Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 1, 2014

နောက်ဆုံးသစ်ရွက်လေး


နောက်ဆုံးသစ်ရွက်လေး

ဟောင်းနွမ်းမည်းမှောင်ပြီး အောက်သိုးသိုးအနံ့ရတဲ့ AIDSလူနာဆောင်ရဲ့ အခန်းထောင့်တစ်နေရာမှာ ကိုသက်ပိုင်ကို ကျွန်မပထမဆုံးအကြိမ် တွေ့ခဲ့တယ်။

AIDS လူနာဆောင်..

ဟုတ်ပါတယ်... မဲနှိုက်မိမှာကို အလုပ်သင်ဆရာဝန်တွေ အင်မတန်ကြောက်တဲ့နေရာပါ။ ဆေးပညာကို နှစ်ရှည်ကြာဆည်းပူးခဲ့ကြတယ်ဆိုပေမယ့် HIV positiveရှိသူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ ဘာဆေးပညာကျင့်ဝတ်၊ ဘာ Hippocratic ကျမ်းကျိန်ချက်တွေကမှ AIDSကို မလွန်ဆန်နိုင်ခဲ့ကြပါဘူး။ AIDS လူနာဆောင်အတွက် မဲနှိုက်မိတဲ့ အလုပ်သင်ဆရာဝန်တိုင်းကို ကျန်ဆရာဝန်တွေက လက်ခုပ်တီးပြီး ဂုဏ်ပြုကြပါတယ်။ အကြောင်းက မဲတစ်မဲထပ်လျော့သွားလို့ဖြစ်တယ်။


"ဆရာဝန်ဆိုတာ လူနာတွေကို ကျောသားရင်သားမခွဲခြားရဘူး"ဆိုတဲ့စကားနဲ့ ကျွန်မကိုမဆုံးမပါနဲ့။ တကယ်လို့ ဆရာဝန်တိုင်း ဒီလိုလိုက်နာရစတမ်းဆိုရင် ဆေးပညာလောကမှာ နာမည်အရဆုံး၊ ရာထူးအမြင့်ဆုံး ဆရာဝန်တွေရဲ့အဆုံးအမကိုပဲ ကျွန်မခံပါရစေ။

ခုခံအားစနစ် ချွတ်ယွင်းနေတဲ့၊ ရောဂါအလွယ်တကူ ကူးစက်စေနိုင်တဲ့လူနာတွေကို ဘာဖြစ်လို့ လူနာဆောင်အသစ်ထဲ မပြောင်းရွေ့ဘဲ ဒီဟောင်းအိုပြီး အနံ့ဆိုးတွေနဲ့ နံ့စော်နေတဲ့ အဆောက်အဦးထဲ ဝှက်ထားရတာလဲ... တကယ်လို့ ဆရာဝန်တိုင်း လူနာတွေကို တန်းတူဆက်ဆံကြရမယ်ဆိုရင် AIDSလူနာဆောင်ကို VIPလူနာဆောင်ဘေးရွေ့ထားနိုင်မယ့် ဆေးရုံရှိသလား..

ကျွန်မကို အရင်ပြောပြပါ။ တကယ်လို့ မရှိဘူးဆိုရင် ဆရာဝန်တိုင်း လူနာတွေကို တန်းတူဆက်ဆံရမယ်ဆိုတဲ့ကျင့်ဝတ်တွေကို ခဏဘေးရွေ့ထားပါ။ ကျွန်မအတွက်ကတော့ Hippocratic Oath means always hypocritical... ပါပဲ။

ကျွန်မက အဲဒီလက်ခုပ်သံတွေနဲ့ ဂုဏ်ပြုခံလိုက်ရတဲ့ မဟာကံထူးရှင်ဖြစ်ခဲ့ပါတယ်။

AIDSလူနာခန်းထဲ ခြေလှမ်းစဝင်တာနဲ့ ကျွန်မစိတ် တထင့်ထင့်ဖြစ်နေခဲ့တယ်။ စာရွက်တစ်ရွက်၊ ဘောလ်ပင်တစ်ချောင်းမှာတောင် ရောဂါပိုးတွေပြန့်နှံ့နေတယ်လို့ ကျွန်မခံစားမိတယ်။ လွယ်လွယ်နဲ့ ရောဂါမကူးစက်နိုင်မှန်းသိတဲ့ သိစိတ်၊ မသိစိတ်ထဲက စိုးရိမ်စိတ်တွေနဲ့အတူ ကိုသက်ပိုင်ရဲ့ကုတင်ဘေး ကျွန်မရောက်လာခဲ့တယ်။ ကျွန်မတွေးထင်ထားတဲ့အတိုင်း ပိန်လှီ၊ ဖြူရော်၊ အားလျော့တဲ့ AIDSရုပ်သွင်နဲ့ ကိုသက်ပိုင်ကို တွေ့လိုက်တယ်။ သူ့မျက်လုံးအကြည့်တွေက အေးတိအေးစက်နဲ့ မျှော်လင့်ချက်မဲ့နေခဲ့တယ်။

အတွေ့အကြုံအရ ကျွန်မသိထားတာက လူနာဟာ ပိန်နိုင်တယ်၊ အားပျော့နိုင်တယ်။ ဒါပေမယ့် မျက်လုံးအကြည့်တွေထဲမှာ မျှော်လင့်ချက်မဲ့တဲ့ အရိပ်အယောင်ရှိပြီဆိုရင် သူဟာ အရာအားလုံးကို ဆုံးရှုံးခါနီးပါပြီတဲ့။

"မင်္ဂလာပါရှင်... ကျွန်မက ဒီ(၂)ပတ်အတွင်း ရှင့်ကိုတာဝန်ယူရမယ့် ဆရာဝန်ပါ။ လိုအပ်တာရှိရင် ကျွန်မကို အချိန်မရွေးရှာနိုင်ပါတယ်"

လျင်မြန်တဲ့ အမြန်ရထားအရှိန်နှုန်းနဲ့ အပြုံးကို မျက်နှာပေါ်ခဏထင်ဟပ်ရင်း ကျွန်မဆိုတယ်။ ဒါဟာ ကျွန်မရဲ့ ဆရာဝန်သက်တမ်းတစ်လျောက် AIDSလူနာနဲ့ ပထမဦးဆုံး စကားပြောတာပဲဖြစ်တယ်။ ကိုသက်ပိုင်ရဲ့တုန့်ပြန်မှုက ကျွန်မတွေးထင်ထားတဲ့အတိုင်း အေးတိအေးစက်နဲ့ အရာရာကို ဥပေက္ခာပြုထားတယ်။ ထုံးစံအတိုင်း စမ်းသပ်မှုတွေ၊ ကြည့်ရှုစစ်ဆေးမှုတွေ ကျွန်မလုပ်ခဲ့တယ်။

ဆရာဝန်နားနေဆောင် ပြန်ရောက်တဲ့အချိန် ကိုသက်ပိုင်ရဲ့ ဆေးမှတ်တမ်းစာအုပ်ထူထူကို ကျွန်မလှန်လျောကြည့်မိတယ်။ လူနာတစ်ဦးတိုင်းရဲ့ ဆေးမှတ်တမ်းကို အသေးစိတ်ဖတ်ဖို့ လုပ်နေကျအတိုင်း ပထမဆုံးစာမျက်နှာကို ကျွန်မစလှန်လိုက်တယ်။

"ကိုသက်ပိုင်ရဲ့ ဆေးမှတ်တမ်း ကြည့်မလို့လား၊ ဒီလောက်စာအုပ်အထူကြီးကို ဘယ်အချိန်ထိကြည့်မလို့လဲ"

လုပ်ဖော်ကိုင်ဖက် နပ်စ်မတစ်ဦးက ကျွန်မကို လှမ်းမေးတယ်။

နပ်စ်ရဲ့အမေးကို ကျွန်မဖြေအံ့လုလုမှာ ခေတ်မီမီ လှလှပပ၊ ကျော့ကျော့ရှင်းရှင်းပြင်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး အခန်းထဲလှမ်းဝင်လာတယ်။ သူဟာ အခန်းထဲဝင်လာတယ်ဆိုရင်ပဲ အခန်းထဲမှာရှိတဲ့နပ်စ်တွေကို တရင်းတနှီး လိုက်နှုတ်ဆက်တယ်။ ပြီးတော့ ကျွန်မဘက်လှည့်ပြီး အပြုံးနဲ့....

"ဆရာမက ကျွန်မအမျိုးသားကိုပြုစုစောင့်ရှောက်တဲ့ ဆရာဝန်လား။ ကျွန်မအမျိုးသားက ဆရာမကို ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်တယ်။ ဆရာမ ဆေးထိုးတာ (အကြောဆေးသွင်းတာ) ကျွမ်းတယ်တဲ့။ တစ်ချက်ထဲနဲ့ထိုးနိုင်ပြီး မနာဘူးတဲ့..."

သူ့အမျိုးသားဆိုတာ လူနာအများကြီးထဲက ဘယ်လူနာကိုညွှန်းနေမှန်း ကျွန်မ မသိလိုက်ပါဘူး။ ဒါပေမယ့် တုန့်ပြန်တဲ့အပြုံးတစ်ပွင့် ကျွန်မမျက်နှာပေါ်ထင်ဟပ်သွားတယ်။

"သူ ဘယ်သူလဲဆိုတာ ဆရာမ မသိဘူးလား"

နပ်စ်က တအံ့တသြနဲ့ ကျွန်မကိုပြန်မေးတယ်။

"အခု ဆရာမကိုင်ထားတဲ့ ဆေးမှတ်တမ်းပိုင်ရှင် ကိုသက်ပိုင်ရဲ့ဇနီးလေ။ လှတယ် မဟုတ်လား၊ စိတ်ထားလည်း ကောင်းတယ်။ ကျွန်မတို့ကို ယဉ်ယဉ်ကျေးကျေး၊ ပျူပျူငှါငှါ ဆက်ဆံတယ်..."

နပ်စ်ရဲ့စကားက ကျွန်မကို ထူးဆန်းအံ့သြစေခဲ့တယ်။ အဲဒီအံ့သြချက်ကို နပ်စ်သိသွားပုံရတယ်။

"တချို့ AIDSလူနာရှင်တွေက လူနာကို ဆေးရုံမှာ ဒီအတိုင်းပစ်ထားကြတယ်။ ဘာမှလည်း လာမေး၊ လာကြည့်တာမရှိဘူး။ တစ်ခါတလေ လာကြည့်တော့လည်း ရောဂါကူးမှာစိုးလို့တဲ့ အဝေးကနေပဲကြည့်ပြီး ပြန်သွားရော။ လောကမှာ AIDSရောဂါရှိတဲ့ ကိုယ့်ယောက်ျားကို နေ့နေ့ညည ကောင်းကောင်းမွန်မွန် ပြုစုတာဆိုလို့ ကိုသက်ပိုင်ရဲ့ဇနီး မငုဝါပဲရှိမယ်ထင်ပါတယ်"

နပ်စ်ရဲ့အပြောကို ကျွန်မတစ်ဖက်က ခေါင်းညိတ်ရင်း တစ်ဖက်က ဆေးမှတ်တမ်းရဲ့ ပထမစာမျက်နှာကို ကြည့်နေမိတယ်။

"IV Drug abuse" (အကြောဆေးသွင်းခြင်း)

စာမျက်နှာပေါ်က ဒီစာလုံးတွေကိုတွေ့လိုက်တာနဲ့ အကြောင်းရင်းကို ကျွန်မ အနည်းအကျဉ်း သဘောပေါက်လိုက်မိတယ်။

"အကြောထဲဆေးသွင်းရင်း ကူးစက်ခံထားရတာလား"

သိပ်မသေချာတဲ့အတွေးတချို့ကြောင့် တစ်နှစ်ပတ်လုံးရဲ့ အကောင်းဆုံး အပေးဆပ်ဆုံးဆုကိုရထားတဲ့ အခုနားကနပ်စ်ကို ကျွန်မမေးလိုက်မိတယ်။

"အင်း.. ကောင်းပြီ.. ကောင်းပြီ.. အဲဒီ မှတ်တမ်းစာအုပ်ထူထူကြီးနဲ့ ဆရာမရဲ့ အချိန်တွေကို အကုန်မခံပါနဲ့..အကြောင်းစုံကို ကျွန်မပြောပြလိုက်တာက ပိုမြန်ဦးမယ်"

အဲဒီလိုနဲ့.... ကျွန်မဘဝရဲ့ ပထမဦးဆုံး AIDSလူနာအကြောင်းကို နာရီဝက်လုံးလုံး ကျွန်မစိတ်ဝင်တစား နားထောင်ခဲ့မိတယ်။ အဲဒီအကြောင်းတွေက ကိုသက်ပိုင်ရဲ့ ဘဝပဲဖြစ်ခဲ့ပါတယ်။

တကယ်တော့ ကိုသက်ပိုင်ဟာ အရာရာဗလာနတ္တိနဲ့ ဘဝစခဲ့တဲ့ လုပ်ရဲကိုင်ရဲရှိတဲ့လူငယ်တစ်ဦးဖြစ်တယ်။ အောက်ခြေသိမ်း သေးသေးမွှားမွှားအလုပ်ကစ ကားအရောင်းအဝယ် လုပ်ငန်းအထိ နှစ်တိုတိုအတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်နိုင်ခဲ့သူဖြစ်တယ်။ လုပ်ရဲကိုင်ရဲပြီး စီးပွားရေးအကွက် ကြိုမြင်တတ်တဲ့ ကိုသက်ပိုင်ဟာ လုပ်ငန်းတွေတိုးချဲ့နဲ့ စီးပွားရေးလောကမှာ နေရာတစ်ခုကို အချိန်တိုအတွင်းမှာ ရခဲ့ပါတယ်။ အရပ်မြင့်မြင့်နဲ့ ရုပ်ရည်ခန့်ညားတဲ့ ကိုသက်ပိုင်ဟာ စီးပွားရေးလောကမှာသာမက၊ လူမှုရေးနယ်ပယ်မှာလဲ စန်းပွင့်ခဲ့သူဖြစ်တယ်။

အရာရာပြည့်စုံလာတဲ့ ကိုသက်ပိုင်ဟာ ဆင်းရဲကြပ်တည်းတုန်းက အတူပေါင်းဖော်လာခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း မေ့မထားတတ်သူပါ။ ဒုက္ခရောက်သူတွေ လက်ဝါးဖြန့်တိုင်း ကူညီဖို့ သူအသင့်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် လှပတဲ့အရာတွေက တာရှည်မတည်မြဲခဲ့ပါဘူး။ ဆပ်ပြာပူဖောင်းစီးပွားရေးနဲ့အတူ သူ့လုပ်ငန်းတချို့ တစ်နေ့တခြား လည်ပတ်ဖို့ ခက်ခဲလာခဲ့တယ်။ လုပ်ငန်းတချို့ အခက်အခဲနဲ့ ရင်ဆိုင်လာခဲ့ရတယ်။

သူငယ်ချင်းမိတ်ဆွေတွေရဲ့ အကူအညီကို လိုအပ်လာချိန်မှာ သူပေးကမ်းခဲ့ဖူးတဲ့ မိတ်ဆွေတချို့က ရှောင်ဖယ်ဖယ်လုပ်လာခဲ့ပါတယ်။ မတတ်နိုင်တဲ့အဆုံးမှာ မြေအောက်ငွေချေးငှားသူတွေဆီ ကိုသက်ပိုင် ငွေတချို့ချေးငှားခဲ့ရတယ်။ မြေအောက်ငွေချေးသူတွေရဲ့ ကြီးမားလှတဲ့အတိုးတွေကြောင့် သူအသက်ရှုရ ပိုကျပ်လာခဲ့တယ်။ နောက်ဆုံးမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ လျစ်လျူရှူမှု၊ မြေအောက်ငွေချေးရဲ့အတိုးတွေနဲ့ သူ့လုပ်ငန်း လုံးဝလဲပြိုသွားခဲ့ရတယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး မိတ်ဆွေသူငယ်ချင်းတွေရဲ့ သစ္စာမရှိမှုနဲ့ အေးစက်စက် လူ့ဆက်ဆံမှုတွေကို စတင်ခံစားမိတဲ့ ကိုသက်ပိုင်ဟာ အရာရာကို လက်မြှောက်အရှုံးပေးလိုက်မိတယ်။ အဲဒီနောက် သိပ်မကြာပါဘူး.. မြေအောက်ငွေချေးသူတွေနဲ့ စနက်ကြောင့် သူဆေးစွဲခဲ့တော့တယ်။

မငုဝါက ဒီိလိုအခြေအနေမျိုးမှာ ကိုသက်ပိုင်နဲ့ သိခဲ့တာဖြစ်တယ်။ ကိုသက်ပိုင်ရဲ့ဘဝမှာ မငုဝါဟာ နတ်သမီးတစ်ပါးဆိုရင် မမှားပါဘူး။ မငုဝါနဲ့ စသိစမှာ ကိုသက်ပိုင်ဟာ အရာရာကို အရှုံးပေးပီး မျှော်လင့်ချက်မဲ့နေသူပါ။ ဒါကို မငုဝါသိခဲ့တယ်။ ကိုသက်ပိုင်ရဲ့ ရင်ထဲက ထိရှခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို မငုဝါ နားလည်ခဲ့တယ်။ ကိုသက်ပိုင်မှာ ဖြူစင်ရိုးသားတဲ့ နှလုံးသားတစ်စုံရှိမှန်း မငုဝါသိခဲ့တယ်။ နတ်သမီးတစ်ပါးလိုပဲ ကိုသက်ပိုင်ရဲ့ ထိခိုက်ဒဏ်ရာရတဲ့ ရင်အစုံကို မငုဝါကုစားပေးခဲ့တယ်။ အသစ်တစ်ဖန် ထရပ်နိုင်ဖို့ ကိုသက်ပိုင်ရဲ့ ဘဝမျှော်လင့်ချက်မီးအိမ်ကို မငုဝါ ထွန်းညှိခဲ့တယ်။ မငုဝါရဲ့ထောက်ခံအားပေးမှုအောက်မှာ ကိုသက်ပိုင် အသစ်တစ်ဖန် ထရပ်နိုင်ခဲ့ပါတယ်။ ဗလာနတ္တိနဲ့ အသစ်က ပြန်စနိုင်ခဲ့တယ်။

မှည်းမှောင်နေတဲ့ သူ့ဘဝကို နေရောင်ခြည်အသစ်တွေနဲ့ ပက်ဖြန်းပေးတဲ့ မငုဝါကို ကိုသက်ပိုင် အရူးအမူး ချစ်သွားခဲ့မိတယ်ဆိုတာကိုတော့ ပြောစရာလိုမယ် မထင်ပါဘူးနော်။ ကိုသက်ပိုင်ရဲ့အချစ်ကို မငုဝါ မငြင်းဆန်ခဲ့ပါဘူး။ ဒါပေမယ့် မင်္ဂလာမဆောင်ခင် ဆေးဖြတ်ပေးဖို့တစ်ခုတော့ တောင်းဆိုခဲ့ပါတယ်။

အချစ်ရဲ့တန်ခိုးက အဲဒီလောက်ပဲ ဆန်းကြယ်ခဲ့ပါတယ်။ မငုဝါရဲ့တောင်းဆိုချက်ကို ကိုသက်ပိုင် ချက်ချင်းလုပ်နိုင်ခဲ့တယ်။ အချိန်တိုတို (၃)ပတ်အတွင်းမှာ နှစ်ရှည်ကြာစွဲလမ်းခဲ့တဲ့ဆေးကို ကိုသက်ပိုင် လုံးဝဖြတ်နိုင်ခဲ့တယ်။ အချစ်ရဲ့နူးညံ့မှုအောက်မှာ ပျော်ဝင်ရင်း၊ အသစ်တစ်ဖန်ပြစတဲ့ ဘဝမှာ ပျော်ပိုက်ရင်း ကိုသက်ပိုင်ရဲ့ မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့တယ်။ ဦးတည်ရာပန်းတိုင်ကို သူရှာတွေ့ခဲ့ပါတယ်။

အနာဂတ်ကို မျှော်လင့်ချက်အပြည့်နဲ့ ကိုသက်ပိုင်မျှော်မှန်းခဲ့တယ်။ နေ့နေ့ညည အလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်းနဲ့ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ပါ တည်ထောင်လာနိုင်ခဲ့တယ်။ ဒီလိုအခြေအနေမှာ ကိုသက်ပိုင်ရဲ့ လက်ထပ်ခွင့်ကို မငုဝါလက်ခံခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဘဝလမ်းအတွက် ဖေးမမယ့်အဖော်မွန်အဖြစ် ကိုသက်ပိုင်ကို သူရွေးချယ်လိုက်တယ်။ ကိုသက်ပိုင်ရဲ့အကြည့်မှာ လောကကြီးရဲ့ အရာအားလုံးဟာ လှပလို့နေပြန်တယ်။

မင်္ဂလာဆောင်ဖို့ အရာရာ ပြင်ဆင်ပြီးချိန်မှာ မင်္ဂလာမဆောင်မီ ဆေးစစ်ချက်က ကိုသက်ပိုင်မှာ HIV positive ရှိနေကြောင်း ဆိုပါတယ်။ ဒါဟာ ကိုသက်ပိုင်နဲ့ မငုဝါကို ဘယ်လောက်ထိ ချောက်ချားတုန်လှုပ်စေမယ်ဆိုတာ မပြောလည်းသိနိုင်ပါတယ်။ ဘဝမှာ လှလှပပပွင့်လန်းလာမယ့် ပန်းတစ်ပွင့်ဟာ အမြစ်ကနေ အနုတ်ခံလိုက်ရသလိုပါပဲ....

ဒါပေမယ့် ကိုသက်ပိုင်ကို အေးဆေးတည်ငြိမ်တဲ့အသံနဲ့ မငုဝါ စကားတစ်ခွန်းဆိုခဲ့တယ်။

"ကိစ္စမရှိပါဘူး.. ရှင့်အနားမှာ ကျွန်မရှိနေမှာပါ"

မိတ်ဆွေသူငယ်ချင်းတွေကို အဖြစ်မှန်တိမ်ချန်ပြီး မင်္ဂလာအစီအစဉ်အတိုင်း ကိုသက်ပိုင်ကို မငုဝါလက်ထပ်ခဲ့ပါတယ်။

လက်ထပ်ပြီး သိပ်မကြာခင် ကိုသက်ပိုင် ရောဂါဖောက်လာပြီး ဆေးရုံတက်ခဲ့ရတယ်။ AIDSလူနာဆောင်ကို အကြိမ်ကြိမ် အဖန်ဖန် ဝင်ထွက်ကုသခဲ့ပေမယ့် ကိုသက်ပိုင် တစ်နေ့တခြား ပိန်လှီပြီး ခွန်အားတွေ ယုတ်လျော့လာခဲ့တယ်။ ဒါပေမယ့် တတ်နိုင်တဲ့အင်အားနဲ့ ကိုသက်ပိုင် အလုပ်တွေကိုတော့ ကြိုးစားလုပ်ကိုင်ခဲ့သေးတယ်။ ကျန်ရှိနေတဲ့စက္ကန့်တိုင်းမှာ မငုဝါနဲ့အတူ တည်ထောင်ခဲ့တဲ့ အိမ်လေးကို ခိုင်ခိုင်မာမာဖြစ်ဖို့ သူအတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။

ဒီတစ်ခေါက် ဆေးရုံတက်တော့ ကိုသက်ပိုင်ရဲ့အခြေအနေက အရင်ကထက် ပိုဆိုးနေခဲ့တယ်။ ဆေးရုံဆင်းရဖို့ အခွင့်အရေး သူ့ဆီမှာ ရှိနိုင်မရှိနိုင်ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ဘူး။ မိဘနဲ့ ဆွေမျိုးသားချင်းတွေကိုတော့ ကိုသက်ပိုင်မှာ အဆုတ်ရောဂါရှိကြောင်းပဲ မငုဝါ ပြောပြထားတယ်။ ဒါတောင် ယောက္ခမဘက်က ဆွေမျိုးသားချင်းတွေက မငုဝါကိုယူလို့ ခိုက်တာပါလို့ အပြစ်ဆိုကြတယ်။ သန်မာထွားကျိုင်းတဲ့လူတစ်ယောက်က နေ့ချင်းညချင်း ဘယ်ကဘယ်လို အဆုတ်ရောဂါရနိုင်မလဲလို့လည်း ဆိုကြတယ်။ ဒါတွေကို မငုဝါ ဂရုမစိုက်ခဲ့ပါဘူး။ အိမ်တာဝန်၊ ဆိုင်တာဝန်၊ လင်ယောက်ျားကို ပြုစုတဲ့တာဝန်တွေကို သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့ပါတယ်။

"ဒါနဲ့ နေပါဦး...."

နပ်စ်မရဲ့စကားကို ကျွန်မကြားဖြတ် မေးလိုက်တယ်။

"မငုဝါကြည့်ရတာ စိတ်မကောင်းတဲ့ပုံလည်း တစ်စက်မှ မပေါ်ပါလား"

"ဘယ်သူ စိတ်မကောင်း မဖြစ်မှာလဲ" ကျွန်မရဲ့အမေးကို နပ်စ်က မျက်လုံးပြူးပြီး ပြန်ဖြေတယ်။

"ကိုသက်ပိုင် အိပ်ပျော်သွားတဲ့အချိန် ညသန်းခေါင်လောက်မှ နပ်စ်ဆောင်ထဲ မငုဝါ လာလာငိုတတ်တယ်။ ကိုသက်ပိုင်အတွက် ဒီလောက်ကြီးလေးတဲ့တာဝန်တွေ သူထမ်းထားရပေမယ့် သူ့ကြောင့် ကိုသက်ပိုင် ပြောင်းလဲခဲ့တယ်၊ သူ့ကြောင့် လဲနေရာက ကိုသက်ပိုင် ပြန်ထရပ်ခဲ့တယ်။ သူ့အတွက်နဲ့ ဘဝကို အသစ်တစ်ဖန် ပြန်စခဲ့တယ်။ ဆေးစွဲပြီး အကြောဆေးသွင်းလို့ ကိုသက်ပိုင် AIDSကူးခံခဲ့ရတယ်ဆိုလည်း ရောဂါရှိမှန်းမသိခင်က သူ့အတွက်၊ သူတို့ရဲ့အချစ်အတွက်နဲ့ ကိုသက်ပိုင်ဆေးဖြတ်ပေးခဲ့တာတင် သူ့အတွက်လုံလောက်ပါပြီလို့ မငုဝါပြောပါတယ်"

နပ်စ်ရဲ့အပြောကို ကျွန်မဘာပြန်ပြောရမှန်းမသိ ကြောင်အနေခဲ့တယ်။ ကိုသက်ပိုင်ရဲ့ ကျန်ရှိနေတဲ့ အချိန်တစ်မိနစ်၊ တစ်စက္ကန့်အတွက် မငုဝါက နွေမနက်ခင်းရဲ့ နေရောင်ခြည်လို ကိုသက်ပိုင်ကိုနွေးထွေးစေခဲ့ပြီး အေးစက်တဲ့ဆောင်းညတွေလို ဆင်းရဲဒုက္ခနဲ့ အထီးကျန်ခြင်းတွေကို တစ်ယောက်တည်း ကျိတ်ခံမယ်ဆိုကြောင်းကိုတော့ ပြောပြစရာလိုလိမ့်မယ် မထင်ပါဘူး။

"လုံလောက်ပါပြီ....."ဆိုတဲ့ စကားလုံးဟာ လေးလုံးတည်းဆိုပေမယ့် နက်နဲထဲအဓိပ္ပာယ်များစွာကို ဖော်ဆောင်နေခဲ့ပါတယ်။

အဲဒီနေ့ကစ လူနာတွေကို ကြည့်ရှုစစ်ဆေးတဲ့အချိန်ရောက်တိုင်း ကိုသက်ပိုင်ကို ကျွန်မတစ်ချက်လောက်တော့ စောင်းငဲ့ကြည့်မိတတ်တယ်။ ပိုဂရုစိုက်တဲ့အကြည့်လို့ မဆိုနိုင်ပေမယ့် သူတို့အချင်းချင်းပေးဆပ်ခဲ့တဲ့ အရာရာတိုင်းအတွက်၊ တွေ့ကြုံခံစားခဲ့တာတွေအတွက် လေးစားတဲ့အကြည့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သလို ကိုသက်ပိုင်ရဲ့ အခြေအနေလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့တယ်။ ကိုသက်ပိုင်ကို ကျွန်မသွားကြည့်ရှုစစ်ဆေးရတဲ့ အချိန်ဟာလည်း ပိုပိုစိပ်လာခဲ့တယ်။ အကြောဆေးတွေ အခါခါထိုးသွင်းခဲ့ရလို့ ကိုသက်ပိုင်ရဲ့ ခြေထောက်၊ လက်တွေမှာ နောက်ထပ်ထိုးသွင်းဖို့ အပ်ဖျားရာတောင် ရှာမတွေ့ခဲ့တော့ပါဘူး။ အကြောဆေးထိုးတိုင်း သူ့တစ်ကိုယ်လုံး နေရာအနှံ့ အကြောတွေလိုက်ရှာနေခဲ့ရတယ်။

တစ်ညနေမှာ နာရီဝက်ကြာတဲ့အထိ ကျွန်မကြိုးစားပမ်းစားရှာခဲ့ပေမယ့် ကိုသက်ပိုင်ရဲ့ကိုယ်ပေါ်မှာ ဆေးထိုးဖို့ အကြောလုံးဝ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီအချိန်မှာ အေးဆေးတည်ငြိမ်တဲ့အသံနဲ့ ကိုသက်ပိုင် ကျွန်မကို ရုတ်တရက်စကားစပြောပါတယ်။

"ဆရာမ... မရှာပါနဲ့တော့။ ကျွန်တော် ဆေးထပ်မထိုးချင်တော့ဘူး"

တအံ့တသြနဲ့ ကျွန်မ ခေါင်းမော့ကြည့်လိုက်မိတယ်။ အေးစက်စက် သူ့မျက်လုံးနဲ့ ပိန်ပြီးချိမ့်ဝင်သွားတဲ့ ပါးနှစ်ဖက်ကို ကျွန်မတွေ့လိုက်တယ်။

"ဘာဖြစ်လို့လဲ..." ပါးစပ်က အလိုလိုနေရင်း ကျွန်မမေးခွန်းထုတ်ပြီးသား ဖြစ်သွားတယ်။

"နောက်အပတ်မှာ ကျွန်တော်သေနိုင်လား ဆရာမ"

သက်ပြင်းရှည်တစ်ချက်ဆွဲချရင်း ကိုသက်ပိုင်က ကျွန်မကို ပြန်မေးတယ်။ ရုတ်တရက် ကျွန်မကြောင်သွားမိတယ်။ သူ့အမေးကို ဘယ်လို ပြန်ဖြေရမှန်း မသိခဲ့ဘူး။

"တကယ်ဆို ကျွန်တော်အရမ်း အရမ်းမုန်းမိတယ်။ ဘာဖြစ်လို့ အစက ဆေးစွဲခဲ့ရသလဲ၊ ဘာဖြစ်လို့ စိတ်ဓာတ်ကျခဲ့ရသလဲလို့ ကိုယ့်ကိုယ်ကိုအရမ်းမုန်းမိတယ်။ ကိုယ်ချစ်တဲ့ ဇနီးမယားကို ဘာကြောင့်ဆင်းရဲဒုက္ခတွေ ခံစားစေရသလဲဆိုပြီး ကျွန်တော့်ကိုယ် ကျွန်တော်မုန်းမိတယ်။ တခြားသူကို ဒုက္ခမပေးတော့ဘဲ ဘာဖြစ်လို့ မြန်မြန်မသေသလဲလို့ ကိုယ့်ကိုယ်ကို မုန်းမိပါတယ်..."

ပြတင်းပေါက်အပြင်က ပြာလဲ့လဲ့ကောင်းကင်ကိုကြည့်ရင်း ကိုသက်ပိုင်ပြောပါတယ်။

နှစ်သိမ့်အားပေးတဲ့စကားတွေကို ကျွန်မဟန်ဆောင်ပန်ဆောင် မဆိုချင်ပါဘူး။ သူမကြာခင်သေမယ်ဆိုတာကို ကျွန်မရော သူရောသိထားလို့ဖြစ်တယ်။ နှစ်သိမ့်စကား ကျွန်မ မပြောချင်တဲ့ နောက်အကြောင်းရင်းတစ်ခုက တကယ်လို့ ကျွန်မဟာ ကိုသက်ပိုင်ဖြစ်ခဲ့ရင် ကျွန်မလည်း ကိုယ်ချစ်တဲ့ချစ်သူကို ဆင်းရဲဒုက္ခတွေနဲ့ ကြီးလေးတဲ့တာဝန်တွေကို မထမ်းထားစေချင်ခဲ့ဘူး။ ကျွန်မလည်း သူပြောသလို ပြောဖြစ်မှာပဲ.. သူမုန်းသလို ကျွန်မကိုယ်ကျွန်မ မုန်းမိမှာပါပဲ...

အဲဒီနေ့ကစ ကုသမှုအားလုံးကို ကိုသက်ပိုင် စငြင်းဆန်တော့တယ်။ အစာလည်း မစားတော့ဘူး။ မငုဝါဘယ်လိုပဲပြောပြော အရာအားလုံးကို သူအေးစက်စက် ငြင်းဆန်ခဲ့တယ်။ နောက်ဆုံးမှာ မငုဝါ ငိုငိုယိုယိုနဲ့ ကျွန်မတို့ကို စစ်ကူလာတောင်းပါတယ်။

"ဆရာမပဲ သွားလိုက်တာ ပိုကောင်းမယ်ထင်တယ်။ ကိုသက်ပိုင်ကြည့်ရတာ ဆရာမစကားကို ပိုနားဝင်သလိုပဲ"

နပ်စ်မတစ်ယောက်က ကျွန်မပုခုံးပုတ်ပြီး ပြောတယ်။

"ကျွန်မသွားရမယ်...."

တကယ်လို့ သူသာလူနာဖြစ်ခဲ့ရင်လည်း ဒီလိုဆုံးဖြတ်ချက်မျိုးချလိမ့်မယ့်ဆရာဝန်တစ်ဦးဟာ ဟန်ဆောင်စကားတွေနဲ့ လူနာကိုနှစ်သိမ့်ပြီး ရောဂါဝေဒနာကို ဆက်လက်ခံစားစေမလား၊ ဆရာဝန်ဆိုတာ စိတ်ရောကိုယ်ပါ ရောဂါဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ကို အသက်ဆက်ရှင်ရဲဖို့ သတ္တိတွေ ထည့်ပေးသင့်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်ကိုင်ထားမလား...

ကိုသက်ပိုင်ရဲ့အခန်းဆီသွားနေတဲ့ မိနစ်တိုတိုအတွင်းမှာ ကျွန်မကြိုးစားပြီး မေးခွန်းတွေထုတ်နေမိတယ်။

"ကိုသက်ပိုင် အစာလည်းမစား၊ ဆေးလည်းမသောက်၊ ဆေးလည်း အထိုးမခံဘူးဆို..."

ကုတင်ဘေးရောက်တာနဲ့ ကုလားထိုင်တစ်လုံးကိုဆွဲထိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကျွန်မစကားစတယ်။

ကိုသက်ပိုင် ခေါင်းတစ်ချက် စောင်းငဲ့ကြည့်တယ်။ ပြတင်းပေါက်အပြင်ဘက် အောက်တိုဘာရဲ့ညခင်းနေက နေရာအနှံ့ နွေးနွေးထွေးထွေး ဖြန့်ခင်းထားတယ်။ သစ်ကိုင်းပေါ်က စာကလေးတွေ စို့စီစို့စီအော်မြည်နေတယ်။

"သူတို့က ကိုသက်ပိုင်ကို ဖျောင်းဖျဖို့ ကျွန်မကိုလွှတ်လိုက်တာပါ။ ကျွန်မစကားကို ကိုသက်ပိုင် ပိုနားဝင်လို့ပါတဲ့..."

ကျွန်မပြောစကားကို ကိုသက်ပိုင် ကြားပုံမရပါဘူး။ စကားတစ်ခွန်းမှမပြောဘဲ ပြတင်းပေါက်အပြင်ဘက်ကိုပဲ သူငေးကြည့်နေပါတယ်။

"ဒီလိုဖျောင်းဖျရတာ ကျွန်မအားနာသလိုပဲ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသာ ကိုသက်ပိုင်ဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပဲ..."

ဒီအချိန်ကျမှ ကိုသက်ပိုင်ဟာ မျက်လုံးအပြူးသားနဲ့ ကျွန်မကို လှည့်ကြည့်တယ်။ ပါးစပ်ကလည်း "ဘာဖြစ်လို့လဲ.." လို့ မေးတယ်။

"တကယ်တမ်းပြောရရင် ကိုသက်ပိုင်တို့လင်မယားကို ကျွန်မအရမ်းအားကျမိတယ်။ လူ့ဘဝတစ်သက်မှာ ကိုယ်ဘက်က အရာရာကိုပေးဆပ်ချင်တဲ့ အဖော်မွန်၊ သစ္စာရှိရှိနဲ့ အရာရာပေးဆပ်ချင်ခဲ့တဲ့အဖော်မွန်နဲ့ ဆုံတွေ့ရတာဟာ လူတိုင်းကို အားကျစေတာပဲလေ"

ကိုသက်ပိုင်ကို ကျွန်မစိတ်လိုလက်ရ ပြောနေမိတယ်။ ဘာကြောင့်မှန်းမသိ ဒီလိုပြောနေချိန်မှာ ကျွန်မစကားတွေ ထစ်အနေမိတယ်။ စိတ်ထဲမှာလည်း ဟာတာတာဖြစ်နေမိတယ်။

ကျွန်မရဲ့မသိစိတ်က ကျွန်မကို မေးခွန်းတွေထုတ်နေမိတယ်။

"ဟုတ်လို့လား.. သေမင်းနဲ့ ရင်ဆိုင်ရတော့မယ့်လူတစ်ယောက်ကို ပေးဆပ်ခဲ့ဖူး၊ ချစ်ခဲ့ဖူးရင်လုံလောက်ပြီဆိုတဲ့ စကားနဲ့နှစ်သိမ့်ရုံနဲ့ရနိုင်မလား။ တကယ်လို့ မရနိုင်ဘူးဆိုရင် ဘာအရည်အချင်းနဲ့ နင်ကဒီမှာလာထိုင်ပြီး ဒီလိုစကားတွေနဲ့ ဖျောင်းဖျနေရသေးလဲ...."

မသိစိတ်ရဲ့အမေးကြောင့် ကျွန်မ ဘာဆက်ပြောရမှန်းမသိ အကြာကြီးနှုတ်ဆိတ်နေမိတယ်။ အခန်းလေထုထဲမှာ ဆေးနံ့တချို့နဲ့ နေမသိ၊ ထိုင်မသာတဲ့ခံစားမှုတချို့ လွှင့်ပျံနေတယ်။

"တကယ်တော့....ကျွန်မဟာ ဆရာဝန်တစ်ယောက်ဆိုတာကို ကျွန်မသိတယ်။ သေတဲ့အကြောင်းကို လူနာနဲ့ပြောဆိုခွင့်မရှိမှန်းလည်း သိတယ်။ ဒါပေမယ့် ကျွန်မကို ရှင်ဘယ်လိုပဲ ထင်ပါစေ။ ကျွန်မကို "သေရမယ့်လူက မင်းမှမဟုတ်တာ" လို့ပဲ ပြန်ပြောပြော.. ရှင့်ကို ကျွန်မသိထားစေချင်တာက ရှင့်မှာ AIDSရောဂါရှိတိုင်း လူတွေက ရှင့်ကိုအထင်သေးမသွားဘူး။ လျစ်လျူရှူ မသွားဘူးဆိုတာပါပဲ။ AIDSရောဂါရှိသူတိုင်းဟာ လိင်တူချင်းဆက်ဆံလို့ ဒါမှမဟုတ် ဆေးသမားတွေလို့လည်း မထင်ကြဘူး။ တကယ်လို့ လောကမှာ မဟုတ်တာလုပ်တဲ့လူတိုင်း ရောဂါဆိုးရရမယ်ဆိုရင် အဂတိလိုက်စားတဲ့၊ မသမာသူတွေ ရောဂါဆိုးရပြီး ပုံအောသေကြလောက်ပြီပေါ့။ မဟုတ်ဘူးလား..."

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရင်း စကားတွေကို ကျွန်မတောက်လျှောက် ပြောချလိုက်တယ်။ မထင်မှတ်ဘဲ ရုတ်တရက်ပြောချလိုက်တဲ့ ကျွန်မစကားတွေကြောင့် ကိုသက်ပိုင် ကျွန်မကို စူးစူးစိုက်စိုက် ပြန်ကြည့်တယ်။ ပြီးတော့ တစ်ချက်ရယ်လိုက်တယ်။ ရှားရှားပါးပါး သူ့ရဲ့ အရယ်လေးတစ်ချက်ပါ။

"ရှင်တို့ ဇနီးမောင်နှံနှစ်ယောက်ကို မြင်သူတိုင်း အားကျတယ်ဆိုတာက ကျွန်မတကယ်ကိုပြောတာပါ။ ရှင်ဆေးမသောက်၊ ဆေးမထိုးတာဟာ ရှင့်ကိုယ်ရှင် မြန်မြန်သေစေမှန်း ကျွန်မလည်းသိတယ်။ ရှင့်ဇနီးကို ဒုက္ခဆက်မခံစေချင်လို့ မဟုတ်လား"

ကျွန်မအပြောကို ကိုသက်ပိုင် ခေါင်းညိတ်ပြတယ်။

"ရှင်သေမယ်ဆိုတယ် ရှင့်ကိုယ်ရှင်အသိဆုံးလို့ ကျွန်မထင်တယ်။ ရှင်ကြာကြာမနေရတော့မှန်း ရှင်ကိုယ်ရှင်လည်း သိတယ်။ ကျွန်မလည်း တစ်နေ့နေ့မှာ သေမှာပါပဲ။ ရှင့်ထက် (၁ဝ)နှစ်လောက် ပိုနေရတာကလွဲလို့ ကျွန်မလည်း တစ်နေ့သေရမှာပဲ။ ရှင့်အသက်ဆက်ရှင်ဖို့ ကြိုးစားပါလို့ ကျွန်မ မဖျောင်းဖျချင်ဘူး။ ရှင့်အသက်ဆက်ရှင်မလား၊ သေမလားဆိုတဲ့ ဆုံးဖြတ်ချက်က ရှင်လက်ထဲမှာပဲရှိတယ်။ ဒါပေမယ့် လောကမှာ အသက်တစ်ရက်ဆက်ရှင်နိုင်ရင် အဲဒီတစ်ရက်ကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်ကျော်ကြမယ် မဟုတ်လား၊ ပြတင်းပေါက်အပြင်က သစ်ပင်ပေါ်မှာ နောက်ဆုံးတစ်ရွက်ပဲကျန်ခဲ့တဲ့ သစ်ရွက်လေးဟာ ကြွေလုဆဲဆဲမှာတောင် လှပနိုင်ခဲ့သေးတယ် မဟုတ်လား"

ကိုသက်ပိုင်ကိုကြည့်ရင်း ကျွန်မမျက်တောင်တွေ တဖျတ်ဖျတ်ခပ်နေမိတယ်။ ပြောစရာတွေပြောပြီး သူ့အခန်းထဲကနေ ကျွန်မလှမ်းထွက်လာခဲ့တယ်။

နောက်တစ်ရက်မှာ ကိုသက်ပိုင်တစ်ယောက် ညသန်းခေါင်ထပြီး အစာတောင်းစားတဲ့အကြောင်း၊ တာဝန်ကျဆရာမကိုဆေးထိုးပေးဖို့ တောင်းဆိုတဲ့အကြောင်း နပ်စ်ကတဆင့် ကျွန်မကြားလိုက်ရတယ်။

ကျွန်မပြုံးမိပါတယ်။ အသက်တစ်ရက်ဆက်ရှင်နိုင်မယ့် အကြောင်းတရားကို ကိုသက်ပိုင်တစ်ယောက် တွေ့ရှိသွားပြီထင်ပါတယ်။

သိပ်မကြာပါဘူး... AIDSလူနာဆောင်မှာ ကျွန်မရဲ့ အလုပ်သင်ချိန် ပြီးဆုံးသွားပါတယ်။ တခြားလူနာဆောင်တွေဘက် ကျွန်မပြောင်းရွေ့ပြီး အလုပ်သင်တာဝန်တွေကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။ AIDSလူနာဆောင်ဘက်ရောက်တိုင်း ကိုသက်ပိုင်ကို ကျွန်မဝင်ကြည့်တတ်ပါတယ်။ သူ့ကိုယ်ပေါ်သွင်းထားတဲ့ သွင်းဆေးတွေ အဆင်မပြေတဲ့အခါ အကြောထပ်ရှာပြီး ဆေးသွင်းပေးဖို့ ကျွန်မကို သူတောင်းဆိုတတ်ပါသေးတယ်။ သူ့ဝေဒနာတွေ သိပ်မသက်သာပေမယ့် သူ့မျက်လုံးအကြည့်တွေမှာတော့ မျှော်လင့်ချက်တချို့နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတစ်ချို့ ပြည့်နှက်နေခဲ့တယ်။

ကိုသက်ပိုင် တော်ရုံမသေနိုင်သေးဘူးဆိုတာ ကျွန်မသိလိုက်ပါတယ်။ သူ မြန်မြန်ဆန်ဆန် မသေနိုင်သေးပါဘူး။

အလုပ်သင်တာဝန်ပြီးဆုံးပြီး ကျောင်းပြီးသွားချိန်မှာ နယ်မြို့လေးတစ်မြို့ဆီ ကျွန်မတာဝန်ကျ ပြောင်းရွေ့ခဲ့ရတယ်။ ဆေးဖြတ်သင်တန်းကျောင်းတစ်ခုမှာ အချိန်ပိုင်းဆရာမအဖြစ် ကျွန်မတာဝန်ကျခဲ့တယ်။ ဆေးမှုကျူးလွန်ခဲ့သူတွေနဲ့ ဆေးစွဲကြောင်းဝန်ခံသူတွေကို ဆေးမြန်မြန်ဖြတ်နိုင်ဖို့ ပညာပေးလေ့ကျင့်မှုတွေ၊ စည်းရုံးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်။ ဆေးဖြတ်သင်တန်းကျောင်းကို ဆိတ်ငြိမ်လှပတဲ့နေရာမှာ တည်ထားပါတယ်။ ညနေခင်း သင်တန်းကျောင်းသွားတိုင်း ကျွန်မလမ်းလျှောက်ပြီးသွားခဲ့တယ်။ လှပတဲ့သစ်တောအုပ်လေးထဲ ဖြည်းဖြည်းမှန်မှန်နဲ့ ကျွန်မလမ်းလျှောက်ပြီးသွားခဲ့တယ်။

ဆောင်းဦးကာလတစ်ခု သင်တန်းကျောင်းမသွားခင်ညနေပိုင်းမှာ အရင်က အလုပ်တူတူလုပ်ခဲ့ဖူးတဲ့ နပ်စ်ဆီက စာတစ်စောင်ကို ကျွန်မလက်ခံရရှိခဲ့တယ်။ စာထဲမှာ ကိုသက်ပိုင်ဆုံးသွားပြီဆိုတဲ့ သတင်းပါတယ်။ ကိုသက်ပိုင်ဟာ သေဆုံးချိန်မှာ မငုဝါရဲ့လက်ကိုကိုင်ပြီး ဖြေးညှင်းသာသာ သေဆုံးသွားပါတယ်တဲ့။ ရုပ်ရှင်ကားတွေထဲကလို့ မေ့မြောရာက အသက်ကုန်သွားသလိုပါပဲလို့ ဆိုထားတယ်။ တခြား AIDSရောဂါဝေဒနာရှင်တွေလို Kaposi'sရည်ကြည်ဖုတွေ ကွဲထွက်ပြီး သွေးထွက်တာမျိုး နောက်ပြီး ရောဂါဖောက်တဲ့လက္ခဏာမျိုးလည်းမပြဘဲ ငြိမ်ငြိမ်သက်သက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ စာအိတ်ကို အသာအယာပြန်ပိတ်ရင်း ကျွန်မ သက်ပြင်းတစ်ချက် တိုးတိုးလေးချမိတယ်။ ခရီးဝေးသွားမယ့် မိတ်ဆွေတစ်ဦးကို လိုက်ပို့လိုက်ရသလို စိတ်ထဲမှာ ဝမ်းနည်းသလိုလို၊ သတိရသလိုလိုနဲ့ တောင်းဆုတွေအများကြီး ပေးပို့မိတယ်။

ဆေးဖြတ်သင်တန်းခန်းထဲရောက်တော့ ငယ်ရွယ်နုပျိုတဲ့၊ ခေါင်းမာတဲ့၊ အလျင်စလိုကြီးပြင်းချင်ပြီး ခလုတ်တစ်ချက်တိုက်ရုံနဲ့ လဲကျနိုင်မယ့်မျက်နှာတွေနဲ့ ရင်ဆိုင်ရပြန်တယ်။ စတိတ်စင်ပေါ်တက်ပြီး သင်ကြားညွှန်ပြရမယ့်သင်ရိုးစာအုပ်ထူထူကို လှန်လျောရင်း မြေဖြူတစ်ခဲကို ကျွန်မလှမ်းယူလိုက်တယ်။ ပြီးတော့ ကျောက်သင်ပုန်းပေါ်မှာ ဒီနေ့ပြောမယ့် ခေါင်းစဉ်ကိုချရေးဖို့ပြင်လိုက်ချိန် မျက်ထောင့်တစ်နေရာမှာ မထင်မှတ်တဲ့ ဆောင်းဦးရဲ့အရိပ်တချို့လာထင်ဟပ်တယ်။ ကိုသက်ပိုင်ငေးကြည့်ခဲ့ဖူးတဲ့ ဆောင်းဦးရဲ့ ကောင်းကင်က ပြာလဲ့လဲ့အတိုင်းရှိနေဆဲပဲ။ မေဘယ်လ်ရွက်လေးက နီရဲရဲရှိနေတုန်းပဲ။ သစ်ကိုင်းအေးစက်စက်ပေါ်မှာ စာကလေးတွေ စိုစီစိုစီ အော်မြည်နေဆဲပဲ....

ကိုသက်ပိုင်ကို ရုတ်တရက်သတိရလိုက်မိပြီး ကျွန်မပြုံးမိတယ်။ မြေဖြူခဲကိုပစ်ချပြီး သင်ရိုးစာအုပ်ထူထူကို ပစ်ချလိုက်တယ်။ အဲဒီနောက် သင်တန်းသားဘက်လှည့်ပြီး ကျွန်မ မေးလိုက်တယ်။

"မင်းတို့ထဲက ချစ်သူကောင်မလေးရှိတဲ့လူတွေ လက်မြှောက်ပါ..."

ကျွန်မအမေးကို သင်တန်းသားတွေအံ့သြဟန်ပြပေမယ့် အားလုံး လက်မြှောက်ကြတယ်။

"ကျေးဇူးတင်ပါတယ်.. လက်ပြန်ချပါ... မင်းတို့ထဲက ကိုယ့်ချစ်သူကောင်မလေးကို တကယ်ချစ်တယ်ဆိုတဲ့ လူတွေလက်မြှောက်ပါ..."

အခန်းတစ်ခုလုံး ခဏလောက် ငြိမ်ကျသွားတယ်။ ကျိုးကျဲကျိုးကျဲ လူတချို့ ညာလက်မြှောက်တာကို တွေ့လိုက်တယ်။

ကျွန်မပြုံးမိပါတယ်။ ပြီးတော့ နုငယ်ပျိုမျစ်တဲ့ သင်တန်းသားတစ်သိုက်ကို ကိုသက်ပိုင်ရဲ့အကြောင်း ပြောပြဖြစ်တယ်။ ကလန်ကဆန်နဲ့ ပြောစကား နားမထောင်တတ်သူတချို့ရဲ့ မျက်လုံးအိမ်ထဲမှာတောင် မျက်ရည်တွေဝဲသီနေတာကို ကျွန်မတွေ့လိုက်မိတယ်။

ပြတင်းပေါက်အပြင်ဘက်က နောက်ဆုံးလက်ကျန် မေဘယ်လ်ရွက်လေးကိုကြည့်ရင်း သူ့ဇာတ်လမ်းကို တစ်ချိန်ကတစ်ကြိမ်လဲကျခဲ့ဖူးသူတွေကို ပြန်ပြောပြနေတဲ့ကျွန်မကို ကိုသက်ပိုင်တစ်ယောက် စိတ်မဆိုးလောက်ဘူးလို့ ကျွန်မထင်မိပါတယ်။


ပြီးပါပြီ


ဒီဇင်ဘာ ၁ရက် ကမ္ဘာ့AIDS တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရင်း...

http://blog.yam.com/jdct/article/14805632ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။ ဖတ်ရလွယ်ကူအောင် နာမည်တွေကို ပြောင်းလဲထားပါတယ်။ နာမည်တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့...

နိုင်းနိုင်းစနေ (Thursday, December 02, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။