Myanmar News Update
နိုင်ငံခြားသား ခရီးသွားတွေကို ကူညီလျှင် ဘာရမည်နည်း
စာရေးသူ စာမူထုတ်ပြီး ထွက်အလာ နောက်ဂျာနယ်တိုက် သွားဖို့ပေါ့။ လမ်းမှာ အရပ်ရှည်ရှည် နိုင်ငံခြားသား တစ်ယောက်က ရန်ကုန်မြေပုံကို ပြပြီး မြန်မာလူမျိုး တစ်ယောက်ကို ဆူးလေဘုရားအား မေးနေတာ တွေ့ခဲ့ရ ပါတယ်။
သူက စာရေးသူနောက်မှာ ပါလာမှန်း သတိပြုမိပါတယ်။ စာရေးသူလည်း မနူးမနပ် အင်္ဂလိပ်စကား ပြောနဲ့ လှမ်း နှုတ်ဆက်လိုက်ပါတယ်။ သူကလည်း စာရေးသူကို ပြန်နှုတ်ဆက်ပြီး ဆူးလေဘုရားကို ဘယ်လို သွားရသလဲလို့ မေးပါတယ်။ စာရေးသူလည်း ကူညီချင် လွန်း နေတာကြောင့် လမ်းကြုံတယ်လို့ ယူဆပြီး မိမိနောက် လိုက်လာရန် ပြောမိပါတယ်။
စာရေးသူက မေးတော့ သူက ဂျာမနီနိုင်ငံက လာတယ်လို့ ပြောပါတယ်။ စာရေးသူလည်း ဂျာမနီ လူမျိုးတွေကို အလွန်နှစ်သက်ပါ တယ်လို့ ပြောတော့ သူက ဘာကြောင့်လဲလို့ မေးပါတယ်။ စာရေးသူက မင်းတို့လူမျိုး တွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကြောင့် လို့ ပြန်ဖြေ လိုက်ပါတယ်။ သူပြုံးပျော်သွားပြီး တော်တော် သဘောကျ သွားဟန် ရှိပါတယ်။ စာရေးသူက ဂျာမန် ဘောလုံးသမား ကလိုဆေးကို အလွန်နှစ်သက်ပါတယ်လို့ ပြောတော့ သူလည်း ကြိုက်တယ်လို့ ပြောပါတယ်။ ပြီးတော့ ယူအီးအက်(ဖ်)အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် ကန်တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ ပြောပါတယ်။ စာရေးသူကလည်း အလိုက် သင့် ဘေယန်မြူးနစ်က အဝေးကွင်းမှာ ၃ ဂိုး-၁ ဂိုးနဲ့ နိုင်သွားကြောင်း ဝင်ထောက်လိုက်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘေယန်မြူး နစ်နဲ့ ဒေါ့မွန်တွေ့ခဲ့တဲ့ အတွက် ဘွန်ဒက်စ်လီဂါလို့ ပြောတော့ ဟုတ်တယ် မှန်တယ်လို့ ထောက်ခံပြီး သူက ဘေယန်မြူးနစ်ရဲ့ ပရိသတ်ဖြစ်ကြောင်း ပြောပြီး ဂျာမန် ဘွန်ဒက်စ်လီဂါနှင့် စီးရီးအေ ဘယ်ပြိုင်ပွဲကို ပိုကြိုက်လဲလို့ မေးပါတယ်။ စာရေးသူက အင်္ဂလိပ် ပရီးမီးယား လိဂ်ကို အကြိုက်ဆုံးလို့ ပြောတော့ သူ နည်းနည်း အမ်းသွားတဲ့ပုံ ပေါက်သွားလို့ အင်္ဂလိပ် ပရီးမီးယားလိဂ်လို့ ထပ်ပြောပြီး ဂျာမန်ဘွန်ဒက်စ်လီဂါကို ဒုတိယ ကြိုက်ကြောင်း ပြောပြီး အာဆင်နယ် အသင်းနှင့် (အာဆင်နယ် အသင်း ကစားသမား) ပိုဒေါ့စကီး (ဂျာမန်လူမျိုး တိုက်စစ်မှူး)ကို အကြိုက်ဆုံးလို့ ပြောတော့မှ သူက သဘောကျ သွားပါတယ်။
သူက သူကိုင်ထားတဲ့ ရန်ကုန်မြို့ မြေပုံထက် ပိုကောင်းတဲ့ မြေပုံကို လိုချင်တယ်လို့ ပြောပါတယ်။ ဆူးလေဘုရားကို မသွားတော့ဘူး လားလို့ မေးတော့ မြေပုံကိုလိုချင်တယ် ပြောပါတယ်။ စာရေးသူက အင်းဝစာအုပ်ဆိုင် တစ်ဆိုင်ကို ခေါ်သွားပြီး သူလိုချင်တဲ့ မြေပုံကို ရှာပါတယ်။ မရပါဘူး ရန်ကုန်လမ်းညွှန် ကျတော့လည်း အရမ်းကြီးပြီး လေးတယ်လို့ ပြောပါတယ်။ မြေပုံရှာရတာ ခက်နေလို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ မြေပုံထဲက ဘယ်နေရာကို သွားချင်လဲလို့ မေးတော့ မြေပုံ အသေးစိတ် ရှင်းရှင်းလင်းလင်းကို လိုချင်လို့ ဟု ပြောပါတယ်။ အဲ့ဒါနဲ့ စာအုပ်ဆိုင် နောက်တစ်ဆိုင်ကို ထပ်ရှာပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မြို့နယ်တွေရဲ့ မြေပုံသုံးအုပ်တွဲကို ရခဲ့ပါတယ်။ ရောင်းတဲ့ မိန်းကလေးက ပထမတော့ တစ်အုပ်တည်း ယူရင် ငွေကျပ်၂ဝဝဝ လို့ ပြောပြီး သုံးအုပ်လုံး ယူတော့လည်း ငွေကျပ် ၆ဝဝဝ တောင်းလိုက်သဖြင့် စာရေးသူ စိတ်ထဲမှာ သိပ် ဘဝင်မကျလှပါဘူး။ စာရေးသူက ငွေကျပ် ၆ဝဝဝ ကျကြောင်းပြောတော့ သူက သုံးအုပ်လုံးလားလို့ မေးပါတယ်။ စာရေးသူက မတူတဲ့ သုံးအုပ်လုံးလို့ ပြောမှ သူက ၅ဝဝဝ တန်နှင့် ၁ဝဝဝ တန်ကိုကိုင်ထားပြီး စာရေးသူကို မပေးဘဲ အရောင်းသမားလေး လက်ထဲကို ထည့်လိုက်တာမြင်တော့ နိုင်ငံခြားသားတွေက လာရောတဲ့ သူတွေကို ဘယ်လို မြင်ထားလဲလို့ အတွေး များမိပြန်ပါတယ်။
သူက မြေပုံစာအုပ်တွေ ရပြီးတော့ အလုပ်တစ်ခု ပြီးမြောက်သွားတဲ့ ပုံစံမျိုးနဲ့ ပေါ့ပါးသွားတဲ့ ပုံစံမျိုးတွေ့ရ ပါတယ်။ စာရေးသူက ဂျာနယ်ထဲက စာရေးသူရဲ့ ဆောင်းပါးကိုပြတော့ မင်းက ဂျာနယ်လစ်လားလို့ မေးပါတယ်။ အခုမှ အစပေါက်စ လေးပါလို့ ပြောတော့ သူ သိပ်နားလည်ဟန် မတူပါဘူး။ စာရေးသူကလည်း ဒီထက်ပို မရှင်းပြတတ်တော့ပါဘူး။ သူ့နာမည်က ဂျိမ်းရှန်(စ်)လို့ ပြောပြီး သူရပ်နေတဲ့ လမ်းကို လက်ညှိုး ထိုးပြပြီး ဒီလမ်းပေါ်က Mother Land ဟိုတယ်မှာ တည်းတယ်လို့ ပြောပါတယ်။ စာရေးသူရဲ့ နာမည် ကိုလည်း မေးပါတယ်။ စာရေးသူကလည်း ကောင်းမွန်စွာ ပြောဆိုပြီး မီးပွိုင့်တွေ ဖြတ်ကူးလျှင် ကိုးရိုးကားရား နိုင်လှတဲ့ သူ့ကို မီးနီမှ ဖြတ်ကူးရတယ်လို့ သင်ပြပြီး တစ်ယောက်နဲ့ တစ်ယောက် ကောင်းမွန်စွာ လက်ဆွဲနှုတ် ဆက်ပြီး ခွဲခွာ ခဲ့ကြပါတယ်။
သတိပြုမိတဲ့ အချိန်ကျတော့ စာရေးသူ သွားချင်တဲ့ (၄၄) လမ်းက ဟိုးအဝေးကြီးမှာ ကျန်ခဲ့လို့ တော်တော် ပြန်လျှောက်ရ ဦးမှာပါ။ စာရေးသူ ပြန်လျှောက်ရမှာကို မောတယ်မထင်ပါဘူး။ စာရေးသူက နိုင်ငံခြားသား တစ်ယောက်ကို အောင်မြင်စွာ ကူညီနိုင်ခဲ့ပြီး စကားများစွာ ပြောခဲ့ရတဲ့ အတွက်လည်း ကြည်နူး နေမိပါတယ်။ စာရေးသူ အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ် ပြောတတ်သူ မဟုတ်ပါ။ ဒါပေမဲ့ သူပြောတာ တော်တော် များများကို နားလည်နေတာတော့ တကယ်ကို အဆင်ပြေစေပါတယ်။ ပြီးတော့ စာရေးသူက ရန်ကုန်မြို့ထဲ မှာလည်း မကျွမ်းကျင်လှပါ။ မိမိနေတဲ့ ရွှေပြည်သာတောင် မနှံ့တဲ့ စာရေးသူက ဂျာမန်လူမျိုး တစ်ယောက်ကို အောင်မြင်စွာ ကူညီခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် မယုံနိုင် ဖြစ်နေပါတယ်။
သူ့ (ဂျာမန်ခရီးသွား)ကို လာရောတဲ့ သူတွေကို တစ်ချိန်က အထင်သေးခဲ့ရင် အထင်သေးခဲ့ပေမယ့် အခုတော့ အဲ့ဒီလို မဟုတ်တာကို သူသိပါစေလို့ ဆုတောင်းမိပါတယ်။ မြန်မာလူမျိုး ဂျာနယ်လစ်ပေါက်စ တစ်ယောက်က သူ့ကို ဖော်ရွေစွာ ဘယ်လိုကူညီခဲ့တယ်ဆိုတာ အသိအမှတ်ပြုပြီး တစ်ယောက်ယောက်ကို များပြောမိရင်တော့ စာရေးသူတို့ တိုင်းပြည်အတွက် တန်ဖိုး အနန္တလို့ ယူဆမိပါတယ်။
ယခုဆို စာရေးသူတို့ မြန်မာနိုင်ငံတွင် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို လက်ခံ ကျင်းပကြမည်။ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေ လည်း အများကြီး ရောက်လာကြပြီ ဖြစ်သောကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည် အများအပြား လာရောက်မည် ဖြစ်သည်။ စာရေးသူတို့ ပြည်သူတွေ အနေဖြင့် ဘယ်လို ကြိုဆိုကြ မလဲ၊ ဘယ်လို ဆက်ဆံကြမလဲ ဆိုတာ ယခုကတည်းက ကြိုတင်ပြင်ဆင် ထားသင့်ပါကြောင်း၊ ပြည်သူပြည်သား အပေါင်းတို့ ခင်ဗျား နိုင်ငံခြားသား ခရီးသွားတွေရဲ့ ဘာသာစကား ကွဲလွဲမှုကို အခွင့်အရေး မယူဘဲ မိမိတတ်နိုင်တဲ့ဘက်က ကူညီကြရင်း မြန်မာပြည်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် ဂုဏ်မြှင့် ကြပါစို့လို့ ဗျိုး ဟစ်လိုက်ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။