စာအသစ်မရေးဖြစ်ဘူး... ရေးခဲ့ဖူးတဲ့ပို့စ်ဟောင်းတစ်ပုဒ်ကို တင်ပါတယ်။
အရင်ကာလများဆီက ကျွန်မတွေ့ကြုံခဲ့ဖူးတာကို ရေးသားထားတာဖြစ်ပါတယ်။ ၁၉၉ဝခုနှစ်ဝန်းကျင်တွေတုန်းက ခရီးထွက်ရင်း တွေ့ကြုံခဲ့ရတဲ့ အိမ်သာတွေအကြောင်းပါ။ ကျွန်မလိုပဲ ကြုံခဲ့ဖူးကြသူတွေရှိပါလိမ့်မယ်။
အခု ၂ဝဝဝကျော်ခုနှစ်ရောက်လာခဲ့ပြီဆိုတော့ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာပြီမို့ ဒီထက်ပိုကောင်းတဲ့ အိမ်သာ၊ ဝန်ဆောင်မှုတွေရှိလာပြီလို့ ယုံကြည်ပါတယ်.. ပေါ့ပေါ့ပါးပါး ဖတ်ကြည့်ပါဦး..
ကျွန်မတက်ခဲ့ဖူးသော အိမ်သာများ
-----------------------------------
အိမ်သာတက်တာ ဘာများဆန်းလို့လဲတော့ မမေးလိုက်နဲ့။ ကျွန်မတောသားတစ်ယောက် တက်ခဲ့ဖူးတဲ့အိမ်သာကလည်း တော်တော်စုံတယ်။ အရေးကြုံရင် ချုံတိုးတဲ့ တောဓလေ့၊ တောသဘာဝက ချုံအိမ်သာ.. ။ ရွာကအိမ်သာတွေဟာ မြို့ကြီးတွေမှာလို အိမ်ထဲမှာမထားကြတဲ့အတွက် အရေးကြုံရင် အိမ်နောက်ဖေးလည်းဝင်ခဲ့ဖူးရဲ့။ ငယ်ငယ်ကဆို အိမ်ရှေ့သမံတလင်းမှာလဲ ရှုးလိုက်ကြတာပဲ။ ဒုက္ခကြီးကိုလွယ်ထားရတဲ့အချိန် အိမ်က အိမ်သာမအားခဲ့ရင် ဘေးအိမ်က ပျဉ်နှစ်ချောင်းထိုး ခနော်ခနဲ အမိုးအကာပဲ့ရွဲ့နေတဲ့ အိမ်သာမျိုးလည်း တက်ဖူးတယ်။ ဟော.. ရွာက နည်းနည်းတိုးတက်လာတော့ ပျဉ်တွေ၊ ဝါးတွေအစား ကျောက်ပြားဝိုင်းကို တစ်အိမ်တစ်ခု အိမ်သာတိုင်းမှာ မထည့်မနေရဆိုတဲ့အမိန့်ကြောင့် ကျောက်ပြားဝိုင်းနဲ့လုပ်ထားတဲ့ အိမ်သာလည်းတက်ခဲ့ဖူးတယ်။ အဝင်ဝကို ဂုန်နီအိတ်နဲ့ကာပြီး အီးအီးကုန်းလို့ တဖြည်းဖြည်းကျဲသွားတဲ့ထရံကာနဲ့ အိမ်သာမျိုးလည်းတက်ခဲ့ဖူးတယ်။
မြို့ရောက်တော့ အိမ်ထဲမှာထားတဲ့ ရေလောင်းအိမ်သာ၊ လက်ဆွဲအိမ်သာ၊ ဘိုထိုင်အိမ်သာတွေနဲ့ ဇိမ်ရှိရှိထိုင်ခဲ့ဖူးတယ်။ ဒါတင်ဘယ်ကမလဲ.. ဈေးအဝင်ဝနားက သေးနံ့၊ မစင်နံ့သင်းနေတဲ့ ဈေးအိမ်သာထဲ ဒုက္ခကိုမလွယ်နိုင်တဲ့အဆုံး ဝင်ကြေးငွေပေးပြီး တက်ခဲ့ဖူးတယ်။ အဲဒီအိမ်သာကထွက်လာရင် တစ်ကိုယ်လုံးလည်းသေးနံ့တွေ သင်းလို့...
တောင်ကြီးမြို့တင်မက ခြေဆန့်ပြီး မြန်မာပြည်အနှံ့ ခရီးတွေထွက်ဖြစ်ပြန်တော့ တခြားမြို့က အိမ်သာတွေကိုပါ ကျွန်မတက်ဖူးလိုက်ပြန်တယ်။ လမ်းခရီးတစ်ထောက်နားရင် ထုံးစံအတိုင်း ကိုယ်လက်သန့်စင်၊ ဝမ်းဗိုက်တွေဖြည့်ပေါ့။
ဆိုင်ရှေ့မှာ “ဒီနေ့ ယုန်သားဟင်းရပြီ” ဆိုတဲ့ ကြော်ငြာထက် “သန့်ရှင်းသော အိမ်သာရှိသည်” ဆိုတဲ့ဆိုင်ကို ကျွန်မရွေးဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် ဝမ်းအရင်ဖြည့်
နှာခေါင်းကိုလက်နဲ့အတင်းဖိပြီး ဘေးဘီကိုမကြည့်ဘဲ အိမ်သာထဲကနေ ကျွန်မအပြေးအလွှားထွက်ပြေးရဦးမယ်လေ။
မှတ်မိပါသေးတယ်။ ၁၉၉ဝကျော်ခုနှစ်က တရုတ်ပြည်ကမိတ်ဆွေတချို့ မြန်မာပြည်ကို အလည်လာတော့ ရန်ကုန်ရွှေမြို့တော်ဆီ ဒုတိယအကြိမ်မြောက် ကျွန်မရောက်ခဲ့ပြန်တယ်။
မြို့အချက်အချာ၊ လူအစည်ဆုံးနေရာ လသာမြို့နယ်က တရုတ်ဘုံကျောင်းတစ်ခုမှာ ကျွန်မတို့တည်းဖြစ်ကြတယ်။ ဘုံကျောင်းနေရာကို အတိအကျမသိတော့ပေမယ့် ဘုံကျောင်းရှေ့မှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်ဆိုတာရယ်၊ ဈေးနား လမ်းလျှောက်သွားနိုင်တယ်ဆိုတာရယ်၊ မနီးမဝေးမှာ မြေအောက်အိမ်သာရှိတယ်ဆိုတာရယ်ပဲ မှတ်မိတော့တယ်။
တရုတ်ပြည်က ဧည့်သည်တွေနဲ့ ရန်ကုန်မြို့ကိုဝင်တော့ မြို့အဝင်ဝမှာ လှပတဲ့ရှုခင်း၊ စီစီရီရီစိုက်ထားတဲ့ ရေတမာပင်တွေကြောင့် သူတို့ဆီက ရင်သပ်ရှုမောတဲ့ချီးကျူးသံကိုကြားတော့ အိမ်ရှင်ဖြစ်သူကျွန်မ ဝမ်းသာပီတီဖြစ်ရတယ်။ မြို့ထဲရောက်တော့ ချီးကျူးသံက တဖြည်းဖြည်းစဲလာခဲ့တယ်။
ရန်ကုန်ရောက်နေခိုက် တစ်နေ့မှာ ကံမကောင်းစွာနဲ့ မိုးတွေ သည်းသည်းမည်းမည်းရွာခဲ့တယ်။ ကျွန်မတို့ တည်းတဲ့ဖက် လမ်းတော်တော်များများ ရေနစ်ခဲ့တယ်။ ရေနစ်တာကိုမမြင်ဖူးတဲ့ တရုတ်မတွေ တိုက်အောက်ဆင်းပြီး ဓာတ်ပုံရိုက်ကြတယ်။ အဲဒီမှာ ၀ါဝါ၀င်းဝင်းနဲ့တစ်မျိုး၊ မဲခြောက်ခြောက်နဲ့ တစ်ဖုံ၊ ပျော့စိပျော့ဖတ်နဲ့တစ်သွယ် မြေအောက်အိမ်သာက အီးတုံးကြီးတွေ မိုးရေမှာ ပက်လက်လေးမျှောပြီး ကျွန်မတို့ဆီ ဆိပ်ကပ်လာခဲ့တယ်။ ကျွန်မ ဘာလုပ်ရမလဲ.. ဟဲ့ သွား..သွားလို့ မောင်းထုတ်လို့လည်း မရ။ ဓာတ်ပုံတစ်ဖျတ်ဖျတ်ရိုက်ပြီး မှတ်တမ်းတင်နေတဲ့ သူတို့ကိုပဲ ကျွန်မလက်ပိုက်ကြည့်နေခဲ့မိတယ်။
“နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ လူမှုရေးအဆင့်အတန်းကိုသိချင်ရင် အများသုံးအိမ်သာကို ကြည့်ပါ” တဲ့။
စာစောင်တစ်ခုမှာ ကျွန်မဖတ်ဖူးတဲ့ စာသားလေးတစ်ခုပါ။
ဒီလိုနဲ့ ဘာကံမှန်းမသိ သူများနိုင်ငံမှာ အိမ်သာတက်ဖူးဖို့ အကြောင်းက ဖန်လာခဲ့တယ်။ မြန်မာပြည်ရွာက ချုံအိမ်သာ၊ ပေါက်တော၊ ထရံကာ အိမ်သာမှတစ်ဆင့် မြို့ပေါ်က ရေလောင်းအိမ်သာ၊ ရေမလာလို့ ဒီအတိုင်းထားခဲ့ရတဲ့ အိမ်သာ၊ သေးတွေရွဲရွဲစိုပြီး အီးနံ့တွေသင်းတဲ့ဈေးအိမ်သာ... စတဲ့ စတဲ့ အိမ်သာတွေကိုတက်ခဲ့ဖူးတဲ့ ကျွန်မတောသားတစ်ယောက် မြန်မာပြည်ကခွာပြီး တခြားနိုင်ငံက လေဆိပ်ကိုရောက်တာနဲ့ ဒုက္ခရောက်တော့တယ်။
ထုံးစံအတိုင်း အိမ်သာတက်တဲ့ ပြဿနာပဲ။ အိမ်သာတက်ပြီး ရေလောင်းရတဲ့ ခလုတ်လေးပျောက်နေလို့ ရေလောင်းစရာမလိုတဲ့ အိမ်သာလားလို့ တောဆန်ဆန်တွေးခဲ့မိတယ်။ ထိုင်ရာကထလိုက်ရင် ရေတွေ သူအလိုအလျှောက်ထွက်ကျလာတဲ့ အိမ်သာကိုတက်မိတော့ “ရူးပေါက်ရင်တောင် ရေလောင်းတယ်ဆိုရင် ဒီနိုင်ငံရေတော်တော်ကုန်မှာပဲ” လို့ ဉာဏ်မမီတဲ့ဦးနှောက်နဲ့ တွေးခဲ့ဖူးတယ်။
ခလုတ်နှိပ်စရာမလို၊ ကြိုးဆွဲစရာမလိုဘဲ နံရံမှာမြုပ်ထားတဲ့ လေဆာလိုနေရာမျိုးမှာ လက်နဲ့ အရိပ်ပြလိုက်ရင် ရေတွေထွက်လာတဲ့အိမ်သာကို တက်မိတော့ ကျွန်မတောသား အရမ်းသဘောကျပြီး ခဏခဏ အဲဒီနေရာကို လက်နဲ့ သွားသွားကာကြည့်မိတယ်။ ပေါနိုင်လွန်းတယ်လို့ ပြောချင်ပြောပါစေတော့ ကျွန်မတို့နိုင်ငံမှာနေတုန်းက အဲလိုအိမ်သာမျိုးမှ မတက်ခဲ့ဖူးတာ....
နိုင်ငံခြားမှာတက်ခဲ့ဖူးတဲ့အိမ်သာတွေက ပေါင်းစုံပါပဲ။ အများအားဖြင့် အိမ်သာတိုင်းက တစ်ရူးအဆင်သင့်၊ လက်ဆေးဆပ်ပြာရည်၊ လက်အခြောက်ခံစက်၊ လက်နေအောင်တိုက်ထားတဲ့ကြည့်မှန် ပြီးတော့ sprayနံ့ သင်းသင်းနဲ့ပေါ့။ မသန်စွမ်းသူတွေအတွက် သီးသန့်လုပ်ထားတဲ့ အိမ်သာခန်းလည်းရှိ၊ ကလေးအနှီးလဲတဲ့အခန်းတွေ အပြည့်အစုံနဲ့ပေါ့။
အခုလည်း နိုင်ငံတကာရဲ့အများသုံးအိမ်သာမှာ တီဗွီတွေ၊ သီချင်းတွေနဲ့ အဆင်မြင့်အိမ်သာတွေထားရှိနေချိန်မှာ ကျွန်မလို အိမ်သာအတက်ကြိုက်သူများ၊ အိမ်သာထဲစာအုပ်ဖတ်ပြီး ဇိမ်ခံချင်သူများအတွက် သတင်းကောင်းတစ်ခု ပါးလိုက်ပါရစေ။ အထွေအထူးတော့ မဟုတ်ပါဘူး။ အားလုံး မြင်ကြ၊ သိကြတဲ့အတိုင်း မြန်မာပြည်မှာလည်း တီဗွီ၊ ဗီစီဒီထဲကနေတစ်ဆင့် ခေတ်မီတိုးတက်သော နိုင်ငံတော်သို့ရောက်အောင် အဆင့်မြင့် ယင်လုံအိမ်သာတွေဆောက်ဖို့ နိုးဆော်နေပြီဖြစ်တဲ့အကြောင်း....
အားလုံး ဒုက္ခလွယ်ပိုးထားရခြင်းမှ ကင်းကြပါစေ
နိုင်းနိုင်းစနေ (Friday, February 29, 2008)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။