19 December 2012 |By Good Health
သင့်မှာ နှင်းခူရောဂါရှိနေပါက အထူးဂရုပြု လိုက်နာဆောင်ရွက် သင့်တာတွေကို ရေးသားလိုက်
ပါတယ်။
ကိုယ်အပူချိန်ကို စောင့်ကြည့်ပါ
ဆောင်းရာသီမှာ အေးတာကြောင့် အရေပြား ခြောက်သွေ့တာကို ဖြစ်စေပြီး ယားယံစေပါတယ်။ နွေရာသီမှာ အပူချိန် အရမ်းမြင့် တာကြောင့် ချွေးထွက်ပြီး အရေပြား ယားယံတာကို ဖြစ်စေပါတယ်။ အိပ်တဲ့အခါ စောင်တွေ အထပ်ထပ် ခြုံပြီးအိပ်တာက ချွေးထွက်များစေ တာကြောင့် ရှောင်ရှားပါ။ လေ့ကျင့်ခန်း လုပ်ရာမှာလည်း ပြင်းပြင်း ထန်ထန်နဲ့ အချိန်ကြာကြာ လုပ်ဆောင်တာမျိုးကို ရှောင်ပါ။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ကြက်သီးနွေးရေနဲ့ ချိုးပေးပါ။
စိတ်ခံစားမှု ပြင်းပြင်းထန်ထန် မဖြစ်အောင် ကာကွယ်ပါ
လေ့လာမှုတွေအရ ကလေးငယ်တွေကို ကျီစားတာ၊ အနိုင်ကျင့်တာ၊ စိတ်ဖိစီးမှု ဖြစ်စေတာကြောင့် ညဘက်မှာ နှစ်ခြိုက်စွာအိပ်ပျော်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လေ့လာမှုတစ်ခုအရ ဒီလိုအပြုအမူတွေကို နှင်းခူရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေမှာ ပြုမူတဲ့အခါ နှင်းခူရောဂါလက္ခဏာတွေ ဆိုးဆိုးရွားရွား ပိုမိုခံစားရတာကို တွေ့ရပါတယ်။
နေရောင်ကာခရင်မ် အသုံးပြုပါ
နှင်းခူရှိသူတစ်ယောက်အနေနဲ့ နေလောင်တာကို ကာကွယ်နိုင်ဖို့ SPF 15 နဲ့ အထက်ရှိတဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးပါ။ နေလောင်ပါက သာမန်အ ရေပြားထက် ယားယံမှုကိုပိုဖြစ်စေတာ ကြောင့်ပါ။ မျက်နှာအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ နေရောင်ကာခရင်မ်ကို ခန္ဓာကိုယ် တစ်ကိုယ်လုံးကို လိမ်းပေးပါ။ မျက်နှာအတွက် ထုတ်လုပ်ထားတဲ့ နေရောင်ကာခရင်မ်တွေက သာမန်နေရောင်ကာ ခရင်မ်တွေထက် အရေပြား ယားယံမှု ကိုပိုမိုနည်းစေတာကြောင့်ပါ။ ဇင့်အောက်ဆိုက်နဲ့ တိုက်တေနီယံအောက်ဆိုက် ပါဝင်တဲ့ နေရောင်ကာ ခရင်မ်တွေက အရေ ပြား ယားယံမှုကို နည်းစေတာကြောင့် နှင်းခူရှိသူတွေအနေနဲ့ ရွေးချယ်ဝယ်ယူပြီး အသုံးပြုသင့်ပါတယ်။
ရေချိုးပေးပါ
အရေပြား သန့်ရှင်းရေးလုပ်ရာမှာ မပူလွန်းတဲ့ ကြက်သီးနွေးရေနဲ့ နေ့စဉ် ရေချိုးပေးပါ။ ရေချိုးပေးတာက အရေပြားကို သန့်စင်ပြီး အစိုဓာတ် ရရှိစေပါတယ်။ ဒါပေမဲ့ ရေကြာကြာချိုးတာက အသားအရေကို ခြောက်သွေ့စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
ကြေးချွတ်အားပြင်းသော ဆပ်ပြာရှောင်ပါ
ပိုးမွှားကြောင့် ဖြစ်တဲ့နှင်းခူရောဂါအတွက် ဆပ်ပြာအသုံးပြုပြီး ရေချိုးနိုင်ပါတယ်။ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာတွေက အသားအရေကို ခြောက်သွေ့စေတာကြောင့် သင့်တော်တဲ့ဆပ်ပြာကို ရွေးချယ်အသုံးပြုတတ်ဖို့ လိုပါတယ်။
အရေပြားကို ပွတ်တိုက်ခြင်းမှ ရှောင်ပါ
အရေပြားကို ပွတ်တိုက်ပြီး ကြေးချွတ်တာ၊ ရေချိုးပြီးတဲ့အခါ အရေပြားကို တဘက်နဲ့ ပွတ်တိုက် ပြီး ရေသုတ်တာမျိုးတွေ မလုပ်ဘဲ ရေကို တို့တို့ပြီး သုတ်ပါ။
မကုတ်ဖဲ့ပါနှင့်
အရေပြားယားယံတိုင်းမှာ ကုတ်တာ၊ ဖဲ့တာ၊ ပွတ်တာတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ပါက အရေပြား ယားယံတာနဲ့ ရောင်ရမ်းမှုကို ပိုဖြစ်စေတာကြောင့် ပါ။ ကုတ်ဖဲ့တာကြောင့် အရေပြားပွန်းပဲ့သွားပါက ပိုးဝင်တာတွေပါ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေရဲ့ လက်သည်း၊ ခြေသည်းတွေကို မကုတ်ခြစ်နိုင်အောင် တိုတို ညှပ်ထားပေးပါ။ အိပ်နေစဉ်မှာ ကုတ်ခြစ်တတ်သူဖြစ်ပါက ညအိပ်တဲ့အခါ လက်အိတ်စွပ်ပြီး အိပ်စက်ပါ။
အစိုဓာတ် ထိန်းပေးပါ
နှင်းခူမှာ အများဆုံးတွေ့ရတတ်တဲ့ ခြောက်သွေ့ပြီး ယားယံတတ်တဲ့ Atopic Dermititis ကို အစိုဓာတ်ထိန်းပေးဖို့က အဓိကပါ။ ရေနံဂျယ်လီ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် လိမ်းဆေးတွေ တစ်နေ့ကို သုံး၊ လေးကြိမ် လိမ်းပေးပါ။ လက်ဆေးပြီးတိုင်းမှာလည်း အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။
အဝတ်အစား ပွပွချောင်ချောင် ဝတ်ဆင်ပါ
နှင်းခူရောဂါရှိပါက အဝတ်အစား ဝတ်ဆင်ရာမှာ လေဝင်လေထွက်ကောင်းပြီး ပွပွချောင်ချောင်ချုပ်ထားတဲ့ ချည်သား အဝတ်အထည်တွေကိုသာ ဝတ်ဆင်ပါ။ နိုင်လွန်တွေ၊ ပိုးထည်တွေထက် ချည်သားက သက်သောင့်သက်သာရှိပြီး ယားယံမှုမဖြစ်အောင် ကာကွယ်နိုင်တာကြောင့်ပါ။ အဝတ်အစား လျှော်ဖွပ်ရာမှာ ဆပ်ပြာကုန်စင်အောင် လျှော်ဖွပ်ပြီးမှ ဝတ်ဆင်သင့်ပါတယ်။
ဓာတ်မတည့်မှုများကို ရှောင်ရှားပါ
သင့်မှာဖြစ်နေတဲ့ နှင်းခူက ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နှင်းခူရောဂါ မဟုတ်ပေမယ့်လည်း ဓာတ်မတည့်စေတဲ့ အရာတွေနဲ့ ထိတွေ့မိပါက နှင်းခူရောဂါ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူရှိသူတွေမှာ ဓာတ်မတည့်မှု အများဆုံးဖြစ်စေတာတွေက ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ဂျုံ၊ အက်စစ်ဓာတ် အနည်းငယ်ပါ တဲ့ ခရမ်းချဉ်သီးတွေပါ။ ဖုန်မှုန့်၊ မှိုတွေ၊ တိရစ္ဆာန်အညစ်အကြေးတွေ၊ ပန်းဝတ်မှုန်တွေက နှင်းခူလက္ခဏာတွေကို ပြန်လည် ထကြွလာစေပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင်၊ ဖြစ်နိုင်ရင် မထိတွေ့မိအောင် ရှောင်ရှားနိုင်ဖို့ လိုပါတယ်။
စိတ်ဖိစီးမှုကို လျှော့ချပါ
လူလတ်ပိုင်းနဲ့ ကလေးတွေမှာ စိတ်ဖိစီးမှုများတာက နှင်းခူရောဂါကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တဲ့ နှင်းခူအတွက် စိတ်ဖိစီးမှု လျှော့ချပေးတာ က ကုသမှုအတွက် အကောင်းဆုံးနည်းလမ်းပါ။ နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ဝါသနာပါရာတစ်ခုခုကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်တာတွေကို လုပ်ဆောင်ရင်း စိတ်ဖိစီးမှု လျှော့ ချနိုင်ပါတယ်။
ပျောက်ကင်းနိုင်မှု အလားအလာ
နှင်းခူရောဂါခံစားနေကြရတဲ့ ကလေးငယ်တွေရဲ့ တစ်ဝက်လောက်က ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါ သူ့ အလိုလို ပျောက်သွားတတ် ကြပါတယ်။ အများစုမှာ အရေပြားခြောက်သွေ့တာနဲ့ ယားယံတာလောက်သာ ကျန်နေတတ်ပြီး အနည်းစုသာ အရွယ်ရောက်တဲ့အထိ နှင်းခူအဖြစ် ဆက်လက်ဖြစ်ပွားနေ တတ်ပါတယ်။ အနည်းစုမှာ ရောဂါကုသပျောက်ကင်းမှု မရှိဘဲ နှင်းခူကို ဆက်လက်မတိုးပွားနိုင်အောင်ပဲ ထိန်းချုပ်ထားနိုင် ပါတယ်။ ဆောင်းရာသီလိုအချိန်မှာ တိုက်တတ်တဲ့ လေတွေက အေးမြပြီး ခြောက်သွေ့တာကြောင့် အရေပြားခြောက်သွေ့ကာ နှင်းခူ ရောဂါ ပြန်လည်ပေါ်လာတတ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။