အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ဝင်ခွင့်ရရန် စံသတ်မှတ်သည့် အရည်အချင်းစစ် စာမေးပွဲ ဖြစ်သော SAT ကို ပုံစံအလုံးစုံ ပြောင်းလဲစစ်ဆေးမည် ဖြစ်ကြောင်း ကောလိပ်ဘုတ်အဖွဲ့က ကြေညာပါသည်။
အမေရိကန် တက္ကသိုလ်နှင့် ကောလိပ်များစွာသည် ပညာသင်မည့် ကျောင်းသူကျောင်းသားများ၏ SAT စာမေးပွဲအမှတ်ကို အရည်အချင်း လိုအပ်ချက်အဖြစ် သတ်မှတ်ထားသည်။ ၂၀၁၆ ပညာသင်နှစ်မှ စ၍ SAT စာမေးပွဲကို ပုံစံသစ်ဖြင့် ပြောင်းလဲ စစ်ဆေးမည်ဖြစ်၍ ယခု ၉ တန်းတက်နေသော ကျောင်းသားများသည် စနစ်သစ်နှင့် ဖြေဆိုရမည် ဖြစ်ပါသည်။
ယခုလက်ရှိ SAT အမှတ် ၂၄၀၀ ကို ပြောင်းလဲမည့် စနစ်သစ်တွင် အမှတ် ၁၆၀၀ သို့ ပြင်ဆင် သတ်မှတ်ပါသည်။ စာစီစာကုံးကိုလည်း မဖြေမနေရအစား စိတ်ကြိုက် ဖြေဆိုချင်သူများသာ ဖြေရတော့မည် ဖြစ်သည်။ စကားလုံးဝေါဟာရများကို စစ်မေးရာမှာလည်း ခက်ခဲရှုပ်ထွေးသော စာလုံးများအစား ကျောင်းသားများ တက္ကသိုလ်ပညာရေးတွင် အများဆုံး အသုံးပြုရမည့် စာလုံးဝေါဟာရများကိုသာ ရွေးချယ်မေးမြန်းမည် ဖြစ်သည်။
သင်္ချာဘာသာရပ် ဖြေဆိုရာတွင် ယခင်ကဲ့သို့ ဂဏန်းပေါင်းစက်ကို စိတ်တိုင်းကျ သုံးစွဲခွင့် ပြုတော့မည် မဟုတ်ပဲ၊ မေးခွန်းအပိုင်းအချို့တွင်သာ သုံးခွင့်ရမည် ဖြစ်သည်။ အဖြေမှားလျှင် အမှတ်နုတ်သည့် စနစ်ကိုလည်း ပယ်ဖျက်မည် ဖြစ်သည်။
လက်ရှိ စာရွက်ဖြင့် ဖြေဆိုနေရသော်လည်း စနစ်သစ် SAT စာမေးပွဲတွင် ကွန်ပျူတာအသုံးပြု၍လည်း ဖြေဆိုခွင့်ပေးမည်ဟု သိရသည်။
စာစီစာကုံးကို ဖြေချင်မှ ဖြေရမည်ဖြစ်သော်လည်း အချို့ တက္ကသိုလ်၊ ကောလိပ်များသည် စာစီစာကုံးမဖြေသူကို ဝင်ခွင့်ပေးချင်မှ ပေးမည် ဖြစ်သဖြင့် တက်လိုသည့် တက္ကသိုလ်၏ လိုအပ်ချက်ကို အလျင်ဦးစွာ လေ့လာထားရမည် ဖြစ်သည်။
အမေရိကန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည် SAT နှင့် ACT ဟူ၍ နှစ်ခု ရှိပါသည်။ အချို့တက္ကသိုလ်များက ACT အမှတ်ဖြင့် လက်ခံသည်။ ပညာရေး စွမ်းရည်စာမေးပွဲ (Scholastic Aptitude Test) SAT ကို ယမန်နှစ်က ဖြေဆိုသော ကျောင်းသား ၁.၆ သန်းရှိသည်။ အမေရိကန် ကောလိပ်စာမေးပွဲ (American College Test) ACT ဖြေဆိုသူ ၁.၇ သန်းရှိပါသည်။
အမေရိကန် တက္ကသိုလ်နှင့်ကောလိပ်များစွာသည် SAT သို့မဟုတ် ACT အမှတ်တင်ပြနိုင်သူများကိုသာ လက်ခံကြသော်လည်း ၎င်းတို့ကို မလိုအပ်သည့် တက္ကသိုလ်များလည်း ရှိသည်။ အတန်းစဉ်ရရှိခဲ့သော ပျမ်းမျှဂရိတ်အမှတ် (GPA) ကို အားလုံးပေါင်းကြည့်ပြီး လက်ခံသည့် တက္ကသိုလ်ဝင်စနစ်ကို ကျင့်သုံးသော တက္ကသိုလ်များလည်း ရှိသည်။
တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ရန် ကျူရှင်၊ အထူးသင် တက္ကသိုလ်ဝင်တန်းကျောင်း စသည်ဖြင့် ငွေကုန်ကြေးကျများသဖြင့် ဝင်ငွေနည်းမိသားစုများမှ ကျောင်းသူကျောင်းသားများ အခွင့်အရေး တစ်ပန်းရှုံးရကြောင်း ဝေဖန်သူများ ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ SAT စာမေးပွဲ ပုံစံကို ပြောင်းလဲခြင်းဖြင့် ငွေကြေးအကုန်အကျများပြားသော အထူးသင်တန်းများအစား အင်တာနက် အွန်လိုင်းမှ အခမဲ့ လေ့လာသင်ယူနိုင်သော Khan Academy ကဲ့သို့ လူထု စေတနာ့ဝန်ထမ်း သင်ကြားရေး စနစ်များဖြင့် ကျောင်းသားများ ပြင်ဆင်လေ့ကျင့်နိုင်မည်ဟု ဆိုသည်။
Khan Academy သည် YouTube မှတစ်ဆင့် ဗီဒီယိုသင်ခန်းစာများ ပို့ချလျက်ရှိရာ ဝင်ငွေနည်း မိသားစုမှ ကျောင်းသူကျောင်းသားများအတွက် အထူးသဖြင့် သင်္ချာသင်ခန်းစာများတွင် အထောက်အကူ ပြုကြောင်း သိရပါသည်။
SAT သို့မဟုတ် ACT တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ရေးအတွက် ငွေကြေးများစွာ ကုန်ကျသော အထူးသင် တက္ကသိုလ်ဝင်တန်းကျောင်းများကို ချမ်းသာသော မိဘများသာ တတ်နိုင်သဖြင့် အမေရိကန်ပညာရေးစနစ်သည် တရားမျှတခြင်းမရှိ၊ တန်းတူညီမျှမှုမရှိဟု ဝေဖန်ခံနေရသဖြင့် ပုံစံပြင်ဆင်သတ်မှတ်ခြင်း ဖြစ်ကြောင်း ကောလိပ်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေးဗစ် ကိုးလ်မင်းက ရှင်းပြသည်။
http://kabarthit.com/index.php?option=com_content&view=article&id=180%3A2014-03-07-01-09-41&catid=8%3A2013-10-13-17-09-02&Itemid=214
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။