#သူဌေးသမီးရဲ့မာန
ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ဟာ သူ့အလုပ်ရှင်သူဌေးရဲ့ သမီးကို ကြိတ်ပြီး ကြိုက်နေတယ်။ ချစ်စိတ်ကို မမြိုသိပ်နိုင်တော့တဲ့ တနေ့မှာ သူက အမျိုးသမီးကို ချစ်ရေးဆိုလိုက်ပါတယ်။ အမျိုးသမီးလေးက သူ့ကို ခုလို ပြန်ပြောလိုက်တယ်။
- "ရှင် အခုရနေတဲ့ လခတစ်လစာဟာ ကျွန်မအတွက် တနေ့အသုံးစရိတ်ပဲ ရှိတယ်ရှင့်။ ရှင့်လို အဆင့်အတန်းနဲ့ လူကို ကျွန်မလက်ထပ်လိုက်ရင် ကျွန်မ တသက်လုံး ဆင်းဆင်းရဲရဲ နေသွားရမှာပေါ့။ ဒီတော့ ကျွန်မ ရှင့်ကို တစ်ခု အကြံပေးလိုက်မယ်။ ကျွန်မကို ချစ်နေမယ့်အစား ရှင်နဲ့ အဆင့်အတန်းချင်းတူတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာပြီး ချစ်လိုက်စမ်းပါ"
သူ အတော်ကြီးကို ရှက်သွားတယ်။ နောက်တနေ့မှာ အလုပ်က နူတ်ထွက်သွားတယ်။ ဒါပေမဲ့ သူဟာ အမျိုးသမီးကို မမေ့နိုင်ဘဲ အမြဲသတိရနေတယ်။
၁၀ နှစ်ကြာသွားပြီ။ သူနဲ့ အဲဒီအမျိုးသမီးတို့ ကုန်တိုက်ကြီး တစ်ခုထဲမှာ ဈေးဝယ်ကြရင်း မမျှော်လင့်ဘဲ ဆုံတွေ့ကြတယ်။ သူက အမျိုးသမီးကို စမခေါ်ရဲလို့ ကြည့်နေလိုက်တယ်။ အမျိုးသမီးက သူ့ကို ဝမ်းသာအားရနဲ့ ခုလို ပြောလိုက်တယ်။
- "အော်၊ ရှင်ကိုး။ နေကောင်းရဲ့လား။ ကျွန်မ အခုလက်ထပ်ပြီးပြီရှင့်။ ကျွန်မယောက်ျားက ကုမ္ပဏီတစ်ခုက မန်နေဂျာလေ။ တစ်လကို လစာ ၁၀ သိန်းရနေတယ်ရှင့်။ ဒါနဲ့ ရှင်ကော အခု ဘာလုပ်နေလဲ"
အမျိုးသားဟာ စကားပြန်ပြောဖို့ ပြင်လိုက်ချိန်မှာ အမျိုးသမီးရဲ့ ယောက်ျားဟာ သူတို့အနားကို ရောက်လာတယ်။ သူတို့ကို မြင်လိုက်တော့ ယောက်ျားက ခုလို ပြောလိုက်တယ်။
- "အချစ်ရေ၊ သူနဲ့ သိနေတယ်ဟုတ်လား။ အခု မောင်တို့ကုမ္ပဏီက ဆောက်ပေးနေတဲ့ သိန်းပေါင်း သောင်းချီတန်တဲ့ ကုန်တိုက်ကြီးကို သူပိုင်တာပေါ့။
ယောက်ျားက ခုလို ဆက်ပြောပြန်တယ်။
- "သူ အရင်က အမျိုးသမီးတစ်ယောက်ကို အရမ်းကြိုက်ခဲ့တယ်။ အဲဒီအမျိုးသမီးက သူ့ကို ပြန်မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ သူက အမျိုးသမီးကို မမေ့နိုင်လို့ အခုထိ အိမ်ထောင်မပြုဘဲ လူပျိုကြီးလုပ်နေတယ်။ သူကြိုက်တဲ့ အမျိုးသမီးသာ သူနဲ့ ရခဲ့ရင် ဘယ်လောက်များ ကံကောင်းလိုက်မလဲနော်"
အမျိုးသမီးဟာ စကားမပြောနိုင်ဘဲ တွေနေပါတယ်။ သူ ဘာတွေ စဉ်းစားနေပါလိမ့်။
လူတစ်ယောက်ရဲ့ အနာဂတ်ကို လက်ရှိအခြေအနေ ကြည့်ပြီး မဆုံးဖြတ်မိပါစေနဲ့။
အင်တာနက်မှာ ဖတ်ရတာလေးကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ Bamaw Thein Pe
၀၇-၀၄-၂၀၁၈

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။