ဗလီများ နိုင်ငံခြားထောက်ပံ့ငွေ ယူခြင်းအား ပိတ်ပင်သည့် ဥပဒေကို သြစတြီးယားပါလီမန်က အတည်ပြု
ဗီယင်နာ၊ ဖေဖော်ဝါရီ ၂၅
သြစတြီးယားနိုင်ငံ၌ ရာစုနှစ် တစ်ခုကျော်ကြာ ကျင့်သုံးခဲ့သည့် ၁၉၁၂ အစ္စလာမ်ဥပဒေအား အငြင်းပွားဖွယ် ပြင်ဆင်ထားသည့် ဥပဒေကို ပါလီမန်က အတည်ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
...

အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် ရည်ရွယ်ထားသည့် ဥပဒေအရ မွတ်ဆလင်များကို ဥပဒေရေးရာ အကာအကွယ်များ ပိုမိုပေးအပ်ထား သော်လည်း ဗလီများနှင့် ဘာသာရေး ခေါင်းဆောင်များ နိုင်ငံခြားထောက်ပံ့ငွေ လက်ခံရယူခြင်းကို ပိတ်ပင်ထားသည်။
ခရစ်ယာန်များနှင့် ဂျူးဘာသာများ အတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုကို ခွင့်ပြုထားချိန်တွင် မွတ်ဆလင်များ ထောက်ပံ့ငွေမယူရဟု ဖော်ပြထားခြင်းမှာ မတရားကြောင်း အချို့သော မွတ်ဆလင် အုပ်စုများက ကန့်ကွက်ထားသည်။
ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မွတ်လဆင်များအပေါ် မယုံကြည်မှုကို ဖော်ပြနေပြီး အဆိုပါဥပဒေကို အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းကာ ကန့်ကွက်မည်ဖြစ်ကြောင်း အချို့က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းနိုင်မှုမှာ သြစတြီးယားနိုင်ငံ အတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပြီး ငွေကြေးထောက်ပံ့မှုကို အသုံးပြုကာ မွတ်ဆလင်နိုင်ငံ အချို့က နိုင်ငံရေးသြဇာအာဏာ တည်ထောင်နေခြင်းကို ဥပဒေက ရပ်တန့်ပေးနိုင်မည်ဟု သြစတြီးယား ပြည်ထဲရေးဝန်ကြီး ကာ့ဇ် က မှတ်ချက်ပြုသည်။
“ပြည်ပကနေ လွှမ်းမိုးတာ၊ နိုင်ငံရေးအရ လွှမ်းမိုးတာတွေကို ကျွန်တော်တို့ အနေနဲ့ လျှော့ချချင်ပါတယ်။ ဥရောပ နှုန်းစံတွေနဲ့အညီ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း တွင်းမှာ အစ္စလာမ်ဝါဒဟာ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ လိုလားပါတယ်” ဟု ၎င်းကပြောကြားသည်။
အစ္စလာမ်ဥပဒေ ပြင်ဆင်ရန် လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေး အထိမ်းအမှတ်နေ့များကို ကာကွယ်ရန်၊ ဗလီဆရာများကို လေ့ကျင့်ပေးရန် စသည်တို့ကို ဖော်ပြ ထားသည်။
သို့သော်လည်း ယင်းဥပဒေကို ကမ္ဘာတစ်ဝန်းလုံးရှိ မွတ်ဆလင်များက ဝေဖန်လျက်ရှိပြီး သြစတြီးယားနိုင်ငံ လွတ်လပ်ခွင့်မှာ နှစ် ၁၀၀ ခန့် နောက်ဆုတ်သွားကြောင်း တူရကီ ဘာသာရေးရာ အကြီးအကဲ မတ်မတ်က ဝေဖန်လိုက်သည်။
သြစတြီးယား စုစုပေါင်းလူဦးရေ၏ ၆ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ပြီး ဦးရေအားဖြင့် ၅၀၀,၀၀၀ ခန့်ထိ ရှိကာ အများစုမှာ တူရကီနှင့် ဘော့စနီးယားအနွယ်ဝင် မွတ်ဆလင်များဖြစ်သည်။
၁၉၁၂ ခုနစ် ဥပဒေအရ အစ္စလာမ် ဘာသာကို သြစတြီးယားနိုင်ငံ၏ တရားဝင်ဘာသာအဖြစ် အသိအမှတ်ပြုခဲ့ပြီး လက်ရှိပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်မှာ အစ္စလာမ်ဘာသာကို ကိုင်တွယ်ဖြေရှင်း ရေးတွင် အခြားသော ဥရောပနိုင်ငံများ အတွက် စံပြ ဖြစ်လာနိုင်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။