ဝန်ဆောင်မြင်း
---------------
တစ်ခါက ရုရှားသမ္မတ Putin ဟာ The Chuvash Republic ကို သွားရောက်စစ်ဆေးမေးမြန်းခဲ့တယ်။ အဲဒီဒေသမှာရောက်ရှိနေစဉ်အတွင်း Chuvashတက္ကသိုလ် အစည်းအဝေးခန်းမမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့လည်း သူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မုန့်စားရင်း ရေနွေးကြမ်းသောက်ရင်း သူတို့ပြောဆိုဆွေးနွေးခဲ့ကြတယ်။
ကျောင်းသားတွေဟာ သမ္မတပူတင်ကို စိတ်ဝင်စားစရာမေးခွန်းတွေ လွတ်လွတ်လပ်လပ် မေးမြန်းခဲ့ကြတယ်။ အပြန်အလှန် ဆွေးနွေးနေစဉ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦးက သမ္မတပူတင်ကို အရင်ဆုံးမြှောက်ပင့်ပြီး “သမ္မတ...ဟာ ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်နေခဲ့ပါပြီ.. ဘယ်နေရာကိုသွားသွား VIP ပုဂ္ဂိုလ်ဖြစ်နေပါပြီ… ” လို့ ပြောပါတယ်။

သမ္မတပူတင်ကနားထောင်ပြီး ကျောင်းသူရဲ့အပြောကို အမြန်ပြင်ဆင်ဖာထေးလိုက်ပါတယ်။
“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်… ကျွန်တော်အသက်ရှင်နေပါသေးတယ်။ “ကြီးကျယ်မြင့်မြတ်သူ”ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ခင်ဗျားအပြည့်အဝ နားမလည်သေးဘူးလို့ ထင်ပါတယ်။ အဲဒီလို မြင့်မြတ်တဲ့သူကြီးဖြစ်ဖို့ အချိန်စောသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။
မြင့်မြတ်သူဟုတ်မဟုတ်ဆိုတာက နောင်မှပြောရမယ့်စကားပါ။ ကျွန်တော်ဘာတွေလုပ်ခဲ့သလဲဆိုတာကို နောင်လာနောက်သားတွေက ဝေဖန်အဆုံးအဖြတ်
ပေးပါလိမ့်မယ်။ နေရာအနှံ့ ကျွန်တော်သွားရောက် တွေ့ဆုံမေးမြန်းချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် “ဝန်ဆောင်မြင်းတစ်ကောင်”လို့ပဲ သတ်မှတ်ပါတယ်။ VIP ပုဂ္ဂိုလ်မဟုတ်ပါဘူး။
ရုရှားသမ္မတဆိုပြီး ရာထူးနိမ့်မြင့်ကို ကျွန်တော်မတွေးခဲ့ဖူးပါဘူး။ ကျွန်တော့်အနေနဲ့ပြောရရင် ဒါဟာ အလုပ်ပါ။ ဒီအလုပ်ကပဲ ကျွန်တော့်ကို ကြီးမားတဲ့အင်အားဖြစ်စေပြီး
နိုင်ငံနဲ့လူမျိုးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်မယ့်အကျိုးအမြတ်ကို ကျွန်တော်သယ်ဆောင်ပေးလာနိုင်မှာပါ”
သမ္မတပူတင်ရဲ့စကားကြောင့် ခန်းမထဲမှာရှိနေတဲ့ကျောင်းသားတွေအားလုံး လက်ခုပ်တဖြောင်းဖြောင်းတီးခဲ့ကြတယ်။
မြှောက်ပင့်တာကိုခံရသည့်တိုင် ပူတင်ဟာ ကျေနပ်မသွားခဲ့ဘူး။ ပထမဆုံး သူက ဟာသဉာဏ်နဲ့ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်… ကျွန်တော်အသက်ရှင်နေပါသေးတယ်ဆိုတာနဲ့ “ကြီးကျယ်မြင့်မြတ်သူ”ဆိုတဲ့ဂုဏ်ပုဒ်ဟာ
သေဆုံးသွားတဲ့လူကို နောင်လာနောက်သားတွေက သတ်မှတ်တာ၊ သူ့နဲ့မထိုက်တန်သေးဘူးဆိုတာကို အရိပ်ပြပြောကြားခဲ့တယ်။ အဲဒီနောက် သူ့ကိုယ်သူ ဝန်ဆောင်တဲ့မြင်းတစ်ကောင်အဖြစ် တင်စားခဲ့တယ်။ ပြည်သူတွေအတွက် ဝန်ဆောင်တယ်၊ အကျိုးအမြတ်ဖြစ်စေတယ်.. ဘာ အထူးပုဂ္ဂိုလ်မှမဟုတ်ဘူးဆိုတာကို ပြောသွားခဲ့တယ်။ ပူတင်ရဲ့စကားမှာ ဟာသဉာဏ်နဲ့အတူ မိမိကိုယ်ကိုယ်နှိမ့်ချခြင်း၊ ဂုဏ်မဖော်ခြင်းတွေပါနေခဲ့ပါတယ်။
ဒါကြောင့်ပဲထင်ပါတယ်..သူဟာရုရှားပြည်သူပြည်သားတို့ရဲ့ ထောက်ခံအားပေးမှု၊ ချစ်ခင်နှစ်လိုမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။
----
မူရင်းလင့်-- http://www.85nian.net/chushi/11949.html
နိုင်းနိုင်းစနေ (Jan. 13. 2015)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။