီးနဲ့ဆိုတော့ ဒီဝန်ကြီးမှာ ပြုတ်သွားတာတောင် ကံကောင်းတယ်လို့ သုံးသပ်ရမယ်။ သူသာ ဟို ၂၀၀၀ ပြည့်နှစ်လောက်က မပြုတ်ခဲ့ဘူးဆိုရင် လွှတ်တော်ထဲမှာ ရောက်နေမလား၊ တခြား ၀န်ကြီးဌာန တွေမှာ တာဝန်ယူနေရမလား၊ သတင်းစာနဲ့ ပြည်သူလူထုရဲ့ ဝေဖန်မှု တွေကို ခံနေရမလား မပြောနိုင်ဘူးပေါ့။ အခုတော့ သူ့မှာ ကလည်း ဟိုဝန်ကြီး ဘ၀တုန်းကလိုပဲ အိမ်ကြီးနဲ့၊ ကားတွေနဲ့၊ ခြွေရံသင်းပင်းတွေနဲ့၊ သားသမီးတွေကလည်း ကုမ္ပဏီပိုင်ရှင် သူဌေးကြီးတွေ ဆိုတော့ ဘယ်လောက် ဟန်ကျလိုက်သလဲ။
အဲဒါနဲ့ ဘဘက စဉ်းစားကြည့်မိတယ်။ ဘဘက ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စပြီး အစိုးရ အလုပ်လုပ်ခဲ့တော့ ဟို ဒီမိုကရေစီခေတ်က ၀န်ကြီးတွေရဲ့ဘ၀၊ မဆလခေတ်က ၀န်ကြီးတွေရဲ့ဘ၀၊ န၀တ၊ နအဖ ၀န်ကြီးတွေရဲ့ ဘ၀နဲ့ အခု ဒီမိုကရေစီ အတုအယောင် ကြီးခေတ် ၀န်ကြီးတွေရဲ့ ဘ၀တွေကို နှိုင်းယှဉ်ကြည့်မိရင်း ဒီဆောင်းပါးလေးကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒီဆောင်းပါးလေးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ တို့တိုင်းပြည်မှာ အရေး အကြီးဆုံး ပြဿ နာကြီး သုံးရပ်ဖြစ်တဲ့ ၁။ ပြည်တွင်းစစ် ၂။ တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက် ခြစားမှု၊ လာဘ်ပေး လာဘ်ယူ ကိစ္စနဲ့ ၃။ ဒီမိုကရေစီ အတုအယောင်ကြီးကိစ္စ သုံးရပ်နဲ့ ပတ်သက်ပြီး စာဖတ်သူ တို့ကို တင်ပြချင်တာပါ။
ဘဘက ဟိုဘက် ဒီမိုကရေစီခေတ်ကိုလည်း မီခဲ့တော့ အဲဒီ လွတ်လပ်ရေး ရပြီးစ ၁၉၅၀ ပြည့်နှစ်တွေကနေ ၁၉၆၂ ခုနှစ်ကို ဒီမိုကရေစီ အစပျိုးခေတ်လို့ သတ်မှတ်ပါတယ်။
အဲဒီခေတ် အဲဒီတုန်းကတော့ ၀န်ကြီးတွေ မဟုတ် မတရား လုပ်တာတွေ မရှိခဲ့ဘူးလားလို့ မေးရင် သိန်း ၄၀ တုတ်တယ် လို့ နာမည်ထွက်ခဲ့တဲ့ ၀န်ကြီးတို့၊ မီးခွက်မှုတ်တယ်လို့ နာမည်ထွက်ခဲ့တဲ့ ၀န်ကြီးတို့ ဆိုတာ ဟို ဘဘတို့ ငယ်ငယ် သတင်းစာတွေထဲမှာ ရေးကြ သားကြတာ မှတ်မိပါတယ်။ ဒါပေမဲ့ အဲဒီခေတ်က လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် ရှိတဲ့အပြင် တရား ဥပဒေ စိုးမိုးရေးကလည်း ရှိကြတော့ အဲဒီ ၀န်ကြီးတွေ တချို့ ပြုတ်ကြတယ်။ ပြုတ်တယ်ဆိုတာ အာဏာရှင် တစ်ဦးတစ်ယောက်က သူနဲ့ မတည့်လို့ ဖြုတ်လို့ ပြုတ်တာ မဟုတ်ပါဘဲ ၀န်ကြီးအဖွဲ့နဲ့ လွှတ်တော်ထဲက ဆုံးဖြတ်ချက်နဲ့နော်။ အဲဒီ သိန်း ၄၀ ဆရာကတော့ သူ မယူဘူးလို့ ငြင်းခဲ့ပြီးနောက် ၀န်ကြီး ပြုတ်သွားတော့ ဆင်းဆင်းရဲရဲ တဲကလေး တစ်လုံးမှာပဲ နေခဲ့ရတာ။ အဲဒီ ၁၉၅၀ လောက်ကဆို ရွှေတစ်ကျပ်သား ငွေ ၁၀၀၊ ကျပ်သိန်း ၄၀ ဆို ရွှေပိဿာာ၄၀၀။ သားစဉ် မြေးဆက် စားလို့ရပေမယ့် အဲဒီ ၀န်ကြီးဟောင်း မိသားစုဆို အခု ဆင်းရဲနေကြတာပါ။
အဲဒီ ၁၉၅၀ ပြည့်နှစ်တွေက ၀န်ကြီးတွေ ဆိုတာ ပြုတ်ကြရင် နေစရာ အိမ်လေးတောင် မရှိကြတာ လူတိုင်း အသိပါ။ ၀န်ကြီး ဦးထွန်းဖေ ထွန်းနေ့စဉ် သတင်းစာကို ထောင်ခဲ့သူဟာ ၁၉၅၄ ခုနှစ်လောက်မှာ နုတ်ထွက်သွားပြီး နေစရာမရှိလို့ သူ့သူငယ်ချင်း အတွင်းဝန်တို့ ခြံထဲမှာ တဲထိုးပြီး နေခဲ့ရတာ လူတိုင်းအသိ။ အဲဒီလို ဒီမိုကရေစီခေတ်၊ လွတ်လပ်ရေး ရပြီးစခေတ်က ၀န်ကြီးတွေဟာ ပြုတ်သွားရင် မွဲကြ၊ ဆင်းရဲ ကြရတဲ့ အဓိက အကြောင်းကတော့ အဲဒီ ဆရာကြီးတွေ ၀န်ကြီးဖြစ်ကြတာ ခံယူချက်နဲ့ နိုင်ငံရေး လုပ်ကြရင်း ၀န်ကြီး အဖြစ် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ခဲ့ကြတာကိုး။ သူတို့ မှားသွားရင်တော့ ဆင်းရဲကြ၊ ခံကြရတာပေါ့။ အဲဒီ ဒီမိုကရေစီ ခေတ်က အကောင်းဆုံး ဥပမာကတော့ ၀န်ကြီးချုပ် ဦးနုရဲ့ ဘ၀။ ဦးနုဟာ အိမ်ကလေး တစ်လုံး ရှိတာတောင် သူ့ဇနီးဘက်က အမွေရတဲ့ အတွင်းပစ္စည်းတွေ ရောင်းပြီး ဆောက်ခဲ့တာ။ အဲဒီ ဦးနုက တရားရေး ၀န်ကြီးကိုတောင် ပြန်စစ်ဆေးခိုင်းခဲ့တယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။
ဒီလိုနဲ့ နေလိုက်ကြတာ ၁၉၆၂ ခုနှစ် အာဏာ သိမ်းကြပြီး ပထမ ၁၂ နှစ်က တော်လှန်ရေး ကောင်စီ၊ နောက် ၁၄ နှစ်က မဆလ။ ၂ မျိုးသာ ကွဲနေတာပါ အမှန်ကတော့ အတူတူပါပဲ။ အဲဒီ ၂၆ နှစ် အတွင်းမှာကတော့ ၀န်ကြီးတွေဟာ အလွန်အကျွံစားရင် ဆရာကြီးက စိတ်ဆိုးပြီး ဖြုတ်တတ်တယ်။ ဆရာကြီး သူကသာ တိုက်တွေ၊ မြေတွေ အများကြီးပိုင်ပြီး နန်းတော်ကြီးမှာနေ၊ နိုင်ငံခြားမှာ ငွေတွေ ဘီလီယံလိုက်ထားတာ၊ တပည့်တွေစားရင် စိတ်ဆိုးတယ်။ ထားကြပါစို့။ အဲဒီ မဆလခေတ် ၀န်ကြီးတွေကတော့ သူများထက်စာရင် သိပ်မဆိုးဘူးလို့ ဆိုရမယ်။ စားနိုင်သောက်နိုင်တယ်ပေါ့။ ပြုတ်သွားကြရင် အိမ်လေးတစ်လုံး၊ ပင်စင်လစာလေးတော့ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်လို တိုက်ကြီးတွေ၊ ကားကြီးတွေ၊ သားသမီးတွေမှာကလည်း ကုမ္ပဏီကြီးတွေ ငွေတွေကလည်း သိန်းဘယ်နှထောင် ဘယ်နှသောင်းလဲလို့သာ မေးရမယ်၊ ပူစရာကတော့မရှိ ဆိုတဲ့ သဘောတော့ မဆလခေတ်မှာ မရှိခဲ့ပါဘူး။
ကဲ - အဲဒီတော့ အခုခေတ် ၀န်ကြီးတွေကျတော့ ဘယ်လိုနေကြ၊ ထိုင်ကြသလဲဆိုတာ အများ အသိပါ။ ဘဘ သိတဲ့ တစ်ယောက်ဆို အိမ်မှာ ကားအစီး ၄၀ ထား တယ်တဲ့။ ဟန်ကျတယ်နော်။ ပြုတ်သွားရင်ကော ပူစရာ လား။ သားတွေ၊ သမီးတွေမှာ လုပ်ငန်း အကောင်းကြီးတွေ အပြည့်။ အဲဒီတော့ ဘဘရဲ့ ဆောင်းပါး ခေါင်းစဉ်အရ အကြောင်းရင်း တွေကို ရှာဖွေတင်ပြရတော့မှာ။ အကြောင်းရင်းတွေကတော့ အများအသိဖြစ်လို့ သိပ်တောင် ရှာဖွေ တင်ပြစရာ မလိုဘူးလို့ ထင်တာပါပဲ။ ဘဘ မြင်တာက ခြုံကြည့်ရရင် အကြောင်းရင်း ၂ ချက်ပဲ မြင်ပါတယ်။ ပထမ ၁။ အချက်ကတော့ တိုင်းပြည်မှာ မှန်မှန်ကန်ကန်ရှိမှု၊ တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် သူတွေ၊ အဖွဲ့အစည်းတွေ ကစပြီး မတရားမှုတွေကို လုပ်ကိုင် ဆောင်ရွက်နေကြလို့ပဲ။ ၂။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ တိုင်းပြည်ရဲ့ သယံဇာတ တွေကို ကိုယ်ပိုင်တဲ့သဘောနဲ့ သုံးဖြုန်း ခိုးယူနေကြလို့ပါပဲ။ အဲဒီ ၂ ချက်ကို ပြန်ခြုံ ကြည့်လိုက်ရရင် တော့ တိုင်းပြည်ကို မချစ်ကြတာပဲပေါ့။
ဆရာဘဘရဲ့ ဆောင်းပါးအား ပြန်လည်မျှဝေပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။