ကျွန်မတို့ပတ်ဝန်းကျင်မှာ အသက် ၅ဝကျော် ၆ဝလောက်ဆိုရင် ငါအိုပြီ၊ ဘာမှလုပ်ချင်စိတ်မရှိတော့ဘူးလို့ လူတွေက ကိုယ့်ကိုယ်ကိုထင်တတ်ကြတယ်။ အသက် ၆ဝကျော်လောက်နဲ့တင် သေကုန်တဲ့လူကများတော့ အသက် ၆ဝရောက်ရင်ပဲ ကိုယ့်ကိုယ်ကို အရမ်းအိုနေပြီထင်ကြတယ်။ တကယ်တော့ ကိုယ်စားသောက်တဲ့အစားအသောက်၊ နေထိုင်မှု၊ စိတ်နေသဘောထားကလည်း စိတ်အိုခြင်း၊ မအိုခြင်းနဲ့ ဆိုင်ပါတယ်။
The Lord of the Rings ၊ Star Wars .. စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးခဲ့ကြရင် Christopher Lee ဆိုတဲ့ သရုပ်ဆောင်ကိုလည်း သိကြလိမ့်မယ်လို့ ထင်ပါတယ်။ The... Lord of the Ringsမှာ Saruman အဖြစ် သရုပ်ဆောင်ခဲ့သူ Christopher Leeဟာ ၁၇နှစ်အရွယ်တည်းက စစ်တပ်ထဲဝင်ပြီး ရုရှားတွေကို တိုက်ထုတ်ခဲ့ဖူးတယ်၊ နာဇီတွေကို တိုက်ထုတ်ခဲ့ဖူးတယ်။ အထူးလျှို့ဝှက်စုံစမ်းရေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ သူဟာ ချက်ရီပတ်ပလစ်၊ ယူဂိုဇလားဗီးယား၊ ပိုလန်နိုင်ငံတွေက ပေးအပ်တဲ့ ရဲစွမ်းသတ္တိဆုတံဆိပ်တွေလည်း ရခဲ့ဖူးသလို အင်္ဂလန်ပြည်ရှင်က ပေးအပ်တဲ့ သူရဲကောင်းဆုတွေကိုလည်း ရခဲ့ဖူးတယ်။

ဒုတိယကမ္ဘာစစ်ပြီးတော့ စစ်တပ်ကနေ သူအနားယူပြီး သူဝါသနာပါတဲ့ သရုပ်ဆောင်ဖက်ကို ဦးတည်ခဲ့တယ်။ Darcula ဆိုတဲ့ ဇာတ်ကားနဲ့ သူ့ကိုလူသိများလာခဲ့ပြီး ဂျိမ်းစဘွန်း 007ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဒီကနေ့လူကြိုက်များတဲ့ ဇာတ်ကားပေါင်းများစွာကို သူရိုက်ကူးခဲ့ပါတယ်။
Christopher Lee ဟာ သရုပ်ဆောင်တစ်ယောက် ဖြစ်ရတာနဲ့တင်အားမရသေးဘဲ သူ့အသက် ၈၈နှစ်မှာ Charlemagne: by the sword and the cross ဆိုတဲ့ သီချင်းခွေကို ထုတ်ဝေခဲ့သေးတယ်။ ဒါ့အပြင် အသက် ၉၂နှစ် ၂ဝ၁၄ဒီဇင်ဘာမှာ A Heavy Metal Christmas ဆိုတဲ့ သီချင်းခွေကိုပါ ထုတ်ဝေခဲ့ပါတယ်။
အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ။ စိတ်ပျိုခြင်း၊ ကိုယ်နုခြင်းက ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်နေထိုင်မှု၊ အစားအသောက်နဲ့ ပိုဆိုင်ပါတယ်။ အပျက်ဆောင်စိတ်တွေက လူကို မရွှင်လန်းစေသလို ရောဂါလည်း ရလွယ်စေပါတယ်။ နေထိုင်စားသောက်မှု မမှန်ရင်လည်း ရောဂါရလွယ်ပါတယ်။ အဆီအအိမ့် အသားတွေလျော့စားပြီး လတ်ဆတ်တဲ့အသီးအနှံ၊ ကျန်းမာတဲ့ချက်ပြုတ်နည်းတွေက အကောင်းဆုံးပါ။
အိုမင်းသွားမှာကို မကြောက်ပါဘူး...
စိတ်အားထက်သန်မှု ပျောက်ဆုံးသွားမှာကိုပဲ စိုးပါတယ်။
Christopher Leeလို စိတ်တွေပျိုနုလန်းဆန်းပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်ပါစေလို့... ဖတ်မိသမျှ မျှဝေပါတယ်...
နိုင်းနိုင်းစနေ (1 . 29. 2015)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။