ဒီဇင်ဘာ (၈) ရက်နေ့ဟာ Pantera တို့ရဲ့ ဂစ်တာသမားကြီး Dimebag Darrellသေဆုံးတာ (၁၀) ပြည့်ခြင်းဖြစ်ပါတယ်။ စကော်ပီယံတို့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အောင်အောင်ရဲ့ Dimebag နဲ့ပတ်သက်တဲ့ဆောင်းပါးလေးကို ပြန်လည်ဖော်ပြအပ်ပါတယ်။
Dimebag အကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားပေးခဲ့တဲ့ အောင်အောင်ကိုကျေးဇူးအများကြီးတင်ပါတယ်။
ခင်သောမင်သော
စကော်ပီယံများ
-------------------------------------
စကော်ပီယံများ
-------------------------------------
အကြွေစောသော ဂစ်တာသူရဲကောင်းများ (အပိုင်း ၅)
==============================
==============================
(၅) Dimebag Darrell (Pantera Guitarist)
အထက်တန်းကျောင်းသားဘ၀တုန်းက ဆေးခြောက်ဝယ်ရင် ဆယ်ပြားအိတ် ဖိုးလောက်ဝယ်ပြီး ဆေးရူတတ်တဲ့ လူငယ်လေးတစ်ယောက် ကို သူငယ်ချင်းတွေက Dimebag (ဆယ်ပြားအိတ်) လို့ နောက်ပြောင်ခေါ်ရင်းကနေ နောင်တစ်ချိန် ကမ္ဘာကျော်ဂစ်တာသမား ဖြစ်လာတော့ ဒီနာမည်ကိုပဲ အနုပညာနာမည်အဖြစ်နဲ့  ဆက်ပြီးသုံးသွားတဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ ရဲ့  အသည်းစွဲဂစ်တာသမား Dimebag ပဲဖြစ်ပါတယ်။ (Dime ဆိုတာ ဒေါ်လာ၁၀ပြား ကိုပြောတာပါ။) ၁၉၉၀နှစ်အစောပိုင်းမှာတော့ အမေရိကား ရဲ့  ဂီတလောကမှာ အပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်ခဲ့တာပေါ့။ တဖက်က အော်တားနေးတစ် ဂီတလှုပ်ရှားမှုကြီးက အကြီးအကျယ် နေရာယူလာပြီး 80’s ရဲ့ ရော့ခ်ကာတွေလည်း သားရည်ဘောင်းဘီချွတ်၊ မိတ်ကပ်တွေဖျက်၊ ဆံပင်တွေညှပ်နဲ့ ။ တဖက်မှာလည်း Tool, Korn လိုမျိုးပုံစံအသစ် မက်တယ်လ်အုပ်စုတွေက ဂစ်တာ Solo အသားမပေးပုံစံတွေ ချပြလာတယ်။ Metallica လည်း Black album နဲ့  အကြီးအကျယ် ပေါက်ပြီး မက်တယ်(လ်)ဘီလူးကြီးဖြစ်သွားပေမယ့် သီချင်းပုံစံတွေက အရင်လို ပြင်းထန်မှုမရှိတော့ပါဘူး။ သူတို့  ဂီတလမ်းကြောင်းက 90’s ထဲမှာ ပြောင်းသွားပါတယ်။ မက်တယ်(လ်)ပရိသတ်တွေလည်း စိတ်ဓာတ်တွေကျလို့ ။ Slayer လိုဟဲဗီးဝိုင်းတွေကလည်း ၀ိုင်းသားအပြောင်းအလဲဖြစ်ပြီး ပရိသတ်ထပ်မတိုးနိုင်ဖြစ်နေချိန်ပေါ့။
ဒီအချိန်မှာ Pantera လို့ အမည်ရတဲ့ ၀ိုင်းတစ်ဝိုင်းက ရဲရဲရင့်ရင့်နဲ့  မက်တယ်လ်ရဲ့ မီးရူးတိုင်ကို ဆက်လက်သယ်ဆောင် သွားနိုင်ခဲ့ပါတယ်။ ဒီဝိုင်းရဲ့  ဂစ်တာသမားကတော့ ကျွန်တော်တို့ ရဲ့  ဆယ်ပြားအိတ် Dimebag Darrell ပါပဲ။ Dimebag ရဲ့ ဂစ်တာသံက တစ်တုံးကို ဖြတ်နေတဲ့  စက်လွှရဲ့ အသံမျိုး၊ သူ့ ရဲ့ တီးဟန်က ရန်သူကိုရင်ဆိုင်ဖို့  ပြေးသွားတဲ့ ခုတ်ငါးမန်းတကောင်ရဲ့  အင်အားမျိုးရှိတယ်။ Metallica ၊ Slayer တို့ ချခဲ့တဲ့ အမေရိကားရဲ့  မက်တယ်လ်မျိုးစေ့ကို ၁၉၉၀ ခုနှစ်တွေထဲမှာ ဆက်လက်ပြီး ရှင်သန်စေခဲ့တာပေါ့။ Dimebag ကြီးကတော့ တက္ကဆပ်ပြည်နယ်သားပါ။ ၁၉၆၆ သြဂုတ်လ ၂၀မှာ မွေးပါတယ်။ အဖေဖြစ်သူ ဂျယ်ရီကလည်း အရမ်းတော်တဲ့ ဂစ်တာသမားဆိုတော့ Dimebag ရယ် အကိုဖြစ်သူ Vinnie ကို ငယ်ငယ်ကတည်းက မျိုးစေ့ချပေးခဲ့တာပေါ့။ (Vinnie က Pantera ရဲ့  Drummer ပါ။) ၁၉၈၀ ပြည့်နှစ်ဦးပိုင်းတွေမှာ ဆံပင်ဖွာ၊ သားရည်ဘောင်းဘီတွေ ၀တ်ပြီး သာမန် 80’s Rock သီချင်းတွေကို ဓါတ်ပြားတိုက်အသေးတွေကနေ ထုတ်တာ အယ်ဘမ် ၄ ချပ်သာ ထုတ်ပြီးသွားတယ် ဘာမှထူးထူးခြားခြား ဖြစ်မလာပါဘူး။ (အဲ့ဒီကတညးက Pantera နာမည်နဲ့ ဖြစ်ပါတယ်။) ဒီလိုနဲ့  သီချင်းဆိုတဲ့  Phil Anselmo နဲ့ တွေ့ ပြီး သူတို့ ရဲ့  ဂီတပုံစံရော၊ အ၀တ်အစားပုံစံပါ ပြောင်းပြီး Cowboy from Hell အယ်ဘမ်ကို ထုတ်လိုက်တာ အောင်မြင်မှုတွေ စပြီးရခဲ့ပါတယ်။ အဆိုတော် ဖေး(လ်)က မက်တယ်သမားအစစ်ကြီးပါ။ Pantera ကို ပိုပြီးပြင်းပြင်းထန်ထန်ရှိတဲ့  ဂီတပုံစံကို ဆက်လုပ်ဖို့  အကြီးအကျယ်ဖိအားပေးခဲ့တာပေါ့။ ဒီလိုနဲ့  ၁၉၉၄ မှာထုတ်တဲ့  တတိယမြောက်အယ်ဘမ် Far Beyond Driven က ဘေး(လ်)ဘော့ဒ် နံပါတ်တစ်ချိတ်ပြီး Pantera လည်း ကမ္ဘာကျော်တီးဝိုင်းဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဖေး(လ်)ရဲ့  မူးယစ်ဆေးဝါးပြသနာတွေက Pantera ကို ၂၀၀၁ နောက်ပိုင်းမှာ ဂီတလောက ကနေ အနားယူစေခဲ့တယ်။ ၀ိုင်းသားတွေလည်း အကြီးအကျယ် ရန်ဖြစ်ကြပြီး နောက်ဆုံး Dimebag တို့ ညီအစ်ကိုတို့ ဘက်ကနေ Pantera ကိုဖျက်သိမ်းလိုက်ကြတယ်။ ၂၀၀၃ မှာတော့ ပရိသတ်များလှတဲ့  Dimebag က Damageplan လို့ အမည်ရတဲ့  တီးဝိုင်းသစ်ကို အစ်ကိုဖြစ်သူ ဗင်နီနဲ့ ထူထောင်လိုက်ရော။ အောင်မြင်ပါတယ်။ ပရိသတ်တွေလည်း ကျေနပ်ကြတယ်။
ဒါပေမယ့် ၂၀၀၄ ဒီဇင်ဘာ ၈ ရက်နေ့ ညမှာတော့ Dimebag ကြီးတစ်ယောက် ကြေကွဲစရာအဖြစ်ဆိုးကြီးကို ကြုံလိုက်ရပါတော့တယ်။ အဲဒီညက Damageplan နဲ့  အိုဟိုင်းအိုပြည်နယ် ကိုလံဘက်(စ်)မြို့ မှာ ဖျော်ဖြေနေတုန်း နေသန်ဂေး(လ်)ဆိုတဲ့  လူငယ်က Dimebag ကို စင်ပေါ်မှာ သေနတ်နဲ့  ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီညမှာ Dimebag အပြင် နောက်ထပ် ၃ ယောက်လည်း အသတ်ခံရပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမား နေသန်လည်း ရဲတွေရဲ့ ပစ်ခတ်မှုခံရပြီး နေရာမှာပဲ သေသွားရတယ်။ Dimebag က သေနတ်ဒဏ်ရာ ၃ ချက်နဲ့  အဲဒီနေရာမှာဘဲ ဆုံးသွားခဲ့တယ်။ သေနတ်သမားရဲ့  ပစ်ခတ်ရခြင်း ရည်ရွယ်ချက်ကို ဘယ်သူမှ အတိအကျမပြောနိုင်ခဲ့ပါဘူး။ ဖြစ်နိုင်ချေခန့် မှန်းကြတာကတော့ Pantera တီးဝိုင်းပျက်သွားလို့  ဒေါသထွက်ပြီး Dimebag ကို သတ်တယ်လို့ လည်း ယူဆကြတယ်။ Dimebag အသတ်ခံ ရတဲ့ အချိန်မှာ အသက် ၃၈နှစ်ပါ။ Dimebag ရဲ့  အုတ်ဂူကတော့ တက္ကဆပ်ပြည်နယ် အာလင်တန်မြို့ က Moore Memorial Gardens သချိုင်းမှာပါ။ Dimebag ရဲ့  အဓိက ဂစ်တာဟီးရိုး ၃ယောက်ရှိပါတယ်။ Kiss ၀ိုင်းရဲ့  အော်ရယ်ဂျီနယ် ဂစ်တာသမား Ace Frehley (Dimebag ရဲ့  ရင်ဘတ်မှာ Ace ရဲ့  တက်တူးထိုးထားပါတယ်။ Dimebag နဲ့  အတူတူ Guitar World မဂ္ဂဇင်းမှာ မျက်နှာဖုံး အတူတူပါဘူးခဲ့တယ်။) ပြီးတော့ Randy Rhoads (သူကတော့ အကြွေစောသူမို့  တခါမှမတွေ့  ခဲ့ဘူးပါဘူး။) နောက်တစ်ယောက်ကတော့ Eddie Van Halen ပါ။ အက်ဒီ့ ကိုလည်း Dimebagက တွေ့ ဖို့ အခွင့်အရေးမရခဲ့ဘဲ သူဆုံးခါနီး လအနည်းငယ်အလိုကြမှ ဗင်ဟင်လန် ဖျော်ဖြေပွဲကို Dimebag တို့  ညီအစ်ကိုနှစ်ယောက် တကူးတကသွားပြီး နှုတ်ဆက်ဖြစ်ခဲ့တယ်။ အပြန်မှာ Dimebag က သူ့ အစ်ကို ကို “ဒီအချိန်ငါသေမယ်ဆိုရင် သေပျော်ပါပြီလို့ ” ပြောခဲ့ဘူးတယ်။ Dimebag ရဲ့  ဈာပနကို အက်ဒီဗင်ဟင်လန် ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုပြီး အခေါင်းထဲမှာ အက်ဒီ့ရဲ့  ဂစ်တာတစ်လုံး ထည့်ပေးလိုက်ပါတယ်။ သမိုင်းဝင်မှတ်တမ်း တွေပေါ့ဗျာ။
ချစ်ခြင်းအားဖြင့်
အောင်အောင်
အောင်အောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။