Credit : Yati Magazine
Zig Zag
ကျွန်မ သောက်နေသည့် လက်ဖက်ရည် ခွက် ထဲ ဂီတသံ တစ်စ ပြင်းပြင်းရှရှ ပြုတ်ကျလာ သည်။ လက်ဖက်ရည် ဆိုင်ရှေ့၊ လမ်းမကြီး ရဲ့ဘေး တစ်နေရာ မှာ မိုးတိုး မတ်တတ် ရပ်ကာ ဂစ်တာ လွယ်လျက် သီဆို တီးခတ်နေကြသည့် လူတချို့ ကို ကျွန်မ လှမ်းမြင်မိသည်။ အမိုးအကာ မရှိ၊ နေပူ သည်ကို သူတို့ ဂရု မစိုက်နိုင်အား၊ သူတို့ ကျွမ်း ကျင်ပိုင်နိုင်ရာ ဂီတ အနုပညာဖြင့် ဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေ ပေးနေကြသည့် ဂီတလူတွေ။ တိတိကျကျ ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်း အမှတ်ရာပြည့် ပွဲတော်ကို ဗိုလ်ချုပ်မွေးရာ နတ်မောက်မြို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သည့် အတွက် အဲသည်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့The Action Time Foundation နဲ့အတူ ရန်ပုံငွေ ကူရှာပေးနေသည့် ဂီတအဖွဲ့ ရွှေသံစဉ်။ မြန်မာ့ရုပ်သံ ချန်နယ် ဂီတ အစီအစဉ်တွေမှာ နှစ်ကာလ ကြာရှည်စွာ မင်းမူ နေခဲ့ဖူးသလို လှုပ်လှုပ် ခတ်ခတ် မီးတောက်မီးဝါ ကာလတွေမှာ ကျွန်မတို့မြင်ကွင်းထဲ ကနေ ရုတ်တရက်ကြီး ပျောက်ကွယ်နေခဲ့ ဖူးသည့် အမည်နာမတစ်ခု …’ရွှေသံစဉ်’ ။
‘ရွှေသံစဉ်’ နဲ့ အတူ အဲသည်လူ…’ကိုဝင်း မော်’ ။ ရွှေရောင် သံစဉ်လှိုင်းတွေ နဲ့အတူ မားမား မတ်မတ်ရပ်နေသူ။ သူ့နှုတ်ဖျားက သီချင်းဆိုသံ ဘယ်တုန်းကမှ မကြားဖူးခဲ့။ Player သက်သက် ဘဝနဲ့ ဂစ်တာကို ဖက်တွယ်ကာ တစ်ဘဝလုံး ဂီတ မှာမြှုပ်နှံခဲ့သည့် ဂီတလူ။ သူ့ဂီတက တစ်ကိုယ်စာ သူ့အတ္တ အတွက်မဟုတ်၊ အများ အတွက်။ သူ ယုံကြည်ရာ ကို တည်ငြိမ် ရင့်ကျက်စွာ ဖန်တီးခဲ့၊ ဖန်တီးဆဲ၊ နောက်ဆုံးချိန်ထိ ဖန်တီး နေဦးမည့် လူ။ ၂ဝ၁၄ ဇန်နဝါရီ ၂၆ ရက်နေ့က မြန်မာပြည် မှာ ပထမဦးဆုံးပြုလုပ် သည့် G-25 Guitar Instrumental Showမှာ သူတီးခတ်ခဲ့သည့် guitar solo တေးသွားနှစ်ပုဒ်က မြန်မာပြည် ဂီတချစ်သူ လူထု တစ်ရပ်လုံး အတွက် ထာဝရ လှုပ်ခတ် ရှင်သန်နေမည့် ရွှေရောင် ဂီတသံစဉ် တွေ …။
သူ့ရင်ခွင်ထက် က ဂစ်တာ တစ်လက်ကို သူ ဘယ်တုန်းက မှ အကြမ်းပတမ်း ကိုင်တွယ်တာ မရှိခဲ့။ ဂစ်တာ ဖရက်တံပေါ် ခပ်စိတ်စိတ် ခပ်မြန် မြန် ပြေးလွှားနေသည့် သူ့ လက်တွေရဲ့အဖိ။အဖော့၊ အလှုပ်။အရွေ့ အသိမ်း။ အရုပ်တွေက အံ့သြ မှင်တက် ရလောက်အောင် ပါးနပ် သိမ်မွေ့ လွန်းလှသည်။ အသံ သေတ္တာထဲက ထွက်ကျလာ သည့် ဂီတသံကို စူးစိုက် နားထောင်မိမှသာ သူ့လက် တစ်စုံဆီက လူးလိမ့် ထွက်ကျလာသည့် ဂီတပြင်းအား၊ အတိမ်၊ အနက်၊ အထူ၊ အပါး၊ အနီး၊ အဝေး အရာခပ်သိမ်း ကို ထိထိရှရှ နားလည် သွားရမည့် အဖြစ်။ စင်မြင့်ပေါ် ရှုပ်ယှက်ခတ် ပြေးလွှား ခုန်ပျံကာ ဟန်ရေးပြလေ့ ရှိသည့် ဂစ်တာ သမားတွေ အကြားမှာ ပန်းပုဆရာ ထုဆစ်ပစ်ချ ထား လိုက်သည့် ပန်းပု ရုပ်တစ်ရုပ်လို ငြိမ်ဆိတ် ကွဲပြားနေသည့် သူ့ပင်ကိုဟန်က ကျွန်မကို တိတ် တခိုး ဖမ်းစားနေခဲ့ဖူးသည်။ ပကတိ တည်ငြိမ်လွန်း သည့် ဟန်ပန် မူရာကြောင့် သူ့အတီး အခတ်က တီးလို့ တီးခတ်နေမှန်း မသိရ။ သူ့လက်တွေက ဂစ်တာ ပေါ် ပြေးလို့ပြေးနေမှန်း မသိရ။ ဒါပေမဲ့ သူ့အရွေ့ သူ့ ခရီးတွေ ဘယ်ဆီ ဦး တည်၊ ဘယ်မျှ ရွေ့ခဲ့.. ရောက်ခဲ့.. ဆိုတာကို သည်နေ့ ကျွန်မ သိခဲ့ရပြီ။ တိုင်းပြည်ရဲ့ မပြောင်းလဲသည့် အပြောင်း အလဲ ဖြစ်စဉ်တွေ ကြားမှာ သူ့ဂီတ၊ သူ့သံစဉ်၊ သူ့တေး သွား၊ သူ့လက်တစ်စုံ ရဲ့ အလှုပ်အရွေ့ တွေက လှပခိုင်မာသည့် ရည်ရွယ်ချက် များစွာနဲ့ အတိတ်သမိုင်းမှာ လတ်ဆတ် တောက်ပနေခဲ့ သည်ပဲ။ အခုလည်း ပဲ ရွေ့ရွေ့ လျင်လျင် ခရီးနှင် နေဆဲ။ အဲသည် လက်တစ်စုံရဲ့ အဖိ၊ အဖော့၊ အလှုပ်၊ အရွေ့ ရွှေရောင် သံစဉ်တွေကြား ကျွန်မ တရွေ့ရွေ့ တိုးဝင်ကာ ချဉ်းကပ်မိခဲ့ပြီ။
လူသားတွေအပေါ် ညှို့အားကောင်းတဲ့ အဲဒီ ဂီတဆိုတဲ့အရာကြီးကို ရှင် ဘယ်အရွယ်ကစပြီး ငြိတွယ် တိမ်းမူးသွားခဲ့တာလဲ။
ပြောရရင် ၁ဝ တန်းအောင်တဲ့ ၁၉၇၈ ခုနှစ် ကမှ ကျွန်တော် ဂစ်တာ စတီးဖြစ်ခဲ့တာ။ ငယ်ငယ် ကတော့ ရသစာတွေ ဖတ်တာ ဝါသနာ ပါခဲ့တယ်။ ၉ တန်းရောက်တော့ သီချင်းတွေ၊ အထူး သဖြင့် နိုင်ငံခြား Rock သီချင်းတွေ စနားထောင်ပြီး Rock ဂီတကို ကျွန်တော် ရက်ရက် စက်စက် တိမ်းမူးနေခဲ့မိပြီ။
ဟုတ်ကဲ့၊ ဂီတကို စပြီး စိတ်နှလုံး တိမ်းညွတ်မိချိန်က ရှင့်ရဲ့ ခံစားချက်နဲ့ ရွေ့လျားခဲ့တဲ့ ပုံရိပ်တချို့ ပြန်မြင်ယောင် ကြည့်စမ်းပါ ရစေလား၊ ရှင်ဘာတွေ စတင်နားလည်ဖို့ ကြိုးစားခဲ့တယ်၊ ဘယ်လိုအား ထုတ်ခဲ့ရတယ် ဆိုတဲ့ အကြောင်းလေးတွေပေါ့။
ကျွန်တော် တို့ခေတ်က ဂစ်တာတီးရင် လမ်းသရဲလို့ အခေါ်ခံ ရတဲ့ခေတ် ဆိုတော့ မိဘ တွေက အားမပေးဘူးဗျ။ လမ်းဘေးမှာ ဂစ်တာ တီးရင် အထင်သေး ကြတယ်။ ဂီတနဲ့ ဂစ်တာ ပညာ ကို စနစ်တကျ တတ်ကျွမ်းချင်တဲ့ စိတ်တော့ ကျွန်တော့်မှာ အပြည့်အသိပ် ရှိခဲ့တယ်။ အဲဒီခေတ် က ရှားရှားပါးပါး ထုတ်တဲ့ မြန်မာပြည် သိန်းတန် နဲ့ ဏ မော်ဂန်ရဲ့ ဂစ်တာစာအုပ်တွေကို ရှာဖွေ စုဆောင်းဖတ်ရှုပြီး ကိုယ့်ဘာသာနားလည်အောင် အရင်ဆုံးလေ့လာခဲ့ရတာပါပဲဗျာ။
ဟုတ်ပါပြီ။ ဂစ်တာ အပြင် ရင်းနှီးဖို့ ကြိုးစားမိတဲ့ တခြား instrument ရှင့်မှာ ရှိခဲ့ဖူးလား။ ဂစ်တာ ကို ထဲထဲဝင်ဝင် ကျွမ်းကျင်ဖို့ ဘယ်သူ့ဆီမှာ အဓိက ရှင် သင်ယူခဲ့ လဲ။ လေ့ကျင့် မှုတွေနဲ့ လုံးထွေးဖြတ်သန်းနေ ခဲ့ရတဲ့ အတိတ် ဘဝထဲက နှစ်ကာလ တချို့အကြောင်း သိချင်တယ်ရှင့်။
တကယ်တော့ ကျွန်တော့်ကို ဂစ်တာတီး စသင်ပေးခဲ့တာ ကျွန်တော့် ရဲ့ညီ ဝင်းဇော်ပဲဗျ။ သူက ရပ်ကွက်ထဲက ဘဲကြီးတွေ ဆီက သင်ထား တာ၊ စနစ်တကျတော့ မဟုတ် ဘူးပေါ့ဗျာ။ အဲဒီ ကာလက ခေတ်စား တဲ့ စိုင်းထီးဆိုင်၊ စိုင်းဆိုင် မော့ဝ်၊ လားရှိုးသိန်းအောင်၊ တက္ကသိုလ် ထွန်းနောင်၊ မင်းမင်းလတ်၊ စိုးပိုင် တို့ရဲ့သီချင်းတွေနဲ့ ကျွန်တော် ရင်းနှီး ခဲ့ရတာပေါ့။ ဂီတကို စတင် ခံစားတတ် ကတည်းက ဂစ်တာကိုပဲ Crazy ဖြစ်ခဲ့တာပါ။ တခြား instrument ဘက် အာရုံ မညွတ်ခဲ့ဘူး ။ Overdrive တွေ Distortion တွေ Wah Wah တွေနဲ့ တီးတဲ့ ဆူညံတဲ့ ဂစ်တာသံတွေ ကို အရမ်း နှစ်သက်ခဲ့ တယ်ဗျ။ ဒေသကောလိပ် စတက်ချိန် တုန်းကတော့ … ၄၂ လမ်းက ဆရာ ရှဖစ်ဆီမှာ အရှေ့တိုင်း ဂီတ သင်္ကေတနဲ့ အခြေခံ ဂီတ သဘော တရားတွေကို စနစ်တကျ သင်ကြား ဖြစ်ခဲ့တယ်။ နောက်ပိုင်း မှာInternational Notation တွေနဲ့ Music Theory တွေကိုတော့ စာအုပ်တွေ ဖတ်ပြီး လေ့လာခဲ့ ရပါတယ်။ မှတ်မှတ်ရရ အဲဒီ ခေတ်က ပြည်တွင်းဖြစ် Hollow ဂစ်တာ အဟောင်း တစ် လက် ကို ၁၇၅ ကျပ်နဲ့ ဝယ်ပြီး တီးခဲ့ရတာပေါ့။ အဲဒီ ဂစ်တာလေး ပထမဆုံး ပိုင်ဆိုင်ရဖို့ ပိုက်ဆံ တော်တော် ကြာကြာ စုလိုက် ရသေးတယ်ဗျ။ ပထမတော့ ဆရာ ရှဖစ်ဆီမှာ Lead စသင်တယ်။ အဲဒီအချိန်မှာ Rhythm ကို စာအုပ်တွေနဲ့ ကျွန်တော် အသေအချာ လေ့ကျင့် ထားပြီး ဖြစ်နေပြီ။ Bass ကိုလည်း Music Arrangement တွေ လုပ်ရင် နားလည်ထားဖို့ စာအုပ်တွေ ဖတ်ပြီး လေ့လာခဲ့တယ်။ ပြောရရင် ၁၉၈ဝ-၈၁ လောက် မှာ အပျော်တမ်း Stage Show တွေ စတီးဖြစ် ပြီ ပေါ့ဗျာ။
အဲဒီတော့ ဂီတ လောက ကို professional တစ်ဦး အဖြစ် ခြေချ ဝင်ခဲ့တဲ့နှစ် ကာလတွေ ကိုလည်း ကျွန်မ တို့ မေ့ထား လို့ မဖြစ်သေးဘူးလေ။
ဟုတ်တယ်ဗျ။ ၁၉၈၆ မှာ ပြည်ပက ပြန်ရောက် လာတဲ့ Play Boy အဖွဲ့က ကိုတင်ဦး သောင်း အသစ် ဖွဲ့ လိုက်တဲ့ The Lovers အဖွဲ့ မှာ။ ကိုကြည်ဝင်း မအားတော့ စီးရီး တချို့ အတွက် တီးပေးဖို့ ခေါ်လို့ ဝင် တီး ဖြစ်ခဲ့တယ်။ အဲဒီမှာ တီးခ ရခဲ့တယ် ဆိုတော့ ခင်ဗျားပြောတဲ့ professional တစ်ဦး ဖြစ်ပြီလို့ဆို နိုင် တယ်ပေါ့။ နောက်တော့ ခု Iron Crossက ကိုဗညား၊ ကိုခင်မောင်သန့်၊ ကိုခရမ်းတို့နဲ့ လင်း Studio မှာ တိုင်းရင်းသား ခရစ်ယာန် ဓမ္မတေးစီး ရီးတွေ အတူ တီးဖြစ် ခဲ့ကြတယ်။ ၁၉၈၉ မှာ The Aces (တေးပန်းချီ) အဖွဲ့ခေါင်းဆောင် ကိုစိုးအောင် လာခေါ်တာ နဲ့ အဲဒီမှာ တီးဖြစ်ခဲ့ပါသေးတယ်။
အဲဒီAces မှာ ရှင် ဘယ်လောက်ကြာတီးခဲ့ လဲ။
အင်း …၁၉၈၉ ကနေ ၁၉၉၆ ထိ၊ ၇ နှစ် ကြာတီးဖြစ်ခဲ့တယ်။
Mo&.Aces မှာ တော်တော် ကြာခဲ့တာပဲ။ ဒါဖြင့် ရှင့်ရဲ့ ရွှေသံစဉ် ကိုယ်ပိုင် Music Band ကိုရော ဘယ်တုန်း က စတင် တည်ထောင်ခဲ့တာလဲ။ player, member တွေ အကြောင်း နဲ့ လူဝင် လူ ထွက် အပြောင်းအလဲတွေ ဘယ်လိုရှိခဲ့ ဆိုတာ သိချင်ပါသေးတယ်။
ရွှေသံစဉ်က ၁၉၈ဝ ပြည့်နှစ်မှာ စတည် ထောင်ဖြစ်တာဗျ။ ဆရာ ရှဖစ်ဆီမှာ သင်တန်းတက် ရင်းရင်းနှီးခဲ့တဲ့ သူတွေနဲ့ပါပဲဗျာ။ Bass ကိုကိုဦး၊ အမျိုးသမီး Drummer စန္ဒြာ၊ Rhythm က သာဓု လို့ခေါ်တဲ့ မောင်မောင်မြင့်၊ သူက မြို့မ ကျောင်းမှာ သူငယ်တန်း ကတည်းက သူငယ်ချင်း ပေါ့။ Rhythm က ဂျမ်းဂျမ်း၊ ဗိုလ်တထောင်ဒေ သ ကောလိပ် အတူတက်ခဲ့တဲ့ ဗညားနိုင်ကKeyboard၊ ဗညားက အခု IC မှာ။ သူတို့တစ်တွေ နဲ့ ပထမဦးဆုံး Stage Show ကို တာမွေ၊၁၅၇ လမ်း၊ တန်ဆောင်တိုင် ပွဲမှာ စတီး ဖြစ်ခဲ့ကြတာပါ ပဲဗျာ။ နောက်ပိုင်းမှာ ရွှေသံစဉ်က နည်းနည်း လူပြောင်းသွားတယ်။ Bassကို ညီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဂစ်တာ လက်ဦးဆရာ ဝင်းဇော် တီး တယ်၊ Drums ကို သူငယ်ချင်း သာဓု၊ Keyboard ကို ကိုမင်းဦး၊ မိုက်တီး (အခု ဒါရိုက်တာ မိုက်တီး ပေါ့)၊ မိုးသူသောင်း၊ ကိုသိန်းဆွေ၊ အောင်မြတ်ထွဋ်၊ ဥက္ကာဦးသာ၊ သိန်းထိုက်အောင်၊ နေတူး တို့နဲ့ ဆက်တီးဖြစ်ခဲ့တယ်။ ၁၉၉၄ မှာ သူငယ်ချင်း သာဓု ဆုံးသွားတော့ သူ့တပည့် ဖဦးထုပ် လို့ခေါ်တဲ့ ခင်မောင်ဝင်းက Drums ဝင်တီးခဲ့တာ အခုထိ ပဲ ဆိုပါတော့ဗျာ။ တစ်ခါ ၂ဝဝ၄ မှာ ကျွန်တော့်ညီ Bass ဝင်းဇော် ပြည်ပ ထွက်သွားတော့ ကိုခင်မောင်လေးရယ်၊ ခြင်ကြီး လို့ခေါ်တဲ့ မြင့်ဇော် ဦးရယ် တီးဖြစ်ခဲ့ ကြတယ်။ ခုတော့ မြင့်ဇော်ဦး ဆက်တီးပေးနေတယ်ဗျ။
၁၉၉၄ နောက်ပိုင်း The Aces အဖွဲ့က စီးရီးတွေ ဆက်မတီးတော့ဘူး လို့ဆုံးဖြတ်လိုက် တော့ The Aces ရဲ့လက်ခံထားတဲ့ စီးရီးတွေ အားလုံးကို ကျွန်တော့် ရဲ့ရွှေ သံစဉ် ကို The Aces အဖွဲ့ ခေါင်းဆောင် ကိုစိုးအောင်က လွှဲပေးခဲ့တဲ့ တယ်ဗျ။ အဲဒီအချိန်က စပြီး ရွှေသံစဉ်က စီးရီး လောကမှာ အောင်မြင်ပြီး အလုပ် အရမ်း များလာ တဲ့ အတွက် အခု Lazy Club ကဂစ်တာသမား နိုင်ဇော့်ကို ရွှေသံစဉ် ရဲ့ ပင်တိုင် ဂစ်တာသမား အဖြစ် ခေါ်ခဲ့ရ သေးတယ်။ အဲဒီတုန်းက နိုင်ဇော် က Lazy Club မရှိသေးဘူး။ Drums ပါကျဲလို့ ခေါ်တဲ့ စိုးသီဟကို လည်းခေါ်ပြီး အင်အားဖြည့်ခဲ့ ရတယ်။ အဲဒီကာလတွေတုန်း က Keyboard သမားလည်း နှစ်ယောက် ထားခဲ့ရ တယ်ဗျ။ ဥက္ကာ ဦးသာ နဲ့သိန်းထိုက် အောင်ပေါ့။ ၂ဝဝ၂ နောက် ပိုင်းမှာမှ နေတူးက ရွှေသံစဉ် မှာ ပင်တိုင်ဝင်တီး ဖြစ်ခဲ့တာ။
ရှင်တို့ ရွှေသံစဉ် အဖွဲ့သားတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က ဘာလဲ။
ကျွန်တော်တို့ အဖွဲ့သားတွေ အတွက် ဆောင်ပုဒ်ပြောရမလား၊ အယူအဆ ပြောရမလား၊ လက်တွေ့ ကျင့်သုံးတဲ့ မူဝါဒလို့ပဲ ပြောရမလား။ အဲဒါ ကတော့ အချိန်ကို တိကျ စွာလေးစား တန်ဖိုး ထားခြင်းပါပဲ။ ဂီတရဲ့အသက် ဝိညာဉ်ဟာ Timing ပဲဗျ။ ‘လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ့် အချိန်မှာ လုပ်ခြင်း’ ပေါ့။ Timing လွဲရင် ဂီတ မဖြစ်တော့ ပါဘူး၊ ဒီသဘောတရား က ဂီတတစ်ခု တည်းတင် မဟုတ်ပါဘူး၊ တရား ထိုင်ချိန်မှာလည်း အသိနဲ့ သတိ၊ ဝင်လေ နဲ့ထွက်လေ Timing မှန်ရပါတယ်။ ဟင်းချက်ရာ မှာ ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး နိုင်ငံရေး မှာတောင် Timing ဟာ အရေးကြီးဆုံးပါပဲ။
ဒါနဲ့ ရှင် အခု ရောက်နေတဲ့ နေရာကနေ ဖြတ်သန်း ခဲ့ပြီးတဲ့ ဂီတလမ်းကို ပြန်ပြောင်း လှည့် ကြည့်လိုက်ပါဦး။ ရှင့်အတွက် အမှောင်ထု ကြီးစိုး ခဲ့တဲ့ အချိန်ကာလ မျိုး၊ ပြော ရရင် ဂစ်တာ သမား ဖြစ်ပြီး ဂစ်တာ မတီးခဲ့ရတဲ့ အချိန် ကာလမျိုး ရှင့်မှာရှိခဲ့လား။
ဘယ်ပြော ကောင်းမလဲဗျာ အဲဒီကာလ တစ်ခု ကျွန်တော့်ဘဝမှာ တကယ် ရှိခဲ့တာပေါ့။ ကျွန်တော် တို့ညီအစ်ကို နှစ်ယောက် ၁၉၉၆ မှာ ဒေါ်အောင် ဆန်းစုကြည် အတွက် သီချင်း နှစ်ပုဒ် ဖန်တီး ပေးလို့ဆိုပြီး စစ်အစိုးရက ထောင် ၇ နှစ် ချထားခဲ့ တယ်လေ။ အဲဒီကာလ ကျွန်တော် တို့မှာ ဂစ်တာ မရှိဘူး။ ဂစ်တာ မတီးဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော် တို့လုပ်နိုင်တယ်။ ဂီတဖန်တီး တတ်သူ တစ်ဦး အတွက် လက်ထဲမှာ ဂစ်တာ ရှိစရာ မလိုပါ ဘူး။ ဂစ်တာ မရှိဘဲနဲ့ နံရံလေးဖက် ကြားက အမှောင်ထု ထဲမှာ ကျွန်တော် သံစဉ်တွေ ဖန်တီး ဖြစ်ခဲ့တယ်။ ၁၉၉၇ မှာပေါ့။ ဗြိတိန် ကဗျာဆရာ ကစ်ပလင်ရဲ့ IF ကဗျာ ကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြန် ပေးထားတဲ့ ‘အကယ်၍’ ဆိုတဲ့ ကဗျာ စာသားတွေကို ဘဝတူ ကျောင်းသား လူငယ် တွေ ‘ဟာဗျာ’ ရှင်းရှင်း ပြောရရင် နိုင်ငံရေး အကျဉ်း သားတွေပေါ့ဗျာ၊ သူတို့ အတွက် စိတ်ဓာတ် ခွန်အား ဖြစ်စေ ဖို့ ရည်ရွယ်ပြီး သံစဉ်ထည့် သွင်းဖြစ်ခဲ့တယ်။ သီချင်း အမည်က ‘တကယ်လို့’ ။
ဘုရား သခင်.. အံ့ရော..ဂစ်တာ မရှိဘဲ သံစဉ် တွေ မရရအောင် ရှင် ဖန်တီးနိုင် ခဲ့တယ်… ရှင်က တ ကယ့် သူရဲကောင်းပဲ…။
ဒီလောက် လည်း မဟုတ်ပါဘူး။ ကိုယ်လုပ် နိုင်တာ လုပ်လိုက်တဲ့ သဘောပါပဲ။ နောက်ထပ် ဂစ်တာ မရှိဘဲ ဖန်တီးဖြစ်ခဲ့တဲ့ သီချင်း တစ်ပုဒ်ရှိ သေးတယ်။ ‘ချယ်ရီ’။ ဒီသီချင်း က ၈၈၈၈ က စခဲ့ တဲ့ ဒီမို ကရေစီ တော်လှန်ရေး တိုက်ပွဲ တစ်လျှောက် လမ်းခုလတ်မှာ အကြောင်း အမျိုးမျိုး နဲ့ ကျဆုံးခဲ့ ရတဲ့ သူတွေ၊ ထောင်ထဲတွေ မှာ၊ တောထဲတောင် ထဲ မှာ မိဝေးဖဝေး ဖြစ်ရတဲ့ ကျောင်းသူလေးတွေ အတွက် ရည်ရွယ်ပြီး ဂုဏ်ပြုရေးဖွဲ့ခဲ့တာ။
အဲဒီလို လွတ်မြောက်ဖို့ မသေချာတဲ့ ကာလ၊ အဲဒီ အမှောင်ထု ထဲမှာ ရှင်ဘယ်လို အင်အား နဲ့ ရုန်း ကန် ဖြတ်သန်း ခဲ့တယ် ဆိုတာရော ပြောပြပေးနိုင် မလား။
ဂီတပေါ့။ ကျွန်တော့် အသွေးအသား ထဲမှာ ဂီတသာ မရှိခဲ့ရင် ဒီလို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ဂီတ ဟာ နံရံလေးဘက် ကြားက အမှောင်ထုကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ခွန်အား တစ်ရပ် ဖြစ်စေခဲ့ တယ်။ လူကိုသာ ချုပ်နှောင် ထားနိုင်ပေမဲ့ ကျွန်တော့် ရင်ထဲက ဂီတ ကိုတော့ ချုပ်နှောင် မထားနိုင်ခဲ့ပါဘူး။ ဂီတဟာ အနှောင်ဖွဲ့ခံ ဘဝမှာ လွတ်လပ် စွာ ပျံသန်း နေနိုင်ခဲ့ပါတယ်။ ဂီတရဲ့ စွမ်းအား၊ ဂီတရဲ့ တွန်းအားကြောင့်ပဲ ကျွန်တော် အမှောင်ထု ရဲ့ ကြီးစိုးမှုအောက်မှာ ကြံ့ကြံ့ခံ ရပ် တည်နိုင်ခဲ့ တယ်ဆို ပါတော့။
စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ အခု အဲဒါတွေ လွန်မြောက် ခဲ့ပါပြီ။ ဒါနဲ့ ဘဝမှာ ဂစ်တာ တီးတဲ့ အလုပ်တစ်ခုပဲ ရှင်လုပ် ခဲ့တာလား။ ဂီတ အနုပညာ နဲ့ ဆက်နွှယ်ပြီး တခြား ဘာတွေ လုပ်ဆောင်ခဲ့သေး လဲ။
ဘဝမှာ ဂစ်တာပဲ တီးတတ်ပြီး ဂစ်တာ နဲ့ပဲ ရပ်တည်ခဲ့တာပါ၊၂ဝဝ၇ မှာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လိုအပ်ချက် အရ ဂစ်တာကို တစ်ဖက် ကကိုင်ရင်း ကင်မရာကို လည်း တစ်ဖက် က ကိုင်ခဲ့ ရတယ်။
Video Journalist ပေါ့။ အဓိပ္ပာယ် ရှိတဲ့ အလုပ် တွေ ရှင်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ကျွန်မ ရှင့်ကို အားကျမိပါတယ်။ တစ်ခု သိချင်တာက အကောင်းဆုံး ဂစ်တာ သမား တစ်ယောက်ဖြစ်ဖို့ ရှင်ကိုယ်တိုင် စံထားတဲ့ အရည် အသွေးတွေက ဘာတွေဖြစ်မလဲ။
ခင်ဗျား ပြောသလို ‘အကောင်းဆုံး’ ဆိုတဲ့ အသုံးအနှုန်း ထက် ‘ဂစ်တာသမားကောင်း’ ဆိုတာကိုပဲ စဉ်းစားရအောင်။ ဂစ်တာသမား ကောင်း တစ်ယောက် ဖြစ်ဖို့ ဆို ရင် ပြင်း ထန်တဲ့ ကြိုးစား၊ အားထုတ်၊ သင်ယူ၊ လေ့ကျင့်မှုနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့ စိတ်ပဲ လိုအပ်မှာပါ။
လူတိုင်းမှာ အရူးအမူးတွေ ကိုယ်စီ ရှိကြတယ်။ ရှင့်အာရုံ အလုံးစုံကို စိုးမိုး ခြယ်လှယ်ထားတဲ့ ဂစ်တာသမားတွေ ကရော ဘယ်သူတွေပါလိမ့်။
၁၉၈ဝ ကျော် ကာလတွေမှာ သဘော အကျဆုံး ဂစ်တာသမား က Play Boy Music Band က Lead ဂစ်တာသမား ကိုကြည်ဝင်းသောင်း ပဲဗျ။ ဂစ်တာ မတီး ခင် နိုင်ငံခြား က Rock သီချင်းတွေ နားထောင် ကတည်းက ရူးရူးမူးမူး ဖြစ်ခဲ့ရတဲ့ ဂစ်တာသမား ကတော့ Deep Purple အဖွဲ့က ဂစ်တာ သမား Ritchie Black More ပြီးတော့ Queen အဖွဲ့က ဂစ်တာသမား Brian May တို့ပါပဲဗျာ။
မြန်မာပြည်မှာ ပထမဆုံး လုပ်ဖြစ်ခဲ့တဲ့ Guitar Instrumental Show မှာ ဘယ်လိုက ဘယ်လို ဝင်တီး ဖြစ်ခဲ့တာလဲ။ အဲဒီမှာ Instrumental သီချင်းနှစ်ပုဒ် က သာမန် အချစ် သီချင်းမျိုး မဟုတ် ဘူးလို့ သိရတယ်၊ ပြောပြပါဦး။
အဲဒီပွဲအတွက် Lazy Club နိုင်ဇော်က စပြောတာ၊ ပထမတော့ ငြင်းခဲ့ပါသေးတယ်။ လက်ရှိရေစီး ထဲက လူငယ်တွေပဲ တီးကြပါစေပေါ့ ရဆိုတော့၊ ကိုဇော်မျိုးထွဋ် ရဲ့ ဈာပနမှာ နောက်ဆုံး ခရီး လိုက်ပို့ရင်းနဲ့ ညီလေး ချစ်စမ်းမောင်ကပါ ထပ်ပြီးပြောတယ်။ မြန်မာပြည် ရဲ့ ပထမဆုံး Guitar Instrumental Show လည်းဖြစ်လို့ ဂစ်တာ သမား အားလုံး အမှတ်တရ အဖြစ် ပါဝင် စေချင်တာပါ ဆိုတာနဲ့ တီးမယ် လို့ပြောပြီး ဝင်တီး ဖြစ်ခဲ့တာပါပဲ။ အဲဒီပွဲ မှာ နှစ်ပုဒ် တီးရ မယ် ဆိုတော့ ကျွန်တော် ၈၈ အရေး အခင်း အပြီးမှာ ကျောင်းသားတွေရဲ့ တော်လှန်ရေး အကြောင်း ဂီတနဲ့ မှတ်တမ်း တင်ထားဖို့ဆုံးဖြတ်ပြီး ဖန်တီးခဲ့တဲ့ Revolution မြန်မာ လိုတော့ ‘ပျောက် ဆုံးနေသော ဝိညာဉ် များ၏သမိုင်း’ပေါ့။ နောက်တစ်ပုဒ် က၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ကင်မရာ ကိုင်ရင်း ထောင်ကျ ခဲ့တုန်းက ထောင်ထဲ မှာ သံဃာတော်တွေ ဦးဆောင် ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး အကြောင်း ပုံဖော် ထားခဲ့တဲ့ Freedom @ The March Of The Safron Robe ဆို တဲ့ instrumental နှစ်ပုဒ် အဆင်သင့် ရှိ တာနဲ့ ကျွန်တော့် ရဲ့ အဖွဲ့သားတွေ နဲ့ တိုင်ပင်ပြီး အဲဒီ နှစ်ပုဒ်ကို တီးဖြစ်ခဲ့ပါတယ်။
ထူးထူးခြားခြား ပုံဖော် ဖန်တီးခဲ့တဲ့ သီချင်း တစ်ပုဒ်၊ ရှင့်ရဲ့ masterpiece ကိုပြောပါ ဆိုရင် အဲဒါ ‘ချယ်ရီ’ လား။
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ‘ချယ်ရီ’ သီချင်းက ကျွန်တော်တို့ မတီး ဖြစ်ခဲ့ဘူးဗျ။ ၂ဝဝ၄ မှာ No Way က နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပြည်ပ မှာဖြန့်ဖို့ ထောင် တွင်းဖြစ် သီချင်း လှမ်းတောင်းလို့ အဲဒီ သီချင်းကို ပေးလိုက်တော့ အိန္ဒိယ နယ်စပ်မှာ ချင်းတိုင်းရင်းသူ ဇူးဇီ ကဆိုပြီး ချင်း လူမျိုး ဂီတ ပညာရှင် တွေက တီးပေး ထားခဲ့တာ။ ၂ဝဝ၂ တောင်ငူ ထောင်က လွတ်လာတော့ ပထမဆုံး ပုံဖော်ဖြစ်ခဲ့တဲ့ သီချင်းက ‘တကယ်လို့’ ဖြစ်ပါတယ်။ No Way သီဆိုပြီး ကျွန်တော် တို့ ရွှေသံစဉ် အဖွဲ့ နဲ့ ar Studio မှာ အသံသွင်းထား တာပါ။ DVB Entertainment အစီအစဉ်မှာ ထုတ်လွှင့် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ NLD ပညာရေး ကွန်ရက် ရန်ပုံငွေပွဲ မှာ ရွှေသံစဉ် နဲ့ အတူတေး သံရှင် ကက်သရင်း မီးမီးက သီဆိုပေး ခဲ့သေးတယ်။ အဲဒီ သီချင်းကို ဂီတ ပုံစံတစ်မျိုး နဲ့စိတ်ကူး ဖန်တီး ဖြစ်ခဲ့တာပါ။
ရှင်ဖန်တီး လိုက်တဲ့ သီချင်းတွေနဲ့ guitar instrumental တွေက ချစ်၊ ကြိုက်၊ ကွဲ၊ လွမ်း သာမန် သီချင်းတွေ မဟုတ်ဘူး။ ‘ချယ်ရီ’ ဆိုတဲ့ ကျောင်းသူလေး အပါအဝင် အရေး အခင်းကာလ တွေမှာ ပိုးစိုး ပက်စက် သေကျေ ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူ ကျောင်းသားတွေ နဲ့၊ သံဃာတော်တွေ၊ ပြီး အဖိနှိပ်ခံ ပြည်သူ လူထု အဲဒါတွေကို ကိုယ် စား ပြုနေတာ တွေ့ရလို့ ကျွန်မ သိချင်တာက အနုပညာ ဟာ ဘယ်သူ့ အတွက် ဖြစ်သင့်သလဲ ဆိုတာ ရှင့်ရဲ့ အတွင်းသား ထဲက ယုံကြည်ချက် တစ်ခုပါ။
ဂီတမှာ နယ်နိမိတ် ကန့်သတ်မှု မရှိပါဘူး။ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး၊ ကျွန်တော် ဖန်တီးတဲ့ ဂီတဟာ ပရိသတ် အတွက် ဖြစ်ပါတယ်။ အဲဒီ ပရိသတ်မှာ ကန့် သတ်ချက်တွေ မပါရှိပါဘူး။ မြန်မာပြည်သူတွေ အပြင် အခြားသော နိုင်ငံက ဂီတကို မြတ်နိုးကြတဲ့ အားလုံးသော ပရိသတ်တွေ အတွက် ဖြစ်ပါလိမ့်မယ်။
လက်ရှိ ဂီတလောက အပေါ် ရှင့်ရဲ့အတွေး၊ အမြင်၊ အယူအဆ က ဘာပါလိမ့်။
လက်ရှိ ဂီတရေစီးမှာ နည်းစနစ် အပိုင်းတွေ အားသာ လာပြီး သဘောတရား အပိုင်းမှာတော့ အားနည်း လာတယ်လို့တော့ မြင်မိတယ်ဗျ။ ကာရန်မဲ့ ကဗျာရေးဖို့ အတွက် ပထမဆုံး ကာရန် အကြောင်းတော့ သိဖို့ လိုအပ်ပါလိမ့်မယ်။ သမားရိုးကျက ဖောက်ထွက်ဖို့ အတွက် သမား ရိုးကျကို အရင် စူးစမ်း နားလည် ထားဖို့ လိုအပ်ပါ လိမ့်မယ်။
ဂီတဟာ ဘယ်စာလုံးကို ကိုယ်စားပြုမလဲ၊Entertainment လား၊ Exit လား၊ ရှင် ဘယ်လို ထင်လဲ။
ဒါက လူတစ်ဦးချင်းစီ ရဲ့ ဂီတအပေါ် ခံစားနိုင်မှု စွမ်းရည် အခြေ အနေပေါ်မှာ မူတည်လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ဖျော်ဖြေရေး လို့ပဲ မြင်တဲ့သူ အ တွက်တော့ Entertainment ပဲပေါ့။ ထွက်ပေါက်လို့ ယုံကြည်သူ အတွက် ဂီတဟာ Exit ပေါ့။ ကျွန်တော့် အတွက် သေချာတာက ဂီတဟာ လွတ်မြောက်မှု ကို ဆောင် ကြဉ်း ပေးနိုင်ပါတယ် ဆိုတာပါပဲ။ ဘာလို့လဲ ဆိုတော့ ဂီတ ဆိုတာ ကိုက အရာရာ အားလုံး၊ သတ်မှတ်ချက်တွေ ကနေ လွတ်မြောက်နေ လို့ပဲ ဖြစ်ပါတယ်။
သိပ်ကောင်းတဲ့ အတွေးပဲ။ ဂီတ ကိုယ်တိုင်ကိုက သတ်မှတ်ချက် အားလုံးကနေ လွတ်မြောက်နေတဲ့ အရာ..ပေါ့။ ကောင်းပါပြီ။ ဒါ နောက်ဆုံးပါပဲ။ အနာဂတ်မှာ ရှင် ဘာတွေကို မျှော်လင့်တကြီး လုပ်ဆောင် သွားချင်ပါသေးသလဲ… ။
ကိုယ့်ကို မွေးဖွား ခွင့်ပေးပြီး နေထိုင်ရှင်သန် ခွင့်ပေးခဲ့တဲ့ ကိုယ့်ရဲ့ တိုင်းပြည်နဲ့ တိုင်းပြည်ထဲက ပြည်သူတွေ အတွက် ကိုယ် တတ်ကျွမ်းတဲ့ ဂီတနဲ့ တစ်စုံ တစ်ခု ပေး ဆပ်ခဲ့ ချင်ပါတယ်။ ဒါကြောင့် အရှင် ဆန္ဒာဓိကရဲ့ မတည်ပေးမှုနဲ့ ၂ဝ၁၃၊ ဇန်ဝါရီလ ၂၇ ရက်နေ့ ကစပြီး ရွှေသံစဉ်ဂီတ ဖောင်ဒေးရှင်း ကို ရွှေသံစဉ် အဖွဲ့သားတွေ နဲ့တည် ထောင်ပြီး ပရဟိတ ကိစ္စတွေကို ဂီတ နဲ့ ဆောင်ရွက် နေပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။